ဘရူနိုင်းနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာဆောင်ရွက်ချက်များအား လေ့လာခြင်း

Ministry of Cooperatives and Rural Development | Nov 14, 2023

ဘရူနိုင်းဒါရုစလမ်နိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း ၂,၂၂၆ မိုင်ကျယ်ဝန်းပြီး အရှေ့တောင် အာရှအတွင်း ဘော်နီယိုကျွန်း၏မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။ ဘရူနိုင်းသည် ဘော်နီယို ကျွန်းပေါ်တွင် တစ်နိုင်ငံလုံးရှိသော တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ကျန်ရှိသော ကျွန်း၏နယ်မြေများကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကပိုင်ဆိုင်သည်။

           နိုင်ငံ၏အဓိကထွက်ကုန်၏၉၅%မှာ ရေနံ၊ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့တို့ဖြစ်ပြီး နိုင်ငံ၏ အဓိကဝင်ငွေကို ရေနံမှရရှိသည်။ အဓိကပို့ကုန်မှာလည်း ရေနံဖြစ်ပြီး သွင်းကုန်များမှာ စက်ပစ္စည်းနှင့် စားသောက်ကုန်များဖြစ်သည်။ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုသည် GDP၏ ၉၀%ခန့်ရှိပြီး တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၆၇,၀၀၀ခန့်မျှထုတ်လုပ်သဖြင့် အရှေ့တောင်အာရှတွင် စတုတ္ထမြောက် အကြီးဆုံးရေနံထုတ်လုပ်သူဖြစ်သည်။ ထို့ပြင် နေ့စဉ် ရေနံဓာတ်ငွေ့ရည် ၂၅.၃ သန်းကုဗမီတာ ထုတ်လုပ် နိုင်သဖြင့် ကမ္ဘာပေါ်တွင် နဝမမြောက်အများဆုံးထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ သို့ရာတွင် ၂၀၂၁ ခုနှစ် ကမ္ဘာ့စွမ်းအင်ဆိုင်ရာ BP Statistical Review သုံးသပ်ချက်အရ ဘရူနိုင်း၏အရန်ရေနံပမာဏသည် (၂၇)နှစ်အတွင်း ကုန်ခမ်း သွားနိုင်ခြေရှိကြောင်း ခန့်မှန်းထားတာ တွေ့ရသည်။ နိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့မဟုတ်သောပို့ကုန်များ တင်ပို့မှု ဈေးကွက်ဝေစုသည် ၂၀၁၉ ခုနှစ်တွင် ၁၄.၈% ရှိခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် ၄၈.၆%အထိ သိသိသာသာ တိုးလာခဲ့သည်ကိုတွေ့ရသော်လည်း လက်ရှိအချိန်ထိမူ ဘရူနိုင်း၏ ၀င်ငွေများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် အလွန်အမင်းမှီခိုနေရဆဲဖြစ်ပြီး ကမ္ဘာ့စွမ်းအင် ဈေးနှုန်းများအတက်အကျ၊ ရေနံ အရန်သိုလှောင်နိုင်မှု မှန်မှန်ကျဆင်းမှုတို့ကြောင့် စီးပွားရေးအခြေအနေ တစ်ရပ်လုံးကို ထိခိုက်နိုင်ခြေရှိနေသည်ဟု ဆိုသည်။

           နိုင်ငံ၏၀င်ငွေသည် ရေနံတင်ပို့မှုမှ အများစုရရှိခြင်းဖြစ်၍ သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနည်းပညာ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုများ ကဲ့သို့သောဝင်ငွေမြင့်မားစေမည့်လုပ်ငန်းကဏ္ဍ များကို ဦးတည်ပြောင်းလဲဖော်ဆောင်သင့်ကြောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုကို တွန်းအားပေး ဆောင်ရွက်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ထွက်ကုန်များတင်ပို့မှုနှင့်ဆက်စပ်သည့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာဖက်စပ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်သင့်ကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း(MSME)ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက်ချဉ်းကပ်ဆောင်ရွက်သင့်ကြောင်း ပညာရှင်များက အကြံပြုထားကြသည်ကို တွေ့ရသည်။

