အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဖိုရမ်နှင့် လေ့လာရေး

Ministry of Cooperatives and Rural Development | Aug 16, 2023

(၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဖိုရမ် (ASEAN-China Social Development and Poverty Reduction Forum)တက်ရောက်ရန်အတွက် စာရေးသူ အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ကိုနေထက်ရှိန်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုမောင်ညိုတို့နဲ့အတူ (၂၄.၆.၂၀၂၃) ရက်နေ့မှာ ရန်ကုန်-ကွမ်ကျိုး ခရီးစဉ်ကို လေယာဉ်၊ ကွမ်ကျိုး-နန်နင်း ခရီးစဉ်ကို လေယာဉ်၊ နန်နင်းမှ Beihai (ပေဟိုင်)ခရီးစဉ်ကိုတော့ ကားနဲ့စီးခဲ့ရတာမလို့ လေယာဉ် (၂)ဆင့်၊ ကား (၁)ဆင့် စီး၍ ခရီးနှင်ခဲ့ရပါတယ်။ ကွမ်ကျိုးလေဆိပ်မှာ (၆)နာရီ ကြာစောင့်ရလို့ အဆင်သိပ်မပြေ ပေမယ့် Southern China Airline Business Lounge မှာ စောင့်ရတာ သက်တောင့်သက်သာတော့ ရှိပါတယ်။ နန်နင်းကို ရောက်တော့ ည (၁၂:၀၀) နာရီ၊ နန်နင်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ရှိသူ အပါအဝင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ဝန်ရုံးမှ ကိုကျော်စိုးသိမ်း၊ Counsellor General နှင့် Ms. Daisy၊ မြန်မာစာနဲ့ ဘွဲ့ရတဲ့ တရုတ်ဝန်ထမ်းတို့ လာကြိုပါတယ်။ မြန်မာ စကားပြန်ပါတော့ အစစ အဆင်ပြေပါတယ်။ ရှည်လျားတဲ့ခရီးစဉ်မို့ ငြီးငွေ့စရာဆိုပေမဲ့ပေါ့။ နန်နင်းကနေ ပေဟိုင်ကို ဘာ့ကြောင့် လေယာဉ်တိုက်ရိုက်မစီစဉ်တာလဲလို့ တွေးမိသလို Busကားနဲ့ သွားရတာကြောင့် ညဉ့်နက်ကြီး ကားဆက်စီးရတာ စိတ်ထဲ သိပ်အဆင်မပြေပေမယ့်လည်း ကားနဲ့ သွားရတဲ့အတွက် တရုတ်နိုင်ငံတောင်ပိုင်းအစွန်း Shanxi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မြင်စေရန် စီစဉ်ပေးခဲ့ပုံရတယ်လို့ သဘောပေါက်မိရသလို လမ်းမကြီးတွေ ကောင်းတာလည်း သိခဲ့ရပါတယ်။

တောင်ဘက်အစွန်းဒေသတွေမှာတောင် လမ်းတွေ၊ တံတားတွေ ဒီလောက်ကောင်းရင် Main Land ဆိုရင် ပိုကောင်းမယ်ဆိုတာ အသေအချာပါပဲ။ Bus ကားနဲ့ သွားတာဖြစ်ပေမယ့် ကီလိုမီတာ (၁၀၀)ဝန်းကျင် ပုံမှန်မောင်းနေတာမှာလည်း ကားကငြိမ်နေတာပါပဲ၊ ကျွန်တော်တို့ အတုယူပြီး လုပ် စရာတွေ အများကြီးရှိပါသေးတယ်။ ဒီလိုနဲ့နံနက်(၃)နာရီမှ Hotel ရောက်ပါတယ်။ နံနက်(၉) နာရီမှ အိပ်ယာကနိုး၊ အိပ်ယာကနိုးလို့ လိုက်ကာဖွင့်ကြည့်တော့ Hotel အခန်းက Sea Viewမို့ မြင်ကွင်းက အင်မတန်သာယာလှပါတယ်။ လေငြိမ်နေတော့ မြင်နေရတဲ့ပင်လယ်ပြင်ကြီးက ပြန့်ပြန့်ပြူးပြူး… ကမ်းစပ်ကို ကြည့်လိုက်တော့လည်း အလွန်သန့်ရှင်းသပ်ရပ်.. အမှိုက် တွေမရှိ………..။

