တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား လေ့လာခြင်း

Ministry of Cooperatives and Rural Development | Feb 27, 2023

မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နယ်နမိတ်ထိစပ်နေတဲ့အိမ်နီးချင်း တရုတ်နိုင်ငံဟာ တတိယဆင်းရဲနွမ်းပါးမှုမျဉ်းကို ၂၀၁၁ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ စတင်ကာ ရှစ်နှစ်ကြာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုကြောင့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျေးလက်နေ ဆင်းရဲနွမ်းပါးသူ ၉၈.၉၉ သန်း၊ ပြည်နယ်ပေါင်း ၈၃၂ပြည်နယ်နှင့် ဆင်းရဲနွမ်းပါးသော  ကျေးရွာပေါင်း ၁၂၈,၀၀၀ ကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေ၏ ငါးပုံ တစ်ပုံခန့်လူဦးရေရှိတဲ့ တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုကို အပြီးတိုင်ပပျောက်အောင် ဆောင်ရွက် နိုင်ခဲ့ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသည့် ကမ္ဘာ့ကုလသမ္မဂ ၂၀၃၀ အစီအမံတွင်ပါဝင်သော ဆင်းရဲမှုလျော့ချရေးပန်းတိုင်ကို ၂၀၃၀ခုနှစ် မရောက်မီ (၁၀)နှစ် စောလျင် စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဘာတွေဆောင်ရွက်ခဲ့လဲ၊ ဘယ်လိုမူဝါဒတွေနဲ့ ဆောင်ရွက်ခဲ့လဲဆိုသည်မှာ လွန်စွာစိတ်ဝင်စားစရာကောင်းပါတယ်။ စာရေးသူအနေနဲ့ အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး SOMRDPE+3 နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ချက်တွေကို ASEAN အစည်းအဝေးများနဲ့ အပြန်အလှန်လေ့လာရေး ခရီးစဉ်တွေမှာ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်တွေကို လေ့လာဖြစ်ခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ (၃ ဒသမ ၇) သန်း စတုရန်းမိုင် (စတုရန်း ကီလိုမီတာ (၉ ဒသမ ၆) သန်း) ရှိပြီး ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကာ နိုင်ငံ တစ်ဝန်း လူဦးရေ (၁.၄) ဘီလီယံ နေထိုင်လျက်ရှိရာ ကမ္ဘာ့လူဦးရေစစ်တမ်းအရ လူဦးရေအများဆုံး နိုင်ငံဖြစ်ပါတယ်။ ပြည်နယ် (၂၃)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ (၅)ခု၊ မြူနီစီပယ်အုပ်ချုပ်ရေးဒေသ (၄)ခုနှင့် အထူး အုပ်ချုပ်ရေးဒေသ (၂)ခုတို့ဖြင့် ပိုင်းခြားစီမံအုပ်ချုပ်လျက်ရှိပါတယ်။

ကာလအလိုက် ဆင်းရဲနွမ်းပါးမှုလျော့ချရေး အစီအစဉ်များ

၁၉၇၈ခုနှစ်တွင် ဆင်းရဲမှုတိုက်ဖျက်ရေးဆိုင်ရာအစီအစဉ်များ၊ စီမံချက်များ စနစ်တကျ ရေးဆွဲ ခဲ့ပြီး ၁၉၉၄ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ပြည်သူလူထုသန်း (၈၀)ကို ဆင်းရဲတွင်းမှ လွတ်ကင်းရေး (၇)နှစ် အစီအစဉ်၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိအား ရာစုသစ်ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တရုတ်နိုင်ငံကျေးလက်ဒေသများတွင် ဆင်းရဲမှု တိုက်ဖျက်ရေးကို မြှင့်တင်ဆောင်ရွက်နိုင်ရေးအစီအစဉ်များ ချမှတ်၍ တရုတ်နိုင်ငံ အမျိုးသားအဆင့် မဟာဗျူဟာ၏အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုအဖြစ် အလေးထားဆောင်ရွက်ခဲ့သည်ကို လေ့လာသိရှိရပါတယ်။ ဒီလိုကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်တဲ့အခါမှာ အခြေခံလူတန်းစားများ ပါဝင်လာအောင် အားပေးမြှင့်တင် ပြီး လူထုတစ်ရပ်လုံးပူးပေါင်းပါဝင်၍ ဒေသအလိုက် ဖွံ့ဖြိုးရေးရလဒ်ကို ရှေးရှုသည့် နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

