လာအိုနိုင်ငံ၏ ဆင်းရဲမှုလျှော့ချခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု

Ministry of Cooperatives and Rural Development | Oct 10, 2023

လာအိုနိုင်ငံဟာ အရှေ့တောင်အာရှရဲ့တစ်ခုတည်းသောကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး အင်ဒိုချိုင်းနား ကျွန်းဆွယ်ရဲ့အလယ်တွင် တည်ရှိတဲ့အတွက် ပင်လယ်ဆိပ်ကမ်းမရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၂.၃၆၈ သိန်းဖြစ်ပြီး ကုလသမဂ္ဂ World Population Review ၏ နောက်ဆုံးအချက်အလက်များအရ ၂၀၂၃ ခုနှစ် စာရင်းအရ လူဦးရေမှာ ၇.၆ သန်းခန့် နေထိုင်ပါတယ်။ လာအိုလူမျိုးအပါအဝင် လူမျိုးပေါင်း အမျိုး (၅၀) ခန့်ရှိကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံ၏ကိုလိုနီ ဖြစ်ခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် စည်းမျဉ်းခံဘုရင်စနစ်အဖြစ် လွတ်လပ်ရေးရခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံများအနက် တစ်ခုတည်းသော ဆိုရှယ်လစ်နိုင်ငံဖြစ်ပြီး ကွန်မြူနစ်ဝါဒကို ထောက်ခံသောနိုင်ငံဖြစ်ပါတယ်။ တရားဝင် နိုင်ငံရေးပါတီမှာ လာအိုပြည်သူ့တော်လှန်ရေးပါတီဖြစ်ပြီး တစ်ပါတီနိုင်ငံဖြစ်သဖြင့် အထွေထွေအတွင်း ရေးမှူး (ပါတီခေါင်းဆောင်)သည် နိုင်ငံနှင့် အစိုးရရဲ့ခေါင်းဆောင်၊ သမ္မတ ဖြစ်ပါတယ်။

လာအိုနိုင်ငံ၏စီးပွားရေး

လာအိုနိုင်ငံ၏စီးပွားရေးသည် နိုင်ငံအတွင်းမှ ထွက်ရှိသော ကြေးနီ၊ ရွှေနှင့် သစ်ကဲ့သို့သော သဘာဝသယံဇာတများ တင်ပို့မှုအပေါ်လည်း များစွာ မှီခိုနေရပါတယ်။ ထို့ပြင် ၎င်း၏ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့ အပေါ်တွင်လည်း မှီခိုနေပါတယ်။ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် လာအိုစီးပွားရေး၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး လာအိုစီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံရေးဝန်ကြီးဌာန၏ ၁၉၈၉-၂၀၁၄ အစီရင်ခံစာအရ ၁၉၈၉ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာ ၅.၃၉၅ ဘီလီယံမျှ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုပါတယ်။ ထိုင်းနိုင်ငံ (အမေရိကန် ဒေါ်လာ ၄.၄၈၉ ဘီလီယံ ရင်းနှီးမြှုပ်နှံသူ)နှင့် ဗီယက်နမ်နိုင်ငံ (အမေရိကန်ဒေါ်လာ ၃.၁၀၈ ရင်းနှီး မြှုပ်နှံသူ) တို့မှာ ဒုတိယနှင့် တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြပါတယ်။ နိုင်ငံတကာငွေကြေး အဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများမှ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများရရှိခဲ့ပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှု၊ ရေအားလျှပ်စစ်နှင့် သတ္တုတွင်း လုပ်ငန်း (အထူးသဖြင့် ကြေးနီနှင့် ရွှေ) တို့အတွက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့ပါတယ်။ နိုင်ငံ၏ လူသိများ အထင်ရှားဆုံးထုတ်ကုန်မှာ ဘီယာလာအို ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘာအနှံ့ နိုင်ငံ ပေါင်း ၂၀ ကျော်သို့ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

