Asia Pacific Joint Group (AP JG) မျက်နှာစုံညီ အစည်းအဝေးကျင်းပ

Asia Pacific Joint Group (AP JG) မျက်နှာစုံညီ အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / January 13, 2022
image_latest


နေပြည်တော် ဇန်နဝါရီ ၁၃

အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – AP JG) ၏ မြန်မာနိုင်ငံ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်ချက်များကို ဆွေးနွေးခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) နှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group-APG) အတွင်းရေးမှူးအဖွဲ့မှ ပုဂ္ဂိုလ်များနှင့် AP JG အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဉီးဆောင်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေးဉီးစီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် AP JG အဖွဲ့၏ Co chair ဖြစ်သူ အိန္ဒိယနိုင်ငံသား Mr. Yogpal Singh နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားရာတွင် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ် များကို ဖော်ထုတ်ခြင်းနှင့် ယင်းအန္တရာယ်များကို နားလည်စေရေးအတွက် ကြီးကြပ်ရေးအာဏာပိုင်များနှင့် ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခြင်း၊ ကုမ္ပဏီ အဖွဲ့အစည်းများ (Legal Persons) နှင့်စပ်လျဉ်းသည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်အကဲဖြတ်ရေးကော်မတီ ဖွဲ့စည်းခြင်း၊ ငွေရေး ကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား ရုံးထိုင်စစ်ဆေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးရေး အစီအမံများပြုလုပ်ခြင်း၊ ပြည်ပငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများကို လိုင်စင်ထုတ်ပေးမှုနှင့် ကြီးကြပ်စစ်ဆေးရေး ဆောင်ရွက်ထားရှိမှု၊ တရားမဝင် ငွေလွှဲလုပ်ငန်း ဆောင်ရွက်သူများကို အရေးယူဆောင်ရွက်မှု၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ငွေကြေး ခဝါချမှုဆိုင်ရာ ပြစ်မှုများကို ဖော်ထုတ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်ရာမှ ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများအား စီမံခန့်ခွဲမှုကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့်အညီ လူအများအပြား သေကျေစေသော လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် အသိပညာပေးရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)