၂၀၁၀ ပြည့်နှစ် မတိုင်မီ အခြေအနေများ

ကျေးလက်ဒေသပြုပြင်ပြောင်းလဲခြင်းကို ၁၉၇၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍကို အဓိကထား တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှစ၍ အလုပ်သမားအဖွဲ့များအား အထူးအကူအညီပေးခြင်း၊ ရန်ပုံငွေများချထားပေးခြင်း၊ အထူးအခွင့် အရေးပေးသည့်မူဝါဒများ ချမှတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ရာ ကျေးလက်ဒေသဆင်းရဲနွမ်းပါးသူဦးရေ ၁၂၅ သန်းမှ သန်း ၈၀ အထိ လျော့ကျသွားခဲ့ပါတယ်။

၁၉၈၆ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီအောက်ရှိ ဆင်းရဲမှုလျော့ချ ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဦးဆောင်အဖွဲ့(Leading Group for Poverty Reduction and Development –LGPR)အဖွဲ့အား စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံ၏ဆင်းရဲမှုလျော့ချရေးနှင့် သက်ဆိုင်သည့်လုပ်ငန်းများ အတွက် အဆင့်အမြင့်ဆုံးတာဝန်ပေးအပ်ထားသော အဖွဲ့အစည်းဖြစ်ပါတယ်။ LGPR အဖွဲ့အား ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့်အဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ဘဏ်များ အစရှိသော အဖွဲ့အစည်း(၁၆)ခုဖြင့် ချိတ်ဆက်ဖွဲ့စည်းထားရှိပြီး အဓိကလုပ်ငန်းတာဝန်များအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ဆင်းရဲမှုလျော့ချရေးဆိုင်ရာမူဝါဒနှင့် အစီအစဉ်များရေးဆွဲချမှတ်ခြင်း၊ ဆင်းရဲမှုလျော့ ချရေးဆိုင်ရာ ရန်ပုံငွေ ခွဲဝေသတ်မှတ်ခြင်း၊ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသောအဖွဲ့အစည်းများအကြား ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးခြင်းတို့ဖြစ်ပါတယ်။ [အဆိုပါအဖွဲ့အား (၂၅.၂.၂၀၂၁) ရက်နေ့တွင် အမျိုးသား အဆင့် ကျေးလက်ဒေသပြန်လည်ဆန်းသစ်ရေးစီမံခန့်ခွဲမှုအဖွဲ့ (National Rural Revitalization Administration- NRRA) အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်]။

၁၉၉၄ ခုနှစ်မှစတင်၍ ၇ နှစ်အတွင်း လူဦးရေ သန်း ၈၀ ဆင်းရဲတွင်းမှ လွတ်မြောက်စေရေး အစီအစဉ်အရ လူ၊ ပစ္စည်းနှင့် ဘဏ္ဍာအရင်းအမြစ်တို့ကိုစုစည်းပြီး လူတန်းစားအလွှာစုံ၏အင်အားကို ရယူ၍ ဆင်းရဲသောစီရင်စုများ ရွေးထုတ်သတ်မှတ်ကာ ဒေသအစိုးရများအား ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးတာဝန်များပေးအပ်ခြင်း၊ မူဘောင်များချမှတ်ခြင်း၊ ဌာနအလိုက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်မှုများမြှင့်တင်ခြင်း၊ ရန်ပုံငွေ တိုးမြှင့်ပေးခြင်း၊ အခွန်လျှော့ချခြင်း စသည်တို့အပါအဝင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနည်းလမ်းအမျိုးမျိုးကို စမ်းသပ်ဆောင်ရွက်ခဲ့ရာ ၂၀၀၀ ပြည့်နှစ်တွင် စီမံကိန်း ရည်မှန်းချက် ပြည့်မီခဲ့တာတွေ့ရသည်။

