အလယ်အလတ်အဆင့် (Grade-2) နှင့် အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်-၁၀၁ သင်တန်းဖွင့်ပွဲကျင်းပ


Ministry of Information/ Naypyitaw / October 12, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၁၁

အလယ်အလတ်အဆင့် (Grade-2) နှင့် အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းအမှတ် စဉ်-၁၀၁ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ယခုဖွင့်လှစ်သည့် Grade-2 ၊ 3 သင်တန်းတွင်လည်း စာရင်းပညာနားလည်တတ်ကျွမ်းပြီး စည်းမျဉ်းစည်း ကမ်းများနှင့်အညီ စာရင်းမှတ်တမ်းများကို အမှားအယွင်းမရှိ တိကျမှန်ကန်စွာရေးဆွဲ ဆောင်ရွက်နိုင်စေရန်နှင့် ရုံးလုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝ စွာဆောင်ရွက်နိုင်စေ ရန်တို့အတွက် လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးချနိုင်မည့် ဘာသာရပ်များဖြင့် ပို့ချသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမှုများကို လက်တွေ့ပြန်လည်အသုံးချနိုင်ရန် အလေးထားလေ့လာသင်ယူ မှတ်သားကြရန်နှင့် သင်တန်းစည်းကမ်းများကိုလေးစား လိုက်နာပြီးနိုင်ငံနှင့်ဌာနမှ အားထားရသည့် ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာအချက် အလက်များကို ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ၃၀၀ ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း ရန်ကုန်တွင် ၁၅၇ ဦးနှင့် တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ၁၂၀ စုစုပေါင်းသင်တန်းသား ၅၇၇ ဦးကို အောက်တိုဘာ ၁၁ ရက် မှ ဒီဇင်ဘာ၂၁ ရက်အထိ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်း စစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်