           လက်ရှိတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ရငွေဖြင့် ပြည်တွင်းထုတ်လုပ်မှုကို အားဖြည့်ပေးပြီး ထိုရင်းနှီးမြှုပ်နှံမှုအများစုကို ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်တံတစ်ခုဖြစ်သော ဘရူနိုင်း ရင်းနှီးမြှုပ်နှံမှု အေဂျင်စီမှစီမံခန့်ခွဲလျက်ရှိသည်။ အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ပြုလုပ်ပေးပြီး ဆန် နှင့်အိမ်ရာအတွက်လည်း ထောက်ပံ့ပေးတာ တွေ့ရသည်။

           ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏စာရင်းအရ GDP အမေရိကန်ဒေါ်လာ 16.68 ဘီလီယံခန့်ရှိပြီး တစ်ဦးချင်းGDPမှာ အမေရိကန်ဒေါ်လာ 28,954.07 ခန့် ရှိတာတွေ့ရသည်။ အရှေ့တောင်အာရှ၏ ချမ်းသာသောနိုင်ငံများစာရင်းတွင်ပါဝင်သည့်အပြင် ဆင်းရဲနွမ်းပါးမှုဆိုင်ရာစာရင်းဇယား၊ အချက်အလက် များ တိတိကျကျဖော်ပြထားသည်ကိုလည်း သိပ်မတွေ့ရပေ။

           ၂၀၂၂ ခုနှစ်တွင် Heritage Foundation အညွှန်းကိန်းအရ အလုပ်လက်မဲ့နှုန်း ၈.၄% ခန့်ရှိတာ တွေ့ရပြီး ၂၀၂၃ခုနှစ်တွင် တစ်ရက်ဝင်ငွေ ၂.၁၅ဒေါ်လာအောက်ရရှိသူသည် လူဦးရေ၏၂.၇၅%၊ တစ်ရက် ဝင်ငွေ ၃.၆၅ဒေါ်လာအောက်ရရှိသူသည် လူဦးရေ၏ ၁၆.၂၃%၊ တစ်ရက်ဝင်ငွေ ၆.၈၅ဒေါ်လာအောက် ရရှိသူသည် လူဦးရေ၏၄၁.၅၉%ခန့်ရှိမည်ဟု ခန့်မှန်းထားတာ တွေ့ရသည်။        

           ဘရူနိုင်းနိုင်ငံအစိုးရသည် ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်းကို လက်ခံခဲ့ပြီး ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနအသီးသီး၊ အဖွဲ့အစည်းများပူးပေါင်း၍ လူမှုကာကွယ် စောင့် ရှောက်ရေးကွန်ရက်(National Welfare System-SKN)ကို လူမှုအကူအညီများအား ပြည်သူများ လက် လှမ်းမီစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်။ ၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၁၅ရက်နေ့မှ ၂၀၂၂ခုနှစ်၊ အောက်တိုဘာ လ ၁ရက်နေ့အထိ SKN Websiteမှတဆင့် လျှောက်လွှာပေါင်း ၃၇,၃၂၇ စောင် လက်ခံရရှိခဲ့ပြီး လိုအပ်နေသောသူများနှင့် အခက်အခဲကြုံနေရသူများ၏ ဘဝအရည်အသွေး မြှင့်တင်ပေးခြင်း၊ ငွေကြေး အကူအညီပေးခြင်းတို့အပြင် အစိုးရ၊ Community Development Department (JAPEM)နှင့် ဘရူးနိုင်း အစ္စလာမ်မက်စ်ဘာသာရေးကောင်စီ(Brunei Islamic Religious Council-MUIB)တို့အပါအဝင် အခြားသော အေဂျင်စီများမှလည်း အစားအစာနှင့် အမိုးအကာစသည်တို့ကို လိုအပ်နေသူများအား ထောက်ပံ့ပေးတာ တွေ့ရသည်။

Zero Poverty 2035 Target

           ဘရူနိုင်းနိုင်ငံသည် ဆင်းရဲသောနိုင်ငံ မဟုတ်ပါ။ ဆင်းရဲမှုအပေါ် ဝင်ငွေဖြင့်တိုင်းတာခြင်းမဟုတ်ဘဲ ဘက်စုံပြီးပြည့်စုံစေရေး ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ထားပုံရသည်။ ဘရူနိုင်းနိုင်ငံည် ၂၀၃၅ခုနှစ်တွင် လူနေမှုအဆင့်အတန်းအမြင့်မားဆုံးသော ကမ္ဘာ့ထိပ်တန်း(၁၀)နိုင်ငံတွင် ပါဝင်လာနိုင်စေရန် မျှော်မှန်းချက် ထားရှိပြီး ၂၀၂၃ ခုနှစ်တွင် Zero Poverty 2035 Targetကို ချမှတ်ခဲ့သည်။ ယင်းသည် “Wawasan Brunei 2035”ဟုခေါ်ဆိုသည့် Brunei Vision 2035နှင့် ချိတ်ဆက်မှုရှိတာတွေ့ရသည်။