၁၉၉၇-၂၀၀၁ ခုနှစ်အတွင်း စစ်တမ်းများအရ အိမ်ထောင်စုပေါင်း ၃၀ ဒသမ ၇ သန်းခန့်နှင့် လူပေါင်း ၁၂၅ သန်းကျော် အကျိုးခံစား ရရှိခဲ့ပြီး အလုပ်သမား ၁၇ဒသမ ၂၄ သန်းကို အလုပ်အကိုင် ရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။ နိုင်ငံရေး တည်ငြိမ်မှုနှင့် စီးပွားရေး အလျင်အမြန် တိုးတက်မှုတို့သည်လည်း အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။

၂၀၀၁-၂၀၁၀ ပြည့်နှစ်အတွင်း ဆောင်ရွက်ခဲ့သော ရာစုသစ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်အရ ဆင်းရဲနွမ်းပါးသောစီရင်စုများအတွက် အတိုးနှုန်းနည်းသည့် ချေးငွေများ ချထား ပေးခြင်း၊ ရွာပေါင်း ၁၅၀,၀၀၀ ခန့်ကို ဦးတည်သည့်စီမံချက်၊ လေ့ကျင့်ပေးသည့်သင်တန်းများနှင့် လယ်သမားများအတွက်မူဝါဒနှင့် သက်သာချောင်ချိရေးအစီအစဉ်များ ဆောင်ရွက်ပေးခဲ့ရာ နှစ်ပေါင်း ၃၀ ကျော်အတွင်း တရုတ်ပြည်သူ သန်းပေါင်း ၇၀၀ကျော်ကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် မြှင့်တင်ပေးနိုင်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် National Rural Revitalization Administration-NRRA မှ တိုက်ရိုက်ကွပ်ကဲသော အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (International Poverty Reduction Centre in China-IPRCC)ကို  စတင်ဖွဲ့စည်းခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကမ္ဘာလုံး ဆိုင်ရာဆင်းရဲမှုလျော့ချရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ဆင်းရဲမှု လျော့ ချရေးဆိုင်ရာ အတွေ့အကြုံများကို အခြေခံ၍ ဖွံ့ဖြိုးဆဲနိုင်ငံများအား ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ငွေကြေးနှင့် နည်းပညာအကူအညီများပံ့ပိုးခြင်းတို့ကို အဓိက လုပ်ငန်းတာဝန်များအနေဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၀ ခုနှစ် နောက်ပိုင်းဆောင်ရွက်ချက်များ

၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့က ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးသည့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်ဆောင်ရွက်မှု အခြေအနေများကို အသေးစိတ် စိစစ်ခဲ့ကြပြီး “တရုတ်နိုင်ငံကျေးလက်ဒေသများတွင် ဆင်းရဲမှုတိုက်ဖျက်ရေးကို မြှင့်တင် ဆောင်ရွက်နိုင်ရေးအစီအစဉ်”အရ ၂၀၁၄ ခုနှစ်တွင် Online Database ဖြင့် နိုင်ငံတစ်ဝန်းရှိ ဆင်းရဲ နွမ်းပါးသော လူဦးရေအချက်အလက်များအား စစ်တမ်းကောက်ယူခဲ့သည်။ ထိုသို့ စစ်တမ်းရယူနိုင်ရန် ပြည်နယ်အားလုံးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ဝန်ထမ်းပေါင်း (၈၀၀,၀၀၀) ခန့် စေလွှတ် ခဲ့ရပြီး ၂၀၁၅ ခုနှစ်၊ ဩဂုတ်လမှ ၂၀၁၆ခုနှစ်၊ ဇွန်လအတွင်း ဒုတိယအကြိမ်မှတ်တမ်းတင်နိုင်ရန် ဝန်ထမ်းပေါင်း (၂)သန်းခန့်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်တမ်းကောက်ယူထားရှိ ခြင်းသည်လည်း ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေတာ တွေ့ ရသည်။