ကျေးလက်လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် လယ်ယာလုပ်ငန်းကို အဓိကအသက်မွေးဝမ်း ကျောင်းအနေဖြင့် လုပ်ကိုင်ကြသည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးသည် ဂျီဒီပီ၏ တစ်ဝက်မျှ ရှိနေသေးပြီး အလုပ်အကိုင် အခွင့်အလမ်း ၈၀% ကို ဖန်တီးပေးထားပါတယ်။ နိုင်ငံ၏မြေ ၄% မျှသာ စိုက်ပျိုးနိုင်သောမြေဖြစ်ပြီး ၀.၃% သာလျှင် အမြဲတမ်းစိုက်ပျိုးနိုင်သော မြေဖြစ်သဖြင့် မဟာမဲခေါင် ဒေသခွဲအတွင်း ရာခိုင်နှုန်းအားဖြင့် အနည်းဆုံးဖြစ်သော်လည်း ခန့်မှန်းခြေအားဖြင့် ၇၇% မျှသော လာအို လယ်သမား မိသားစုများမှာ ဝမ်းစာဖူလုံသည့် စပါးရှိကြပါတယ်။ လာအိုနိုင်ငံသည် မဟာမဲခေါင်ဒေသခွဲ တွင် ဆန်စပါးအမျိုးအစားအများဆုံ ရှိသည့် နိုင်ငံဖြစ်ပါတယ်။

လာအိုနိုင်ငံ၏စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP) နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု(FDI)

           ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏စာရင်းအရ GDP အမေရိကန်ဒေါ်လာ ၁၅.၇၂ ဘီလီယံ၊ တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ (၂၆၀၀)ခန့် ရှိပါတယ်။ လာအိုနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) သည် ၂၀၂၃ ခုနှစ်၊ မတ်လစာရင်းအရ အမေရိကန်ဒေါ်လာ (၁၆၅.၈၇) သန်းခန့်ရှိပြီး ပြီးခဲ့သည့် သုံးလပတ် ကာလတွင် အမေရိကန်ဒေါ်လာ (၂၀၅.၆၅၄)သန်းခန့်တိုးတက်လာကြောင်း သိရပါတယ်။

           နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ပညာရေးဖွံ့ဖြိုးမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်မှု၊ စွမ်းအင်ရရှိမှုတို့ဟာလည်း အခြေခံအကျဆုံးလိုအပ်ချက်များဖြစ်တဲ့အတွက် လာအိုနိုင်ငံရဲ့ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စွမ်းအင်ရရှိမှုအခြေအနေတို့ကို တစ်စေ့တစ်စောင်း လေ့လာဖြစ်ခဲ့ပါတယ်။

ပညာရေးနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှု

           ပညာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးမှုများ ဆောင်ရွက်ပေးခဲ့ရာမှာ ၂၀၂၀ ခုနှစ်က အခြေခံမူလတန်းပညာရေး အောင်မြင်မှုရရှိရေး ရည်ရွယ်ချက်ဖြင့် မူလတန်းပညာရေးနှင့် အလယ်တန်းပညာရေးတို့ကို ဦးစားပေးဆောင်ရွက်ခဲ့တာ တွေ့ရပြီး ကမ္ဘာ့ဘဏ် ၏အဆိုအရ ပညာရေးတတ်မြောက်မှုနှင့် လေ့လာသင်ယူမှုရလဒ်ကောင်းများ ရရှိစေရန် သိသိသာသာ အထောက်အကူပြုခဲ့တယ်လို့ သိရပါတယ်။ မူလတန်းအဆင့်ပြီးမြောက်မှုနှုန်းမှာ ၂၀၁၀ ခုနှစ်က ၇၇% ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၈၉% အထိ တိုးတက်ခဲ့ပြီး အလယ်တန်းအဆင့်ပြီးမြောက်မှုရာခိုင်နှုန်းမှာ ၂၀၁၀ ခုနှစ်က ၃၉% ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်က ၄၉% အထိ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။