“Wawasan Brunei 2035” သို့မဟုတ် “Brunei Vision 2035”

           နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ (၅ နှစ်တာကာလတို)ချမှတ်၍ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့ရာတွင် ၉ကြိမ်မြောက်အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၀၇-၂၀၁၂) သည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အဖြစ်စတင်ဆောင်ရွက် ခဲ့သည့် ပထမဆုံး အမျိုးသားအဆင့်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်မှုအပိုင်းတွင် မဟာဗျူဟာမြောက် အပြောင်းအလဲတစ်ရပ်ဖြစ်ပြီး “Wawasan Brunei 2035” သို့မဟုတ် “Brunei Vision 2035” ဟု လူသိများသည်။ ယင်းသည် အမြင့်ဆုံး နိုင်ငံတကာစံနှုန်းဖြင့်တိုင်းတာနိုင်သည့် ပညာတတ်နှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရန်၊ ကမ္ဘာ့ ထိပ်တန်း (၁၀)နိုင်ငံတွင်ပါဝင်နိုင်မည့် လူနေမှုအဆင့်အတန်းမြင့်မားမှုမျိုး ရရှိစေရန်နှင့် ကမ္ဘာ့ထိပ်တန်း နိုင်ငံများအတွင်း တစ်ဦးချင်းဝင်ငွေဖြင့် စဉ်ဆက်မပြတ်သောစီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်စသည့်ပန်းတိုင် (၃)ရပ်ချမှတ်ဆောင်ရွက်ခဲ့ပြီး ယင်းတို့ကို အကောင်အထည် ဖော်နိုင်ရန် အောက်ဖော်ပြပါမဟာဗျူဟာ (၈)ရပ်ချမှတ်ဆောင်ရွက်ခဲ့တာ တွေ့ရသည်-

(၁)  လူငယ်များအား အလုပ်အကိုင်နှင့် အောင်မြင်မှုများရရှိစေရန် ပျိုးထောင်ပေးမည့် ပညာရေး မဟာဗျူဟာ၊

(၂)  ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းထက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေး ခြင်းဖြင့် ပြည်သူများအတွက် အလုပ်အကိုင်သစ်များ ဖန်တီးပေးမည့် စီးပွားရေးဗျူဟာ၊

(၃)  ရောဂါနှင့် သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်နိုင်စွမ်းအားရှိသောစွမ်းရည်၊ ကာကွယ်ရေး နှင့်သံတမန်ရေးစွမ်းရည်တို့ဖြင့်ပြည့်စုံသည့်နိုင်ငံဖြစ်စေရန် နိုင်ငံရေးတည်ငြိမ်မှုနှင့် အချုပ်အခြာ အာဏာကို ကာကွယ်မည့်လုံခြုံရေးမဟာဗျူဟာ၊

(၄)  အစိုးရလုပ်ထုံးလုပ်နည်းများတွင် ဗျူရိုကရေစီ“ကြိုးနီစနစ်”အနည်းဆုံးပါဝင်စေမည့်၊ အစိုးရ နှင့်ပုဂ္ဂလိကကဏ္ဍနှစ်ခုစလုံးတွင် အရည်အသွေးမြင့် ပြည်သူ့ဝန်ဆောင်မှုများ၊ ခေတ်မီပြီး လက်တွေ့ကျသည့်ဥပဒေနှင့် စည်းမျဉ်းမူဘောင်များ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်တို့ကို တိုးမြှင့်ပေးမည့် အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ၊

(၅)  ဒေသတွင်း အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)အတွက် အခွင့်အလမ်း များတိုးမြှင့်ပေးမည့်၊ ပြိုင်ဆိုင်နိုင်စွမ်းအားကိုမြှင့်တင်ပေးခြင်းဖြင့် စီးပွားရေးနှင့် စက်မှုလုပ်ငန်း များတွင် ဦးဆောင်မှုရရှိစေမည့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ၊