၂၀၁၅ ခုနှစ်၊ “၂၀၂၀ ပြည့်နှစ် ဆင်းရဲနွမ်းပါးမှုအား အပြီးသတ်တိုက်ဖျက်ရေးလမ်းစဉ် ကို ချမှတ်ခဲ့ပြီး ဆင်းရဲနွမ်းပါးကျေးလက်နေပြည်သူများအား လုံလောက်သောအစားအစာနှင့် အဝတ် အထည်များ ထောက်ပံ့ပေးရေး၊ မသင်မနေရ ပညာရေးနှင့် အခြေခံဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု များနှင့် အိုးအိမ်တည်ဆောက်ပေးရေး၊ ဆင်းရဲသည့်ဒေသများရှိ ဆင်းရဲသူများ၏တစ်နေ့ဝင်ငွေ ပမာဏသည် နိုင်ငံမှသတ်မှတ်ထားသည့် ပျမ်းမျှဝင်ငွေနှုန်းထက် ပိုမိုမြင့်မားနိုင်စေရေး၊ ဆင်းရဲနွမ်းပါး သည့်ဒေသများတွင် အခြေခံလူထုဝန်ဆောင်မှုလုပ်ငန်း ညွှန်းကိန်းများသည် နိုင်ငံ၏ သတ်မှတ်ပျမ်းမျှ နှုန်းအား ပြည့်မီစေရေး၊ လက်ရှိသတ်မှတ်ထားသည့် ဆင်းရဲမှုနှုန်းအောက် ရောက်ရှိနေသည့် ဆင်းရဲ နွမ်းပါးသူများကို ဆင်းရဲမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသတွင်းဆိုင်ရာ ဆင်းရဲနွမ်းပါးမှု ပြဿနာများကို ဖြေရှင်းပေးနိုင်စေရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။

ကွန်မြူနစ်ပါတီဗဟိုကော်မတီအောက်ရှိ ဦးစီးဌာနများနှင့် ဗဟိုအစိုးရတို့အား ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ပေါင်းစပ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပြီး စီရင်စုများ၏အစိုးရများနှင့် တရုတ်ကွန်မြူနစ်ပါတီ (Communist Party of China-CPC) ကော်မတီ များကို ဦးဆောင်နိုင်ရန် စွမ်းဆောင်ရည်ပြည့်ဝသော ခေါင်းဆောင်များကို ရွေးချယ်တာဝန်ပေး အပ်ခဲ့တာ တွေ့ရသည်။

Made in China - MIC 2025

လက်ရှိတွင် တရုတ်နိုင်ငံ၏ ပြည်ပနိုင်ငံများအပေါ် နည်းပညာကို မှီခိုမှုလျော့ချရန်နှင့် ဈေးကွက်၌ ပြည်တွင်း တရုတ်နည်းပညာထုတ်လုပ်သူများကို တိုးမြှင့်ရန်အတွက် “Made in China 2025” မဟာဗျူဟာကို စတင်လျက်ရှိပြီး ယင်းမှာ ၂၀၁၅ ခုနှစ်၊ မတ်လကတည်းကပင် စတင် အဆိုပြုခဲ့သည့် အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်တစ်ခု ဖြစ်ပါတယ်။ အဓိကရည်မှန်းချက်မှာ တရုတ်နိုင်ငံတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက်ဖြစ်ပြီး အဓိကအားဖြင့် အမေရိကန်၏ လွှမ်းမိုးမှုကို လျော့ချရန်၊ Artificial Intelligence(AI)နည်းပညာများ၊ Fifth Generation Technology(5G)၊ အာကာသနည်းပညာ(Aerospace)၊ Semiconductor၊ ဇီဝနည်းပညာ စသော နည်းပညာရပ်များ ဖွံ့ဖြိုးလာစေခြင်းဖြင့် အမှီအခိုကင်းစွာရပ်တည်နိုင်ရန်၊ နိုင်ငံတွင်း လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများမှ အပြိုင်အဆိုင်ထုတ်လုပ်နိုင်ပြီး ဈေးကွက်သေချာမှုရရှိစေရန် တို့အတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကြောင့်ပင် အစိုးရက နည်းပညာကုမ္ပဏီများကို ငွေကြေး အထောက်အပံ့ အများဆုံးပေးလျက်ရှိပြီး စွမ်းအင်ကုမ္ပဏီများကိုလည်း အများအပြား ထောက်ပံ့ပေး လျက်ရှိတာ တွေ့ရပါတယ်။