လမ်းပန်းဆက်သွယ်ရေး

           ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး ဆိပ်ကမ်းမရှိတဲ့နိုင်ငံဖြစ်တဲ့အတွက် ကုန်းလမ်းပို့ဆောင်ရေးကို အဓိက အားပြုရတာတွေ့ရပါတယ်။ မြို့ကြီးတွေရဲ့သယ်ယူပို့ဆောင်ရေးမှာ Bus ကားနဲ့ သုံးဘီးယာဉ်များကို အသုံးပြုပြီး အမြန်ရထားလမ်းလည်းရှိတာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ Boten-Vientiane Railway ဟာ နိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာ China Railway System ဖြင့် Mohan ၊ Yunan တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ထားသလို တောင်ဘက်မှာ Bangkok – Nong Khai High Speed Railway နှင့် ချိတ်ဆက်ရန် လျာထားပြီး၊ Belt and Road Initiative (BRT) ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပါတယ်။ ၄၂၂ ကီလိုမီတာ ရှည်ပြီး လမ်းအကျယ်မှာ Standard Gauge (Track Gauge) ၁၄၃၅ မီလီမီတာ(၄ ပေ ၈.၅လက်မ)ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ 1 m track (၃.၂၈ ပေ)အကျယ် ရထားလမ်းသာ ရှိပါသေးတယ်။ လျှပ်စစ်အသုံးပြု High Speed အမြန်ရထားဖြစ်ပြီး အမြန်နှုန်း 160 km/h (99 mph)ခန့်ဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိရာမှာ ခရီးသည် (၇,၀၀)မှ (၁၀,၀၀၀)အထိ နေ့စဉ် စီးနင်း အသုံးပြုလျက်ရှိတာ သိရပါတယ်။

           လာအိုနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်(၄)ခုရှိပြီး မြို့တော်ဗီယန်ကျင်းမှာရှိတဲ့ ဝပ်တေ (WATTAY)အပြည်ပြည်ဆိုင်ရာလေဆိပ်က အထင်ရှားဆုံးဖြစ်ပြီး နှစ်စဉ်နိုင်ငံတကာခရီးသွား (၁)သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

စွမ်းအင်ရရှိမှုအခြေအနေ

           နိုင်ငံအတွင်း ရေအရင်းအမြစ်ပေါများ၍ တောင်ကုန်းထူထပ်သော မြေမျက်နှာပြင်အနေအထား အရ ရေအားလျှပ်စစ် ထုတ်လုပ်ပြီး ခန့်မှန်းခြေအားဖြင့် ၈,၀၀၀ မဂ္ဂါဝပ်ခန့်ကို ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ရေအားလျှပ်စစ် ရရှိသော်လည်း ပြည်တွင်းလျှပ်စစ်ထုတ်လုပ်ရေး အတွက် ကျောက်မီးသွေးကို ဆက်လက်မှီခိုနေဆဲဖြစ်ပါတယ်။ လက်ရှိတွင် လာအိုနိုင်ငံ၌ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ (၇၇)ခု၊ ဆိုလာ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၈)ခု၊ ဇီဝဒြပ်ထုဓာတ်အားပေး စက်ရုံ (၄)ခုနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ (၁)ခု၊  စုစုပေါင်းဓာတ်အားပေးစက်ရုံ (၉၀) ခန့်ရှိပြီး စုစုပေါင်း Installed Capacity (11,000)MW ရှိကြောင်း သိရပါတယ်။