(၆)  ပညာရေး၊ ကျန်းမာရေးနှင့် စက်မှုလုပ်ငန်းများကို အထူးအလေးပေး၍ ကမ္ဘာ့အဆင့်မီ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းကိုတွန်းအားပေးမည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာ၊

(၇) နိုင်ငံတော် ကြီးပွားတိုးတက်လာသည်နှင့်အမျှ နိုင်ငံသားတိုင်းအား သေချာစောင့်ရှောက်မှု ပေးနိုင်စေမည့် လူမှုဖူလုံရေးမဟာဗျူဟာ၊

(၈)  အမြင့်ဆုံးသော နိုင်ငံတကာကျင့်ထုံးများနှင့်အညီ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးကို ပံ့ပိုးပေးမည့်၊ သဘာ၀ပတ်၀န်းကျင်နှင့် ယဉ်ကျေးမှုအသိုက်အဝန်းကို ထိန်းသိမ်း စောင့်ရှောက်ပေးမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမဟာဗျူဟာ။

         ဤမဟာဗျူဟာ(၈)ရပ်ကို အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းနှစ်ခုလုံး ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး “Wawasan Brunei 2035” Supreme Council မှ ထုတ်ပြန်ခဲ့သည့် “Wawasan Brunei 2035” အစီရင်ခံ (၂၀၁၅-၂၀၂၂) တွင် ဘရူနိုင်းမျှော်မှန်းချက်၂၀၃၅၏အဓိက ပန်းတိုင် (၃)ရပ်ကိုအကောင်အထည်ဖော်ရာတွင် တိုးတက်မှုများအား အားတက်ဖွယ်ရာ တွေ့မြင်ရသော်လည်း အမျိုးသားရေးရည်မှန်းချက်ကို အထောက်အပံ့ပြုစေမည့် အသွင်ကူးပြောင်းမှုနှင့် ထိထိရောက်ရောက် အကျိုးရှိစေရန် အားထုတ်ကြိုးပမ်းမှုတို့အပါအဝင် တိုးတက်မှုအရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် လုပ် ဆောင်ရမည့်အရာများ များစွာရှိနေသေးကြောင်း သုံးသပ်တင်ပြထားသည်ကို တွေ့ရသည်။

           Wawasan Brunei 2035၏အမျိုးသားမျှော်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန် ဦးတည်ကြိုးပမ်း ဆောင်ရွက်ကြရာတွင် ပါတီအားလုံး၏စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုင်မာသည့်ကတိကဝတ် များသည် အရေးကြီးသည့်အခန်းကဏ္ဍမှ အထောက်အပံ့ပြုလျက်ရှိသည်ဟုဆိုသည်။

လေ့လာမှုများအရ လက်ရှိတွင် ဘရူနိုင်းဒါရုစလမ်နိုင်ငံသည် အာရှရှိ လူနေမှုအဆင့်အတန်း အမြင့်ဆုံးနိုင်ငံများတွင်ပါဝင်ပြီး အာရှ၏တစ်ဦးချင်းဝင်ငွေအမြင့်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သကဲသို့ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၏ရည်မှန်းချက်အားလုံးနီးပါးကို ပြည့်မီလျက်ရှိတာတွေ့ရသည်။ ထို့အတူ ပညာရေးနှင့် ကျန်းမာရေးအဆင့်အတန်းသည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမြင့်ဆုံးဖြစ် သည်ကို တွေ့ရပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှရရှိသည့် ၀င်ငွေများကို  အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြုပ်နှံခြင်းနှင့် လူမှုဖူလုံရေးအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံရေးတည်ငြိမ်မှုကိုပါ ရရှိစေသည်ဟု ဆိုသည်။  

