Football for Schools နှင့် ကျောင်းဘောလုံးပြိုင်ပွဲများ ပူးပေါင်းကျင်းပရေး တွေ့ဆုံဆွေးနွေး
Football for Schools နှင့် ကျောင်းဘောလုံးပြိုင်ပွဲများ ပူးပေါင်းကျင်းပရေး တွေ့ဆုံဆွေးနွေး
Ministry of Information/ Naypyitaw / November 25, 2025
နေပြည်တော် နိုဝင်ဘာ ၂၄
FIFA Football for Schools အစီအစဉ်နှင့် ကျောင်းဘောလုံးပြိုင်ပွဲများအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သည့် လူငယ်ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က နိုဗိုတယ် ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်စောဦးနှင့် ဦးထိပ်ခွန်နောင်မြင့်ဝေ၊ အလုပ်အမှုဆောင် ဦးဝင်းသော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နိုင်ငံတော်အနေဖြင့် ဘောလုံးအားကစား အောင်မြင်တိုးတက်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အစဉ်တစိုက်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ ကာယဉာဏ တိုးတက်ကောင်းမွန်ရေးအတွက် ဘောလုံးအားကစားသည် များစွာအထောက်အကူဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က FIFA Football for Schools အစီအစဉ်နှင့် ကျောင်းများတွင် ဘောလုံးအားကစား ပိုမိုပြုလုပ်နိုင်ရေးဆိုင်ရာများကိုလည်းကောင်း၊ MFF ဥက္ကဋ္ဌက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ FIFA Foot-ball for Schools အစီအစဉ်အရ ပညာရေးဝန်ကြီးဌာနမှ နည်းပြ ဆရာဆရာမများအတွက် MFF မှ D License သင်တန်းနှင့် FIFA Application မှတစ်ဆင့် သင်ယူပို့ချရေး၊ ကျောင်းများအတွက် ဖီဖာမှဘောလုံးပံ့ပိုးမှုများ၊ ကျောင်းများတွင် ဘောလုံးအားကစား ကျယ်ပြန့်စွာဆောင်ရွက်ပြီး ထူးချွန်သူများ၊ ပါရမီရှင်များကို Regional Training Centre များ၊ အကယ်ဒမီများ၊ လူငယ်ပြိုင်ပွဲများမှတစ်ဆင့် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အဖြစ် အာဆီယံ၊ အာရှပြိုင်ပွဲများယှဉ်ပြိုင်၍ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားအထိ ရောက်ရှိရေးဆိုင်ရာများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဝန်ကြီးဌာနအနေဖြင့် လူငယ်ပြိုင်ပွဲများတွင် ပူးပေါင်းပါဝင်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများတွင် ပါဝင်ကူညီဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က လူငယ်ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက အထွေထွေဆွေးနွေးမှုများ ပြုလုပ်ကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းနှင့်ဓာတ်ပုံ-ကိုညီ