၂၀၂၁ ခုနှစ်စာရင်းအရ နိုင်ငံလူဦးရေ၏ ၁၀၀% လျှပ်စစ်မီး ရရှိနေသည်ကို တွေ့ရပြီး နိုင်ငံသား တစ်ဦးချင်း၏ တစ်နှစ် လျှပ်စစ်စွမ်းအင်သုံးစွဲမှုပမာဏမှာ (၆၇၈.၄၉)kWhဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုပမာဏမှာ (၃၀.၁၄) bn kWh ရှိပြီး တစ်နှစ်အတွင်း ပြည်ပသို့ (၂၄.၁၁) bn kWh တင်ပို့ရောင်းချနိုင်ခဲ့သည့်နည်းတူ ပြည်ပမှလည်း (၁.၃၅) bn kWh ပြန်လည်တင်သွင်းခဲ့ရသည်ကို တွေ့ရပါတယ်။ ၂၀၂၁ခုနှစ်တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာနှင့် မလေးရှားနိုင်ငံများသို့ လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချခဲ့ပြီး ကမ္ဘာပေါ်တွင် (၁၂) ခုမြောက်အကြီးဆုံးလျှပ်စစ်ဓာတ်အား တင်ပို့ ရောင်းချနိုင်သည့်နိုင်ငံဖြစ်ကာ အမေရိကန်ဒေါ်လာ (၁.၉၆)ဘီလီယံခန့် ဝင်ငွေရရှိခဲ့ကြောင်း သိရပါတယ်။ အလားတူ နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်အနေအထားအရ လျှပ်စစ်စွမ်းအင် လိုအပ်လျက်ရှိသောနေရာ များအတွက် ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ထံမှ လျှပ်စစ်ဓာတ်အား ပြန်လည်ဝယ်ယူ တင်သွင်း ခဲ့ရပြီး အမေရိကန်ဒေါ်လာ (၆၉) မီလီယံခန့် ပြန်လည်သုံးစွဲခဲ့ရသည်ကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်တွင် ပြည်ပသို့ လျှပ်စစ်ဓာတ်အားတင်ပို့ရောင်းချနိုင်မှုပမာဏမှာ ၂၀၂၁ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၇.၅)%အထိ တိုးမြင့်ခဲ့ပြီး ပြည်ပမှ တင်သွင်းရမှုပမာဏ (၇၂.၇)%ခန့်အထိ လျော့ချနိုင် ခဲ့တာ တွေ့ရပါတယ်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလစာရင်းအရ ဓာတ်အားခနှုန်းထားမှာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၀.၀၃၁) (Laos Kip ၅၉၃.၃၈) (မြန်မာငွေ ၁၀၀ ကျပ်ဝန်းကျင်)ခန့်သာရှိတာ တွေ့ရှိ ရပါတယ်။ လျှပ်စစ်စွမ်းအင်ရရှိမှုဟာ ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်ပါတယ်။ လာအိုနိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်း (LDC)ကနေ ရုန်းထွက်နိုင်ဖို့ မျှော်မှန်း ချက်ထား ဆောင်ရွက်လျက် ရှိတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် လာအိုနိုင်ငံရဲ့ခေတ်အဆက်ဆက် စီးပွား ရေးရာပြုပြင်ပြောင်းလဲမှု မူဝါဒများနဲ့ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်များကို လေ့လာဖြစ်ခဲ့ပါတယ်။

စီးပွားရေးဆိုင်ရာ စီမံဆောင်ရွက်မှုယန္တရားအသစ် (New Economic Mechanism-NEM)

           စီးပွားရေးဆိုင်ရာ စီမံဆောင်ရွက်မှုယန္တရားအသစ် (NEM)သည် ဗဟိုချုပ်ကိုင်သော စီးပွားရေး စနစ်မှ ဈေးကွက်ဦးစားပေးစီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းရန် ကြိုးပမ်းအားထုတ်မှုအဖြစ် ၁၉၈၁ ခုနှစ်က လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်အစိုးရက စတင်မိတ်ဆက် ဆောင်ရွက်ပေးခဲ့သည့် ပြုပြင်ပြောင်းလဲရေးမူဝါဒတစ်ခုဖြစ်ခဲ့ပါတယ်။ စီးပွားရေးအရလွတ်လပ်မှုရှိစေရန်၊ ကုန်သွယ်မှု အတားအဆီး များကို ဖယ်ရှားရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးလှုံ့ဆော်နိုင်ရေးအတွက် ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးရန် NEM ကို ရေးဆွဲချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

          လာအိုအစိုးရသည် ငွေကြေးအရင်းအနှီးစီးဆင်းမှုများ၊ နည်းပညာလွှဲပြောင်းမှုများနှင့် ဈေးကွက် ရရှိမှုများ တိုးပွားလာစေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးခဲ့ပြီး စွမ်းအင်၊ စိုက်ပျိုးရေးနှင့် သတ္တုတူးဖော်ခြင်းကဲ့သို့သော ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား အခွန်ကင်းလွတ်ခွင့်နှင့် အခြားသောကင်းလွတ်ခွင့်များကို ဖန်တီး ပေးခဲ့တာ တွေ့ရှိရပါတယ်။

 ကုန်ဈေးနှုန်းလွတ်လပ်ခွင့်ပေးခြင်း

          ထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် ထုတ်လုပ်သူများအား တွန်းအားပေးနိုင်ရန် ရည်ရွယ်၍ လာအိုအစိုးရသည် ကုန်ဈေးနှုန်းများကို ဗဟိုအဆင့်မှသတ်မှတ်ပေးခြင်းထက် ဈေးကွက်အင်အားစု များကိုယ်တိုင် သတ်မှတ်စေခဲ့ပါတယ်။

 