သို့ရာတွင် Wawasan Brunei 2035နှင့်စပ်လျဉ်း၍ Universiti Brunei Darussalam မှ ပြည်သူ့ရေးရာမူဝါဒပါရဂူဘွဲ့ကျောင်းသားဖြစ်သူ Abdul Malik Omar၏လေ့လာချက်စာတမ်းတွင်မူ အစိုးရ၏ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု၊ ထိရောက်မှုနှင့် ပြည်သူ့ရေးရာမူဝါဒရလဒ်များစသည်တို့၏ တိုး တက်မှုအခြေအနေမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိသိသာသာ အကျိုးသက်ရောက်မှုရှိ/ မရှိ ပြောဖို့ စောလွန်းနေသေးကြောင်း သုံးသပ်ထားသည်ကို တွေ့ရသည်။ ထို့ပြင် အလုပ်လက်မဲ့ပြဿနာနှင့် နိုင်ငံ၏ စီးပွားရေးတွင် ဝင်ငွေ တစ်ခုတည်းအပေါ်သာ အဓိကမှီခိုနေရသောဖြစ်စဉ်အား ပြောင်းလဲဖော်ဆောင် နိုင်မှုမရှိသေးခြင်းတို့မှာ အဓိကရင်ဆိုင်နေရသည့်ပြဿနာ(၂)ရပ်ဖြစ်ကြောင်းထောက်ပြထားပြီး ခိုင်လုံသည့် အထောက်အထားများကိုအခြေပြု၍ပြည်သူ့ရေးရာမူဝါဒချဉ်းကပ်မှုပုံစံ (Evidence based Public Policy Approach)ဖြင့် သွားသင့်ကြောင်းနှင့် နိုင်ငံတော်အဆင့်တွင် အုပ်စုဖွဲ့ဆွေးနွေးညှိနှိုင်းမှုများလွန်းခြင်း သည်လည်း ဆန်းသစ်တီထွင်မှုကို အဟန့်အတားဖြစ်စေကြောင်းသုံးသပ်တင်ပြထားသည်။ အလုပ်လက်မဲ့ ပြဿနာနှင့် စီးပွားရေးရာကဏ္ဍ ပြောင်းလဲဖော်ဆောင်နိုင်မှု မရှိခြင်းတို့ကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုပိုင်းအရ အဖြေရှာဆောင်ရွက်သွားသင့်ကြောင်း အကြံပြုထားသည်ကို တွေ့ရှိရသည်။

          ဘရူနိုင်းနိုင်ငံ၏လူမှုဖူလုံရေးအစီအစဉ်များတွင် လက်ရှိချို့ယွင်းချက်များကို လေ့လာဖော်ထုတ်၍ ရေရှည်စောင့်ရှောက်မှုနှင့် အလုပ်လက်မဲ့အကျိုးခံစားခွင့်များပါ၀င်စေရန်၊ ထိခိုက်လွယ်အုပ်စုများအတွက် လုံလောက်သောပံ့ပိုးမှုများ ပေးရန်၊ ပွင့်လင်းမြင်သာမှု၊ အုပ်ချုပ်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အရင်းအမြစ်များစီမံခန့်ခွဲခြင်းတို့ကို မြှင့်တင်ပေးရန် ပြီးပြည့်စုံသော ချဉ်းကပ်မှုနည်းလမ်းကို စဉ်းစားသင့် သည်။ စီးပွားရေးအရအခြားဝင်ငွေရင်းမြစ်များကိုရှာဖွေခြင်းသည်လည်း ဆင်းရဲမှုလျော့ချရေး၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးမူဝါဒများ ရေရှည်တည်တံ့စေရေးတို့ကို အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။

အလုပ်လက်မဲ့ပြဿနာနှင့် ဆင်းရဲနွမ်းပါးမှုတို့မှာ ကြောင်းကျိုးဆက်စပ်လျက်ရှိသည့်အတွက် ဆင်းရဲမွဲတေမှုနှင့် ယင်း၏အရင်းခံအကြောင်းတရားများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိရန်လိုအပ် သည်ဖြစ်ရာ ဘရူနိုင်းနိုင်ငံအနေဖြင့် သုတေသနနှင့် မူဝါဒအပြောင်းအလဲများကို ဦးစားပေး လုပ်ဆောင် သင့်ပေသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးကွန်ရက်(National Welfare System-SKN)ကဲ့သို့သော ထိရောက်သောလူမှုကာကွယ်စောင့်ရှောက်ရေးအစီအမံများကို အကောင်အထည်ဖော်ခြင်းဖြင့် ဆင်းရဲ နွမ်းပါးသူများ၏ လူနေမှုဘဝမြှင့်တင်ရန်နှင့် ပိုမိုမျှတသောလူ့အဖွဲ့အစည်းကို တည်ထောင်ရာတွင် သိသာ ထင်ရှားသော ခြေလှမ်းသစ်များ စတင်နိုင်မည်ဖြစ်ပါသည်။ စာရေးသူအနေဖြင့်မူ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အချက်အလက်များ၊ စစ်တမ်းများ ပြုစုထားရှိမှု၊ ချဉ်းကပ်လေ့လာမှုအားနည်းခြင်းသည် သင့်လျော်သည့် မူဝါဒနှင့် ချဉ်းကပ်မှုနည်းလမ်းများ ချမှတ်နိုင်ရန် အဟန့်အတားဖြစ်စေသည်ဟု ရှုမြင်မိပါသည်။