မူဝါဒပိုင်းအနေဖြင့် “(၁၃)ကြိမ်မြောက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ် ၂၀၁၆-၂၀၂၀” ကို ချမှတ်ခဲ့ပြီး အခြားဆက်စပ်မူဝါဒရေးရာ စာရွက်စာတမ်းနှင့် အကောင်အထည်ဖော်ရမည့်စီမံချက် ၁၁၈ ခုကိုလည်း ပြဌာန်းခဲ့ပါတယ်။ ဒေသအစိုးရများမှလည်း ဒေသခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး၊ ဆင်းရဲ နွမ်းပါးသည့်ဒေသမှလူများကို ပြန်လည်နေရာချထားခြင်း၊ အလုပ်သမားများအား အလုပ်အကိုင် အသစ်များ ရှာဖွေပေးခြင်း၊ ပို့ဆောင်ရေးအခြေခံအဆောက်အအုံများ တိုးတက်စေခြင်း၊ ရေရရှိရေး ဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် ငွေရေးကြေးရေး အကူအညီများ ပေးခြင်း၊ အိမ်ဟောင်းများ ပြန်လည်တည်ဆောက်ပေးခြင်းစသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမူဝါဒများကို ချမှတ်ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

ဆင်းရဲမှုလျော့ချရေးအတွက် ငွေကြေးထောက်ပံ့မှု အရှိန်ကို မြှင့်တင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အထူးရန်ပုံငွေအနေဖြင့် ပထမအကြိမ် ယွမ်ငွေ ၁၀၀ ဘီလီယံကျော် လျာထားခဲ့ပါတယ်။ ဒေသအစိုးရချေးငွေအနေဖြင့် ယွမ်ငွေ ၆၀ ဘီလီယံခန့်ကို အလွန်အမင်း ဆင်းရဲ နွမ်းပါးသောဒေသများအတွင်း လူနေမှုအဆင့်အတန်းနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရန် ထောက်ပံ့ ပေးခဲ့တာကို လေ့လာသိရှိရပါတယ်။ ဆင်းရဲနွမ်းပါးသည့် ဒေသရှိ လူများအား ပြန်လည်နေရာချထား ရေးအတွက် ယွမ်ငွေ ၂၅၀ ဘီလီခန့်ကို ထောက်ပံ့ပေးရန်ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် အသေးစားချေးငွေချထားပေးနိုင်မှု ပမာဏမှာ ၁၇၀ ဒသမ ၆ ဘီလီယံ ယွမ်အထိ တိုးလာခဲ့ပြီး စုစုပေါင်း ၂၈၃ ဒသမ ၃ ဘီလီယံ အထိပင် ရောက်ရှိခဲ့သည်။ အသေးစားချေးငွေသည် ဆင်းရဲသည့် မိသားစုပေါင်း ၈ ဒသမ ၀၂ သန်း ခန့်ကို အကျိုးပြုနိုင်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။  

လူထုအင်အားပါဝင်လာအောင် စည်းရုံးဆောင်ရွက်ရာတွင် နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်း ဒေသများအကြား ဆင်းရဲမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားစနစ်အား အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ပါတယ်။ ဖွံ့ဖြိုးသောအရှေ့ပိုင်းဒေသများ၊ စည်ပင်သာယာရေးအဖွဲ့များ နှင့် အဓိကမြို့တော်များမှ အနောက်ပိုင်းဒေသရှိ မဖွံ့ဖြိုးသေးသောဒေသများကို အကူအညီပေးရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပုဂ္ဂလိကကုမ္ပဏီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ် တစ်ဦးချင်း တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ အစိုးရမဟုတ်သော ဖွံ့ဖြိုးရေးဆောင်ရွက်နေသူများ အနေဖြင့် ဆင်းရဲနွမ်းပါးသောကျေးရွာများနှင့် အိမ်ထောင်စုများအား အကူအညီပေးရာတွင် အစိုးရ ဝန်ထမ်းများ၊ ပရဟိတဆောင်ရွက်သူများနှင့်ပူးပေါင်း၍ အတူလက်တွဲ အကောင်အထည်ဖော်ရေး တို့ကို ဆောင်ရွက်ကြပါတယ်။