 ဗဟိုချုပ်ကိုင်မှုစနစ်လျှော့ချခြင်း

          ဒေသဆိုင်ရာစီးပွားရေး ဖွံ့ဖြိုးတိုးတက်အတွက် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်များပေးခဲ့ပြီး စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ခြင်းလုပ်ငန်းစဉ်ကိုပါ ဆောင်ရွက်စေခဲ့ပါတယ်။

          ကုန်ထုတ်စွမ်းအားနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (State Owned Enterprise- SOE) အား ပြုပြင်ပြောင်းလဲခြင်း

          ထုတ်ကုန်လုံလောက်မှု တိုးတက်လာစေရန် ရည်ရွယ်၍ SOE လုပ်ငန်းများအား ပုဂ္ဂလိကပိုင် အဖြစ် ပြုလုပ်ခဲ့ပြီး ပူးတွဲစတော့ရှယ်ယာကုမ္ပဏီများသို့ လွှဲပြောင်းပေးခဲ့တာ တွေ့ရှိရပါတယ်။

          NEM သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏အသေးစားစီးပွားရေးလုပ်ငန်း ညွှန်းကိန်း များ တိုးမြှင့်ဆောင်ရွက်ခြင်းတွင် အောင်မြင်မှုရရှိခဲ့တာတွေ့ရပါတယ်။ သို့ရာတွင် တစ်ဖက်တွင် လူမှုရေးဆိုင်ရာဆိုးကျိုးများဖြစ်တဲ့ မြို့ပြနှင့် ကျေးလက်အကြား၊ မြို့နေလူတန်းစား၏ ဝင်ငွေ မတူညီသောအုပ်စုများအကြား ဝင်ငွေကွာဟမှုများ ဖြစ်စေခဲ့တာကို သတိပြုဖွယ် တွေ့မြင် ရပါတယ်။ ဈေးကွက်ဦးစားပေးမူဝါဒများနှင့်စပ်လျဉ်း၍ NEMကြောင့် လူမှုဖူလုံရေး အသုံးစရိတ် များ လျှော့ချနိုင်ခဲ့ပြီး တစ်ဖက်တွင် ပြည်သူအချို့၏လူနေမှုအဆင့်အတန်း ကျဆင်းစေခဲ့တာကို တွေ့ရပါတယ်။ NEM သည် ဈေးကွက်ဦးစားပေးစီးပွားရေးလုပ်ငန်းများ ပြန်လည်ပြုပြင်မှုများနှင့် ပတ်သက်ပြီး ကွန်မြူနစ်ပါတီဝင်အချို့၏ ခုခံတော်လှန်မှုကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ထို့ကြောင့် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဖြည်းဖြည်းချင်းသာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် မပြုလုပ်တော့ကြောင်း အာမခံချက်ပေးခဲ့ရပါတယ်။

ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးယန္တရားအသစ် (New Mechanism Investment Promotion- NMIP)

           ၁၉၈၁ ခုနှစ်က စတင်ခဲ့သည့် စီးပွားရေးဆိုင်ရာယန္တရားအသစ် (NEM)ကို ဆက်လက်ဆောင်ရွက် ခဲ့သည့်ယန္တရားတစ်ခုဖြစ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးယန္တရားအသစ် (NMIP)သည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း ကာလများနှင့် ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလများတွင် စတင်မိတ်ဆက်ဆောင်ရွက်ခဲ့သည့် ပြုပြင် ပြောင်းလဲရေးမူဝါဒတစ်ခုဖြစ်ခဲ့ပါတယ်။ NEM မှာလိုပဲ NMIP မှာလည်း ရင်နှီးမြုပ်နှံမှုဆိုင်ရာလွတ်လပ်ခွင့် နှင့်  ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချမှုစသည်တို့အား အသားပေးထားသည်ကို လေ့လာတွေ့ရှိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုလွတ်လပ်ခွင့်များ

           စက်ကိရိယာများနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာတွင် အခွန်ကင်းလွတ်ခွင့်၊ အမြတ် ငွေနှင့် အရင်းအနှီးများ ပြန်လည်ရယူခွင့်တို့အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို လွတ်လပ် ခွင့်များစွာ ပေးထားတာတွေ့ရပါတယ်။

လွယ်ကူမြန်ဆန်သည့်ရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက်လုပ်ငန်းစဉ်

           နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နိုင်ငံအတွင်း မြန်မြန်ဆန်ဆန် လုပ်ငန်းလည်ပတ်နိုင်စေရေး ရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက်များ ရယူရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန် one-stop shop ဖန်တီး ပေးခဲ့ပါတယ်။

လွပ်လပ်စွာကုန်သွယ်ခွင့်

           နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို လွတ်လပ်စွာ တင်သွင်းခွင့်ပေးခြင်းဖြင့် ကုန်သွယ်မှုအတားအဆီးများကို ဖယ်ရှားခဲ့ပြီး သွင်းကုန်နှင့် ပို့ကုန် စနစ်ကို လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။

           သို့ရာတွင် ဗျူရိုကရေစီစနစ် ထိရောက်မှုမရှိခြင်း၊ အခြေခံအဆောက်အအုံ ကန့်သတ်မှုနှင့် ကျွမ်းကျင်လုပ်သားရှားပါးမှုတို့ဟာ NMIP ကို အကောင်အထည်ဖော်ရာမှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှုများပဲ ဖြစ်ပါတယ်။

လာအိုနိုင်ငံ၏ ဆင်းရဲမှုနှုန်း

           လာအိုနိုင်ငံ၏ အသုံးစရိတ်နှင့် စားသုံးမှု နောက်ဆုံးအခြေအနေစစ်တမ်း (LECS) ၂၀၁၈-၂၀၁၉ အရ လာအိုနိုင်ငံ၏ ဆင်းရဲမှုနှုန်းမှာ ၂၀၁၃ ခုနှစ်တွင် ၂၄.၆ % ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၁၈.၃ % အထိ ကျဆင်းခဲ့ပြီး ၆.၃ % ကျဆင်းခဲ့ကြောင်း ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များ၌ သိသာထင်ရှားစွာ တိုးတက် လာခဲ့တာ လေ့လာတွေ့ရပါတယ်။ သို့ရာတွင် ကျေးလက် ဒေသများတွင် မြို့ပြထက် ဆင်းရဲနွမ်းပါးမှုနှုန်း ပိုမိုများပြားသည်ကိုတွေ့ရပြီး ကျေးလက်ဒေသများအတွက်မူ ဆင်းရဲနွမ်းပါးမှုလျော့ချရေးမှာ စိန်ခေါ်မှု များ ရှိနေဆဲဖြစ်ပါတယ်။

           ဒါတွေကတော့ လယ်ယာလုပ်ငန်းခွင် ကုန်ကျစရိတ်မြင့်မားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးခြင်း၊ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်တွေမှာ လူမှုကာကွယ်စောင့်ရှောက်ရေး  အနည်းငယ်မျှသာ ပါဝင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးကဲ့သို့သော အခြေခံဝန်ဆောင်မှုများ အကန့်အသတ်ဖြင့် ရရှိခြင်း၊ မြေယာနှင့် ချေးငွေကဲ့သို့သော ကုန်ထုတ်လုပ်မှု ဆိုင်ရာအရင်းအမြစ်များ အကန့်အသတ်ဖြင့်ရရှိခြင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းတို့ကိုဖြစ်စေသော သဘာဝအရင်းအမြစ်များ၊ မြေယာမဲ့အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ဈေးကွက်နှင့် အခွင့်အရေးများ အကန့်အသတ်ဖြင့် ရရှိခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အခွင့်အရေးများကို ကန့်သတ်ထားသော ကျား/ မတန်းတူညီမျှမှု မရှိခြင်းတို့ အပါအဝင် ဆင်းရဲမှုကိုဖြစ်စေသော အကြောင်းအရာများစွာရှိပါတယ်။

           ဆင်းရဲနွမ်းပါးမှုကိုဖြေလျှော့နိုင်ရန် လာအိုအစိုးရက အစီအစဉ်အမျိုးမျိုးနှင့် မူဝါဒများ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတာကို လေ့လာတွေ့ရှိရပါတယ်။

အမျိုးသားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျော့ချခြင်း မဟာဗျူဟာ (National Growth and Poverty Eradication Strategy -NGPES)