ဆင်းရဲမှုနှင့်ပတ်သက်၍ အများဆုံးအသုံးပြုသော ချဉ်းကပ်သည့်နည်းလမ်း (၃)ခုမှာ

(က)   ဝင်ငွေ၊

( ခ )   အခြေခံလိုအပ်ချက်များ၊ နှင့်

( ဂ )    စွမ်းဆောင်ရည်တို့အပေါ် တိုင်းတာသုံးသပ်ခြင်းနည်းလမ်းများဖြစ်ပြီး  ဝင်ငွေအပေါ် အခြေပြု သုံးသပ်ခြင်းနည်းလမ်းက ဆင်းရဲမှုကို ဝင်ငွေမရှိခြင်းဖြင့်လည်းကောင်း၊ အခြေခံလိုအပ်ချက်များအပေါ် သုံးသပ်ခြင်းနည်းလမ်းက အခြေခံလိုအပ်ချက်များ(သို့) ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မပြည့်စုံခြင်းဖြင့်လည်းကောင်း၊ စွမ်းဆောင်ရည်အပေါ်သုံးသပ်ခြင်းနည်းလမ်းက စွမ်းဆောင်ရည်ပြည့်မီမှု ရှိ/မရှိဖြင့်လည်းကောင်းတိုင်းတာ သတ်မှတ်ကြသည်ကို တွေ့ရသည်။ လေ့လာမှုများအရ စွမ်းဆောင်ရည်အပေါ် တိုင်းတာသုံးသပ်ခြင်း နည်းလမ်းသည် ဆင်းရဲမှုဆိုင်ရာဝိသေသလက္ခဏာများကို ပြည့်စုံစွာဖော်ညွှန်းနိုင်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုပြယုဂ်နှင့်အခိုင်အမာချိတ်ဆက်နိုင်သည့်အတွက် ဆင်းရဲမှုကို ချဉ်းကပ်လေ့လာရန် အသင့်လျော်ဆုံး နည်းလမ်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။ စာရေးသူ၏အမြင်အရမူ ဆင်းရဲနွမ်းပါးမှုသည် ဝင်ငွေ၊ လူမှုဘဝအခြေခံလိုအပ်ချက်များနှင့် စွမ်းဆောင်ရည် (၃)ရပ်လုံးနှင့် ဆက်စပ်နေသည့်အတွက် နည်းလမ်း (၃)ခုလုံးကို တစ်ပြိုင်တည်းဆောင်ရွက်သင့်သည်ဟု ရှုမြင် သုံးသပ် မိရပါသည်။

မည်သို့ဆိုစေ ဘရူနိုင်းနိုင်ငံသည် Wawasan Brunei 2035 ကို အကောင်အထည်ဖော်နေပြီး အပြုသဘောဆောင်သောပြောင်းလဲမှုများကို စတင်နိုင်ခဲ့သည်ကိုတွေ့ရှိရပါသည်။ ဆင်းရဲမွဲတေမှုကို တိုက် ဖျက်ရန်၊ လူမှုကာကွယ်မှုမြှင့်တင်ရန်နှင့် ပိုမိုတောက်ပသောအနာဂတ်ကို ဖန်တီးရန်အတွက်မူ ဘရူနိုင်း နိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် စိန်ခေါ်မှုများကိုအတူတကွကျော်လွှားမှသာလျှင် ပိုမိုကောင်းမွန်၍ သာယာဝပြောသောလူ့အဖွဲ့အစည်းကိုတည်ဆောက်နိုင်မှာဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

ခန့်ဇော် (ကျေးလက်)