အောက်တိုဘာလ (၁၇)ရက်နေ့ကို “ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနေ့”အဖြစ် သတ်မှတ်ပြီး ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ကြိုးပမ်းမှု၊ ကူညီထောက်ပံ့မှု၊ ဆန်းသစ်ပြောင်းလဲမှုစသော စွမ်းစွမ်း တမံဆောင်ရွက်မှုများအတွက် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသည်။ ထိရောက်မှု အတိုင်းအတာ၊ ကြိုးပမ်း လှုပ်ရှားမှု၊ ရန်ပုံငွေအသုံးပြုမှုတို့ကို အဓိကထားစိစစ်ပြီး အကဲဖြတ်ခြင်း၊ စာရင်းစစ်ဆေးခြင်းနှင့် အများပြည်သူမှကြီးကြပ်ခြင်း စသည်တို့မှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလှုပ်ရှားမှုများ၏ စွမ်း ဆောင်ရည်ကို အကဲဖြတ်ခြင်းဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် တိကျထိရောက်သောလုပ်ဆောင်မှုတစ်ခုမှာ ကျေးရွာများ သို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့များ စေလွှတ်ခြင်းဖြစ်ပါသည်။ လုပ်ငန်းအဖွဲ့ဝန်ထမ်းများက အိမ်ထောင်စုများ၏ လိုအပ်ချက်ကိုဖော်ထုတ်ရပြီး ၎င်းတို့နှင့်အတူ ဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲကာ အထောက်အပံ့ဖြစ်စေသည့်ရင်းမြစ်များအား ပေါင်းစပ်ညှိနှိုင်းပေးသည့်နည်းဖြင့် ဆောင်ရွက်သည်ကို တွေ့ရပါတယ်။

အောင်မြင်မှုအတိုင်းတာကို ကြည့်မည်ဆိုလျှင် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း အပြည်ပြည် ဆိုင်ရာဆင်းရဲနွမ်းပါးမှုမျဉ်းအရ လူဦးရေ ၈၅၃ သန်းခန့်ကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့ပြီး အလွန်အမင်းဆင်းရဲနွမ်းပါးမှုနှုန်းကို ၈၈ ရာခိုင်နှုန်းမှ ၁ ဒသမ ၈၅ ရာခိုင်နှုန်းသို့ လျော့ကျစေခဲ့တာ တွေ့ရမည်ဖြစ်သည်။ ၁၉၈၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း ပထမဆင်းရဲနွမ်းပါးမှုမျဉ်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်းတွင် ဒုတိယဆင်းရဲနွမ်းပါးမှုမျဉ်း၊ ၂၀၂၀ ပြည့်နှစ်တွင် တတိယဆင်းရဲနွမ်းပါးမှု မျဉ်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို လေ့လာသုံးသပ်ခြင်းဖြင့် အောက်ဖော် ပြပါ အဓိကအချက်များကို တွေ့ရှိခဲ့ရပါသည်-

(၁)     တရုတ်နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်ခြင်း၊

(၂)     ဆင်းရဲတဲ့ဒေသ၊ ဆင်းရဲတဲ့အိမ်ထောင်စုများကို စိစစ်ခြင်း၊ စာရင်းဖော်ထုတ် ရွေးချယ် သတ်မှတ်ပြီး ဆောင်ရွက်နိုင်ခြင်း၊

(၃)     ချမ်းသာပြီး ဖွံ့ဖြိုးတဲ့ဒေသရှိ ဌာနဆိုင်ရာများ/ ပုဂ္ဂလိက/ NGOများ/ အဖွဲ့အစည်းများမှ ဆင်းရဲပြီး မဖွံ့ဖြိုးသေးတဲ့ ဒေသများကို ချိတ်ဆက်ကူညီပံ့ပိုးမှုရှိခြင်း၊

(၄)     စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိခြင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်း၊ စိုက်ပျိုးမွေးမြူ ရေး အောင်မြင်ခြင်း၊