           NGPES ကို ဆင်းရဲမှုလျှော့ချခြင်းနှင့် စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရည်ရွယ်၍ ၂၀၀၃ မှ ၂၀၂၀ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ မဟာဗျူဟာကို အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးကဏ္ဍများအား ရွေးချယ် ဆောင်ရွက်ရန် ၂၀၁၀ ခုနှစ်တွင် ရေးဆွဲ ချမှတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ပြန်လည်အသစ်ပြုပြင်ထားသော မဟာဗျူဟာ သည် ၂၀၂၀ ခုနှစ်၌ နိုင်ငံ၏ ဆင်းရဲမှုနှုန်းကို ၁၈%အထိ လျှော့ချရန်နှင့် မြို့ပြနှင့် ကျေးလက်ဒေသများ အတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရာ၌ ကွဲပြားခြားနားချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ပါတယ်။

           NGPES အရ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ခြင်း၊ တည်ငြိမ်သော ငွေကြေး လဲလှယ်မှုနှုန်းရှိစေရေန် ထိန်းချုပ်ခြင်းနှင့် ဘတ်ဂျက်လိုငွေလျှော့ချခြင်းတို့အပါအဝင် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများချမှတ်ပြီး အသေးစားစီးပွားရေးလုပ်ငန်းများ တည်ငြိမ်မှုရှိစေရန် ထိန်းသိမ်းကိုင်တွယ် ခဲ့တာ တွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်း နယ်ပယ်ကို ချဲ့ထွင်ခြင်း၊ ဘဏ္ဍာငွေရရှိမှု တိုးမြှင့်ခြင်းနှင့် စွန့်ဦးစီးပွားရေးတီထွင်မှုများ တိုးမြင့်ဆောင်ရွက်ခြင်းကဲ့သို့သောစီမံချက်များဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု တိုးမြင့်လာစေရန် မျှော်မှန်းဆောင်ရွက်ခဲ့ပါတယ်။ စိုက်ပျိုးရေးကိုအခြေခံသော ကုန်ထုတ်လုပ်နိုင်မှုစွမ်းအား တိုးမြှင့်ပေးခြင်း၊ ကျေးလက်ဒေသများတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့သော လူမှုရေးရာဝန်ဆောင်မှုလုပ်ငန်းများ ထောက်ပံ့ပေးခြင်းတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ရည်မှန်းဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

           နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၂၀၀၃ ခုနှစ်တွင် ၃၃.၅% ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၂၃.၂% အထိ ကျဆင်းသွားခဲ့ခြင်းကြောင့် NGPES သည် သိသာထင်ရှားစွာအထောက်အကူဖြစ်စေခဲ့တဲ့ မဟာဗျူဟာလို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ သို့ရာတွင် အုပ်ချုပ်မှုနှင့် အကျင့်ပျက်ချစားမှုဆိုင်ရာကိစ္စရပ်များကြောင့် စိန်ခေါ်မှုများရှိခဲ့ပြီး အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ ရှိခဲ့တယ်လို့ဆိုပါတယ်။ သဘာဝသယံဇာတ အကန့်အသတ်ရှိမှု၊ ဗျူရိုကရေစီစနစ် မထိရောက်မှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်လည်း စိန်ခေါ်မှုများရှိခဲ့တဲ့အတွက် သယံဇာတနှင့် နည်းပညာအကူအညီများ စုစည်းရယူနိုင်ရန် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ့ရပြီး  အုပ်ချုပ် မှုစနစ်နှင့် ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းများ လွယ်ကူလျင်မြန်မှုရှိစေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင် ရွက်ပေးခဲ့တာ တွေ့ရပါတယ်။

အမျိုးသားအာဟာရဆိုင်ရာမဟာဗျူဟာ (National Nutrition Strategy-NNS) (၂၀၁၆-၂၀၂၅)

           မကြာသေးမီနှစ်များက လာအိုနိုင်ငံတော်အစိုးရသည် ကျေးလက်လူဦးရေ၏ အသက် (၅) နှစ် အောက်ကလေးငယ်များ၏အာဟာရဆိုင်ရာအခြေအနေများ တိုးတက်စေရန် NNS ကို စတင် ဆောင်ရွက် ခဲ့ပြီး အာဟာရပြည့်ဝသောအစားအစာများ ပိုမို ရရှိစေရန်၊ မိခင်နို့တိုက်ကျွေးမှုနှုန်း မြှင့်တင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုရရှိစေရန်အတွက် အဓိကထားဆောင်ရွက် ပေးခဲ့တာ တွေ့ရှိရပါတယ်။

