Instructional Video ရိုက်ကူးရေး ဆရာဖြစ်သင်တန်းဖွင့်လှစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ကို လက်ခံတွေ့ဆုံ

Instructional Video ရိုက်ကူးရေး ဆရာဖြစ်သင်တန်းဖွင့်လှစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ကို လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / August 03, 2024
image_latest


နေပြည်တော် ဩဂုတ် ၂

Instructional Video ရိုက်ကူးရေးဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးတက္ကသိုလ် သင်တန်းခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ၊ Aller Aqua Group မှ တာဝန်ရှိသူများနှင့် Rain Media Company မှ သင်တန်းနည်းပြဆရာများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များအနေဖြင့် လယ်ယာသီးနှံသားငါးများကို စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံပိုလျှံရေးကို ရည်ရွယ်၍ တောင်သူများနှင့် လုပ်ငန်းရှင်များထံသို့ နည်းပညာများအသိပညာနှင့် သတင်းအချက်အလက်များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်စေရန်အတွက် Instructional Video များရိုက်ကူးပြီး တစ်နိုင်ငံလုံးလွှမ်းခြုံထားသည့် မိုဘိုင်းဖုန်းကွန်ရက်အသုံးပြု လူမှုမီဒီယာများမှတစ်ဆင့် ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

Social Media Platform မှ နည်းပညာဖြန့်ဝေရေးအတွက် Instructional Video များ ရိုက်ကူးပြသခြင်းသည် ရိုးရှင်းလွယ်ကူသောနည်းလမ်းဖြစ်ပြီး အချိန်တိုအတွင်း နည်းပညာပြန့်ပွားမှုအတွက် ထိရောက်မှုရှိခြင်း၊ ဘာသာစကားအခက်အခဲအတားအဆီးမရှိခြင်း၊ ရိုက်ကူးဖြန့်ဝေထားသော ဗီဒီယိုများကို မှတ်တမ်းအနေဖြင့်ထားရှိပြီး အကြိမ်ကြိမ်ပြန်လည်ကြည့်ရှုနိုင်ခြင်းစသည့် အားသာချက်များကြောင့် တောင်သူလယ်သမားများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်၍ သင်တန်းသူ သင်တန်းသားများအနေဖြင့် ကြိုးစားလေ့လာသွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာအချက်အလက်များကို တင်ပြသည်။

ဩဂုတ် ၂ ရက်မှ ၄ ရက်အထိ သုံးရက်ကြာကျင်းပမည့် Instructional Video ရိုက်ကူးရေး ဆရာဖြစ်သင်တန်းကို Aller Aqua Group က ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိဦးစီးဌာန၊ တက္ကသိုလ်များမှ သင်တန်းသား သင်တန်းသူ ၅၄ ဦးတို့တက်ရောက် လေ့လာလျက်ရှိကြောင်း၊ သင်တန်း တက်ရောက်ပြီးနောက် ဗီဒီယိုစုစုပေါင်း ၁၅၇ ခုကို သက်ဆိုင်ရာဌာနများက ဦးစားပေးအစီအစဉ်အလိုက် စီစဉ်ရိုက်ကူးဖြန့်ဝေခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ အမှုဆောင်အရာရှိချုပ် မစ္စတာအလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ နေပြည်တော်တွင် သဘာဝမြေဩဇာ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်ရေးစီမံကိန်းနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဆိုင်ရာလုပ်ငန်းများတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,