          ကမ်းခြေ(Beihai Silver Beach)ကို လိုက်ပို့ပေးလို့ သွားတော့လည်း လေငြိမ်နေတဲ့အချိန်မို့ ချောင်းသာတို့ ငွေဆောင်တို့လို လှိုင်းမရှိ၊ သဲက ဖြူနေပြီး ပွမနေပဲ သိပ်နေတယ်။ လမ်းလျှောက်ရင် ခြေထောက်တွေ သဲထဲကို မကျွံဘူး။ ဒီနေရာမှာလည်း ဘာအမှိုက်မှ မရှိဘဲ သန့်ရှင်းနေတာပါပဲ။ မြန်မာနိုင်ငံမှာလို အုန်းပင်တွေ သိပ်မရှိပါဘူး။ မြောက်ပိုင်းကလူတွေ ဆောင်းတွင်းမှာ တောင်ပိုင်း ကမ်းခြေကိုလာပြီး အပန်းဖြေကြတယ်လို့ သိရပါတယ်။ စည်းကမ်းလည်း ရှိကြပါတယ်။ တောင်ပိုင်း က ထွက်ကုန်တွေကို နန်နင်း၊ ကွမ်ကျိုး အပါအဝင် Main Landကို ပို့နိုင်တာပေါ့။

နေ့လယ်ပိုင်းမှာ ပေဟိုင်မြို့ရဲ့Old Streetကိုပို့ပေးတာကြောင့် ရှေ့နှစ်ပေါင်းများစွာ မြို့စတည် ကတည်းကရှိတဲ့ လမ်းနဲ့ အဆောက်အဦးများကို ယခင်ပုံစံအတိုင်းထားပြီး ပြင်ဆင်မွမ်းမံထားတာ တွေ့ခဲ့ရပါတယ်။ တစ်လမ်းလုံး ပင်လယ်စာ စားသောက်ဆိုင်တွေချည်းပါပဲ။ ပင်လယ်စာ၊ ဒေသထွက် ကုန်ပစ္စည်းတွေ ရောင်းတယ်။ ညမှာ စည်ကားတယ်ပြောပါတယ်။ အဲဒီနေရာမှာလည်း ကျွန်တော် လေ့လာမိခဲ့တာက ဘာအနံ့အသက်မှ မရပဲ သန့်ရှင်းနေတာ၊ ပင်လယ်စာအစုံ အကုန်ရှိပေမဲ့ ဘာယင်ကောင်မှ ရှိမနေတာပါပဲ။ ကျွန်တော်တို့ဆီမှာဆို ငါးပိ၊ ငါးခြောက်တန်းဆိုရင် အနံ့ ရှိတယ်။ ယင်ကောင်တွေ ရှိတယ်။ ဘာကြောင့်လဲ… ဘာကွာလဲ၊ စည်ပင်သာယာအဖွဲ့တွေရဲ့ အမှိုက်သိမ်းစနစ် ကောင်းလို့… အိမ်တိုင်း၊ ဆိုင်တိုင်းက စည်းကမ်းတွေ လိုက်နာကြလို့ ဖြစ်မှာပါ။