           ကိုဗစ်-၁၉ကပ်ရောဂါတုန့်ပြန်ဖြေရှင်းမှုအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် ကိုဗစ်-၁၉ဆိုင်ရာ စီးပွားရေးသက်သာချောင်ချိရေးစီမံချက်များ (၂၀၂၀-၂၀၂၁)ကို ဆောင်ရွက်ခဲ့ပြီး တောင်သူလယ်သမားများအတွက် ငွေကြေးထောက်ပံ့မှု၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှုတိုးမြှင့်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်းတို့ ပါဝင်ပါတယ်။ 

လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (ADS)

           စဉ်ဆက်မပြတ်စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် လယ်သမားများ၏အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) ကို ၂၀၁၁ ခုနှစ်တွင် ရေးဆွဲခဲ့ပါတယ်။ မဟာဗျူဟာသည် အထူးသဖြင့် လုပ်ကွက်ငယ်တောင်သူများအတွက် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်နိုင်မှုစွမ်းအားနှင့် ဝင်ငွေသိသာစွာ တိုးပွားလာစေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏အဆိုအရ ADS သည် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု နှုန်းလျှော့ချရန် များစွာအထောက်အပံ့ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

လေ့လာတွေ့ရှိချက်

           လေ့လာတွေ့ရှိချက်များအရ လာအိုနိုင်ငံအစိုးရသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့်အလျောက် ကန့်သတ်ချက်၊ လိုအပ်ချက်များစွာ ရှိသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဆောင်ရွက်မှုများထဲမှ လျှပ်စစ်ဓာတ်အားရရှိရေး အိမ်ထောင်စု(HH)အဆင့် ၁၀၀% ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အိမ်နီးချင်းနိုင်ငံများသို့ Export လုပ်နိုင်ခြင်း၊ Industrial Revolution 4.0 နှင့်ကိုက်ညှိပြီး လျှပ်စစ်ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်မှု အခြေအနေရှိခြင်း၊ ပို့ဆောင်ရေးအနေဖြင့် လည်း လျှပ်စစ်အမြန်ရထား ပြေးဆွဲဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံ၏လူဦးရေနည်းပါးခြင်း၊ နိုင်ငံရေး တည်ငြိမ် မှုရှိခြင်း၊ ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ မရှိခြင်းများကြောင့် စာရေးသူတို့နိုင်ငံထက် ပိုမို တိုးတက်လာပြီး ဆင်းရဲမှုနှုန်းကို သိသိသာသာ လျှော့ချနိုင်တာ တွေ့ရပါတယ်။ အာဆီယံအစည်းအဝေး များမှာ အကြိမ်ကြိမ်တွေ့ဆုံဖူး၊ ဆွေးနွေးဖူး၊ ကိုယ်တိုင်လည်း ရောက်ဖူးတဲ့လာအိုနိုင်ငံထက် ကျွန်တော်တို့ တိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်။ ကျွန်တော်တို့လူမျိုးတွေဟာ သူများတွေနဲ့လည်း ယှဉ်ပြီး သူတို့ ထက်သာအောင်လည်း လုပ်နိုင်ပါတယ်။ မိမိတို့နေထိုင်လျက်ရှိတဲ့ နိုင်ငံကို မိမိတို့ကိုယ်တိုင် ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရမှာဖြစ်ပြီး အပြင်ကမည်သူ တစ်ဦးတစ်ယောက်မှ လာရောက်ဆောင်ရွက် ပေးမှာ မဟုတ်ပါ။ ဒါကြောင့် ကျွန်တော်တို့အားလုံး နိုင်ငံရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို မိမိတတ်နိုင်တဲ့ အခန်းကဏ္ဍက ပါဝင်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့၊ တည်ငြိမ်အေးချမ်းတဲ့၊ စည်ပင်သာယာဝပြောတဲ့၊ ဆင်းရဲမှုလွတ်ကင်းတဲ့ နိုင်ငံတစ်ခုဖြစ်အောင် အတူတကွပေါင်းစည်းညီညွတ် ဆောင်ရွက်သွားကြပါစို့ဟူ၍ တိုက်တွန်းပြောကြားရင်း လေးစားစွာရေးသားတင်ပြလိုက်ရပါတယ်။

 

ခန့်ဇော် (ကျေးလက်)