(၅)     ပြည်တွင်းလက်နက်ကိုင်အဖွဲ့များ မရှိခြင်း၊

(၆)     တာဝန်ရှိတဲ့ဝန်ထမ်းများကို သတ်မှတ်ဒေသတွေမှာ နှစ်ရှည်/ နှစ်လတ် အချိန်ပေးပြီး ၎င်းဒေသရဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ရန်များ၊ အစီအမံများ

          ဖော်ထုတ် စီမံဆောင်ရွက်ပေးရန် စေလွှတ်ခြင်း၊

(၇)     ဆင်းရဲမှုအပြီးတိုင်တိုက်ဖျက်ရေးမူဝါဒချမှတ်ပြီး နှစ်စဉ်/နှစ်လတ်/နှစ်ရှည်အစီအမံများ ရေးဆွဲဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ်ဆက်လုပ်ပြီး အကဲဖြတ်မှုများ ဆောင်ရွက်ခြင်း၊

(၈)     ဆင်းရဲမှုလျှော့ချရေးအတွက် ရန်ပုံငွေသီးခြားသတ်မှတ်ဆောင်ရွက်ခြင်း၊

(၉)     လူထုအင်အား ပါဝင်လာအောင် စည်းရုံးဆောင်ရွက်နိုင်ခြင်း၊

(၁၀)   သက်သာသောအတိုးနှုန်းဖြင့် ဆင်းရဲသောကျေးရွာများ/ အိမ်ထောင်စုများကို ဦးတည် ထုတ်ချေးခြင်း၊ အစုအဖွဲ့များအဖြစ် စုပေါင်းဆောင်ရွက်ရန် လေ့ကျင့်သင်ကြားခြင်း၊

         စီမံဆောင်ရွက်ခြင်းတို့ဖြစ်သည်။

Covid နှင့် တရုတ်နိုင်ငံ

Covid-19 ကူးစက်ရောဂါဟာ တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့ရာ တစ်ကမ္ဘာလုံး ထိခိုက်မှု ရှိသလို တရုတ်နိုင်ငံ၏ စီးပွားရေး၊ တရုတ်နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုလည်း ထိခိုက်ခဲ့ ပါတယ်။ ၂၀၂၀ ပြည့်နှစ်တွင် ဆင်းရဲမှုနှုန်းကို အဆုံးသတ်နိုင်ခဲ့သည့်တရုတ်နိုင်ငံဟာ Covid ကြောင့် စီးပွားရေး ထိခိုက်မှုရှိလို့ ဆင်းရဲမှုနှုန်းတက်လာနိုင်သည်။ ဘယ်လိုဆက်ပြီးဖွံ့ဖြိုးမှုအရှိန်ကို ထိန်းမလဲ ဆိုသည်က စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဆက်လက်လေ့လာရမှာပဲ ဖြစ်ပါတယ်။

တစ်ဖက်တွင်လည်း တရုတ်နိုင်ငံအနေနဲ့ ကျေးလက်ဒေသ ပြန်လည်ဆန်းသစ်ရေး (Rural Revitalization) ပုံစံ (Design)နဲ့ဆက်သွားမှာဖြစ်ပြီး လက်ရှိနှင့် အနာဂတ်အတွက် အပြုသဘော ဆောင်သောအသွင် ကူးပြောင်းရေးနည်းလမ်းဖြင့် ဆက်သွားမည်ဟု သိရပါတယ်။ ၎င်းအစီအစဉ် သည် မြို့ပြနှင့် ကျေးလက်စီးပွားရေးကို တန်းတူထားကာ ကျေးလက်စီးပွားရေးနှင့် မြို့ပြ စီးပွားရေး တို့ကြား ချိတ်ဆက်မှုပေါင်းစည်းခြင်းဖြစ်ပြီး ကျေးလက်ပြန်လည်ရှင်သန်ရေးအတွက် လယ်ယာပြင်ပ နှင့် လယ်ယာမဟုတ်သော ကဏ္ဍများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်မှုတို့တွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်မှာ ဖြစ်ပါတယ်။ သို့မှသာ အလုပ်အကိုင်ရရှိမှု၊ ပညာတတ် မြောက်မှုနှင့် ကျန်းမာရေးကောင်းမွန်မှုတို့ဖြင့် ကျေးလက်ပြည်သူ များကို ဆွဲဆောင် ထိန်းသိမ်းနိုင်မည့် ကျေးလက်ဒေသများကို ဖန်တီးနိုင်မည်ဖြစ်ပါတယ်။

