COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှ ထုတ်ပေးမည့် ချေးငွေလျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း


Ministry of Information/ ​နေပြည်တော် / July 28, 2020
image_latest


၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းဝေး အမှတ်စဉ် ၆/၂၀၂၀ ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ဆက်လက်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်မှ COVID-19 Fund သို့ ကျပ် ၁၀၀ ဘီလီယံ ထပ်မံ ဖြည့်တင်းပေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ် ၂/၂၀၂၀ ကို ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ အဆိုပါလျာထားသည့် ရန်ပုံငွေအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ချေးငွေထုတ်ပေးရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။ အဆိုပါ ချေးငွေကို အထက်အပိုဒ် ၂ တွင် အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးသွားမည် ဖြစ်ပါသည်။

၄။ သို့ပါ၍ အထက်ပါ လုပ်ငန်းအမျိုးအစားများအနက် အောက်ပါအချက်များနှင့် အကျုံးဝင် ကိုက်ညီသော စီးပွားရေးလုပ်ငန်းများအနေဖြင့် ချေးငွေရယူ နိုင်ရေး လျှောက်ထားနိုင်ပါသည် -

(က) COVID-19နှင့် အမှန်တကယ်ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်း ဖြစ်ရမည်။

 (ခ) လက်ရှိ လည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည်သို့မဟုတ် ယခု ကြေညာချက်ထုတ်ပြန်သည့် နေ့မတိုင်မီ ယခင် ၅ လအတွင်းက ယာယီရပ်စဲထားသော်လည်း ချေးငွေရရှိပါက ချက်ချင်းပြန်လည် စတင်နိုင်သည့်လုပ်ငန်း ဖြစ်ရမည်။

(ဂ) ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/လုပ်ငန်း လိုင်စင်ရထားပြီးဖြစ်သည့် လုပ်ငန်းဖြစ်ရမည်။

(ဃ) လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ရမည်။

(င) ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသောအခြေအနေရှိသော လုပ်ငန်းဖြစ်ရမည်။

(စ) ချေးငွေအား ဝန်ထမ်းနှင့် လုပ်သားများ လစာပေးချေရန်နှင့် လက်ရှိလုပ်ငန်း လည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုမည့်ကုမ္ပဏီ ဖြစ်ရမည်။

(ဆ) ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် ကုမ္ပဏီမဖြစ်စေရ။ ကုမ္ပဏီမဟုတ်သော စီးပွားရေးလုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့အစည်းက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် စီးပွားရေးလုပ်ငန်းမဖြစ်စေရ။

( ဇ ) ဝင်ငွေခွန်/ ကုန်သွယ်ခွန်/ အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် ကုမ္ပဏီ ဖြစ်ရမည်။

(ဈ) ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေအား ပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်ရမည်။

(ည) ဘဏ်တစ်ခုခုမှ ချေးငွေရယူထားပြီးနောက် ပြန်လည်ပေးဆပ်ရန်ပျက်ကွက်လျက် ရှိသည့်လုပ်ငန်းများ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုကြောင့် ဘဏ်တစ်ခုခုက တရားစွဲဆိုခြင်း ခံထားရသည့်လုပ်ငန်းများ မဖြစ်စေရ။

(ဋ) COVID-19 Fund မှ ထုတ်ပေးသည့် ချေးငွေကို ယခင်က ရယူထားပြီးဖြစ်သည့် လုပ်ငန်းမဖြစ်စေရ။

( ဌ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများက လျှောက်ထားရာတွင် အောက်ပါအချက်များနှင့် ကိုက်ညီရမည် -

(၁) မိသားစု တစ်ပိုင်တစ်နိုင်/ဝမ်းစာအတွက် မဟုတ်ဘဲ စီးပွားဖြစ် ဆောင်ရွက်နေသောလုပ်ငန်းများ ဖြစ်ရမည်။

(၂) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူထားသည့်လုပ်ငန်း မဖြစ်စေရ။  (၃) အဆိုပါ စီးပွားရေးလုပ်ငန်း အမှန်တကယ် လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တင်ပြနိုင်သူ ဖြစ်ရမည်။

၅။ ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ချေးငွေရယူထားသည့် လုပ်ငန်းများအနေဖြင့် ချေးငွေပေးဆပ်မှုပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတို့မှ ချေးငွေရယူနိုင်ခြင်း မရှိစေရန် စီစဉ်သွားမည်။

၆။ ချေးငွေများကို သတ်မှတ်ထားသည့် ချေးငွေအတွက် အဆိုပြုလျှောက်လွှာ ပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အဆိုပြုလျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရန် ဖော်ပြထားသည့် စာရွက်စာတမ်းအချက်အလက်များ ပြည့်စုံစွာ ဖော်ပြရမည် ဖြစ်ပါသည်။ သတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီခြင်းမရှိသည့် လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါ။

၇။ လျှောက်လွှာများကိုအောက်ပါ ရုံး၊ ဌာနများတွင် ရယူနိုင်ပါသည် -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်မြို့။

(ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် အသင်းရုံးများ။

(ဂ) ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ။

(ဃ) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ။

၈။ လျှောက်လွှာများကိုအောက်ဖော်ပြပါ website များမှလည်း ထုတ်ယူနိုင်ပါသည် -

(က) www.mifer.gov.mm

(ခ) www.msme.gov.mm

(ဂ) www.dica.gov.mm

(ဃ) www.umfcci.com.mm

၉။ လျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၁၀ ရက်နေ့အတွင်း နေ့စဉ် ၀၉:၃၀ နာရီမှ ၁၆:၃၀ နာရီအထိ အောက်ပါနေရာများ၌ လက်ခံသွားမည် ဖြစ်ပါသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်။

( ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းရုံးများ။

၁၀။ အွန်လိုင်းမှ လျှောက်ထားလိုသူများအနေဖြင့် https://umfcci covid19loan.mitcloud.com သို့ ဝင်ရောက်၍ လျှောက်ထားနိုင်ပါသည်။

၁၁။ လျှောက်လွှာလက်ခံရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၀ ရက်နေ့ထက်ကျော်လွန် တင်ပြလာသည့် လျှောက်လွှာများအား လက်ခံဆောင်ရွက်ခြင်းပြုမည် မဟုတ်ပါ။

၁၂။ ချေးငွေလျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည့် အချက်များရှိပါက အောက်ဖော်ပြပါ ရုံး၊ ဌာနနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်။                  ၀၁-၂၃၁၄၃၄၃ , ၀၉၄၅၀၂၀၀၁၇ဝ၊

(ခ) ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု                                        ၀၁- ၆၅၈၁၂၁

ညွှန်ကြားမှုဦးစီးဌာန။                                                                               ၀၁ - ၆၅၈၁၃၁

(ဂ ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန။                                           ၀၉၅၁၅၃၉၄၆

၁၃။ COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် အပိုဒ်၂ ပါ ကဏ္ဍများမှ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ချေးငွေလျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