Artificial Intelligence (AI) ဉာဏ်ရည်တုနည်းပညာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Artificial Intelligence (AI) ဉာဏ်ရည်တုနည်းပညာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / February 23, 2024

နေပြည်တော် ဖေဖော်ဝါရီ ၂၂
Artificial Intelligence (AI) ဉာဏ်ရည်တုနည်းပညာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ Artificial Intelligence (AI) ဉာဏ်ရည်တုနည်းပညာ နှင့်စပ်လျဉ်း၍ ဟောပြောမည့် ဒေါက်တာတင်ဘုန်းကျော်နှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
စက်ရုပ်များအသုံးပြု
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် တိုးတက်ပြောင်းလဲလာနေသော နည်းပညာများကို လိုက်ပါသိရှိပြီး လုပ်ငန်းစွမ်းဆောင်ရည်များ ကောင်းမွန်လာစေရန်ရည်ရွယ်၍ နည်းပညာဟောပြောပွဲကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ AI နည်းပညာသည် များစွာအသုံးဝင်ပြီး နိုင်ငံတကာ တွင် စက်ရုံ၊ အလုပ်ရုံများ၊ အိမ်အကူလုပ်ငန်း စသည့်ကဏ္ဍများ တွင် စက်ရုပ်များအသုံးပြုပြီး ဆောင်ရွက်နေကြကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူမှုဝန်ထမ်းကဏ္ဍမှ မွေးကင်းစမှအိုမင်းချိန်အထိ လူမှုရေးဝန်ဆောင်မှုများကို အဆင့်တိုင်းစနစ်တကျပေးနိုင်ရန် လူမှုဝန်ထမ်းမှ ဆောင်ရွက်နေသည့် Social Management Information System ကို အသုံးပြုနေသည့်အတွက် နောင်တွင် အလုပ်လုပ် ရာ၌ ပိုမိုတိကျမြန်ဆန်ပြီး လွယ်ကူလာနိုင်ကြောင်း။
လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်
ယခု အသိပညာပေးဟောပြော ပွဲမှနေ၍ အသိပညာများတိုးတက်ရရှိပြီး လုပ်ငန်းခွင်ကျွမ်းကျင် အောင်မြင်မှုရှိစေရန်၊ ပြောင်းလဲလာသည့် နည်းပညာအပေါ် လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ပေးနိုင်ရန် အဓိကလိုအပ်သည့်အတွက် ယခုကဲ့သို့သော နည်းပညာဟောပြောပွဲကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
မေးမြန်းဆွေးနွေး
ထို့နောက် ဒေါက်တာတင်ဘုန်းကျော်က စက်မှုတော်လှန်ရေးမှသည် ကွန်ပျူတာနှင့် သတင်းအချက်အလက် နည်းပညာအပါအဝင် AI နည်းပညာ၏ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှု၊ နည်းပညာကြောင့် ရရှိခံစားရနိုင်သည့် ကောင်းကျိုးများနှင့် ဘေးထွက်ဆိုးကျိုးများ၊ ဆန်းသစ် တီထွင်ဖန်တီးနိုင်စွမ်း ရှိလာမှု၊ အနာဂတ်တွင် လူသားထုအပေါ် နည်းပညာ၏ လွှမ်းမိုးလာနိုင်မှု များ စသည်တို့နှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာ သည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
အမှတ်တရလက်ဆောင်ပေးအပ်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ဒေါက်တာတင်ဘုန်း ကျော်အားအမှတ်တရလက်ဆောင် ပေးအပ်ပြီး ကျေးဇူးတင်နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်