မိမိတို့နိုင်ငံကဲသို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူ ဆင်းရဲမှုလျော့ချရေးဆောင်ရွက်ရာ၌ မတူညီသော အဆင့်များရှိ အခြေအနေများနှင့် လိုအပ်ချက်များကို အဓိကထား၍ ကဏ္ဍအလိုက် ပန်းတိုင်များကို ချမှတ်သင့်ပြီး စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန် မတူညီသော အဖွဲ့အစည်း ဆိုင်ရာမူဘောင်များနှင့် မဟာဗျူဟာစနစ်များကို ဖွဲ့စည်းသင့်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာများကို ပထမနေရာမှ ဖြေရှင်း သင့်ပြီး စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းတို့ကို ပူးတွဲဆောင်ရွက်ခြင်းဖြင့် ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု ကို ဖြစ်ပေါ်စေမှာပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စီပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား၍ စီးပွားရေးတည်ဆောက်မှုအပေါ်အခြေခံကာ ပြည်သူ့ဝန်ဆောင်မှုနှင့် လူမှုဖူလုံရေးကဏ္ဍတို့ကိုလည်း တဖြည်းဖြည်း ဝင်ရောက်ဆောင်ရွက်သင့်ပါတယ်။ တဆက်တည်းမှာပဲ အစိုးရနှင့် ဈေးကွက်အကြား ဆက်နွယ်မှုကို မှန်ကန်စွာကိုင်တွယ်ပြီး ထိရောက်သောဈေးကွက်ကို ဖော်ဆောင်ပေးရမည် ဖြစ်ပါ တယ်။ ဒါ့အပြင် အခြားနိုင်ငံများမှလည်း အရင်းအနှီး၊ နည်းပညာနှင့် စီမံခန့်ခွဲမှုတို့ကို သင်ယူလေ့လာ စေပြီး ပြည်တွင်းစက်မှုလုပ်ငန်းကို အစဉ်တစိုက်မြှင့်တင်သင့်ပါသည်။ 

နိုင်ငံတော်အစိုးရအနေဖြင့်လည်း စီးပွားရေးမြင့်မားတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးတို့ကို အစဉ်ရှေးရှုပြီး ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အကြား ဆက်နွယ်မှုများကိုလည်း အချိတ်အဆက်မိမိ စနစ်တကျဆောင်ရွက်လျက်ရှိတာကို လက်တွေ့သိမြင်နေရပြီပဲ ဖြစ်ပါတယ်။ မိမိတို့လို ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက်မူ တရုတ်နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို ကဏ္ဍအလိုက် မဟာဗျူဟာရေးဆွဲပြီး ကြိုးပမ်းဆောင်ရွက်ချက်တွေ၊ ဒေသအလိုက် ဖွံ့ဖြိုးရေးဆိုင်ရာ အစီအမံတွေဟာ လေ့လာဖွယ်ရာ၊ စောင့်ကြည့်ကိုးကားချင်စရာအတွေ့အကြုံကောင်းများ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ခန့်ဇော်(ကျေးလက်)

ရည်ညွှန်းကိုးကားချက်

(၁)      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ Xi Jinping ၏ The Governance of China စာအုပ်၊

(၂)      (၁၅)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(14th SOMRDPE+3)

          အစည်းအဝေးကောက်နှုတ်ချက်၊

(၃)      ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် IPRCC မှ ကျင်းပသော “Seminar on Poverty Reduction and Rural Development for Developing Countries” ၏

          ကောက်နှုတ်ချက်၊

(၄)     တရုတ် ၂၀၂၅ (China 2025) ၊ အောင်သူငြိမ်း(မိုးမခမီဒီယာ)၊

(၅)     နိုင်ငံအလိုက်လူဦးရေစစ်တမ်း(https://www.worldometers.info)၊