ညဘက်မှာ ဒုတိယညွှန်ကြားရေးမှူးချုပ်က သူနဲ့ ဒေသခံသူငယ်ချင်း (၂)ဦးရဲ့ ဖိတ်ခေါ်ချက် အရ ညဘက်Touristတွေ အလာများပြီး စည်ကားတဲ့စားသောက်ဆိုင်တန်းကို ခေါ်ပါတယ်။ တစ်ဦးက စီးပွားရေးသမားဖြစ်ပြီး နောက်တစ်ဦးကတော့ ခရိုင်အုပ်ချုပ်ရေးမှူးလို့ ပြောပါတယ်။ လူငယ်တွေ ပါပဲ။ ဝတ်စားဆင်ယင်မှုက ဘာပကာသနမှ မရှိ ပုံမှန် Sport Shirt ဝတ်ထားပြီး ဖော်ဖော်ရွေရွေ ရှိပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ရလို့ ဝမ်းသာနေကြပါတယ်။ စားသောက်ဆိုင်တန်းက ကမ်းခြေနဲ့နီးတော့ စက်လှေငယ်အများအပြားကို ချောင်းအတွင်း ဆိပ်ကမ်းမှာ ကပ်ထားတာ တွေ့မြင် ရပါတယ်။ စားသောက်သူတွေက ကမ်းစပ်စက်လှေဆိပ်အနီးမှာ ထိုင်ကြတာများတယ်။ ဒီမှာ ကျွန်တော် လေ့လာမိတာက ငါးဖမ်းစက်လှေတွေ အများကြီးရှိတယ်။ စားသောက်ဆိုင်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ပင်လယ်ငါး၊ ပုဇွန်အနံ့ ဘာအနံ့မှ မရဘူး။ စက်လှေတွေလည်း သန့်ရှင်းသလို ဆိပ်ကမ်းလည်း သန့်ရှင်းတယ်ဆိုတာပါပဲ။

အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဖိုရမ်

နောက်တစ်နေ့၊ ဇွန်လ (၂၆)ရက်နေ့မှာတော့ (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုလျော့ချရေးဖိုရမ်ကို တက်ရောက်ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဖိုရမ်မှာ ဆွေးနွေးတဲ့ခေါင်းစဉ် အားလုံးဟာ သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ စျေးကွက်ပေါင်းစည်းမှု၊ ကုန်သွယ်မှုနှင့် ဆင်းရဲ မွဲတေမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းမှ ကျေးလက်ဒေသပြန်လည်ဆန်းသစ်ရေး၊ ဂေဟစနစ် ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဆင်းရဲမှု လျော့ချရေး၊ ကျေးလက်ဒေသများ၏ခံနိုင်ရည်စွမ်းအား ကောင်းစေပြီး ကျေးလက်နေပြည်သူများ ဆင်းရဲတွင်းသို့ ပြန်မကျရောက်စေရန် ကာကွယ်ရေးစတဲ့ ကဏ္ဍအလိုက်ချိတ်ဆက်မှုတွေကို အဓိကထား ဆွေးနွေးခဲ့ ကြပြီး လက်တွေ့မျက်မြင်ချိတ်ဆက်မှုများကိုတော့ လေ့လာရေးသွားရောက်ချိန်မှာ မျက်ဝါးထင်ထင် တွေ့မြင်ရတော့တာဖြစ်ပါတယ်။

စျေးကွက်ပေါင်းစည်းမှု၊ ကုန်သွယ်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး

          (၂၈.၆.၂၀၂၃) ရက်နေ့ နံနက်ပိုင်းမှာ ပေဟိုင်း International Park မှာရှိတဲ့ Guangxi Hetian Baolong Food Co.,Ltdရဲ့ Sea Duck Egg Industryကို သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဘဲဥအလုံးရေ သန်း(၉၀)ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး တရုတ်နိုင်ငံမှာ နံပါတ်တစ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်အားလုံးကို နည်းပညာ၊ စက်ပစ္စည်း အသုံးပြု မွေးမြူတာတွေ့ရပြီး ထုတ်ပိုး ပြင်ဆင်ထားပြီးဖြစ်တဲ့ ဘဲဥ(အသင့်စား)ထွက်ကုန်တွေကို မြို့ပေါင်း (၅၀၀)ကျော်အထိ Online E-Commerceနဲ့ Off-lineတို့မှ နေ့စဉ် ဖြန့်ဖြူးရောင်းချပေးပါတယ်။ Online Marketing Platform မှ ဖြန့်ဖြူးရောင်းချတဲ့တိုးတက်မှုကို လေ့လာခဲ့ရပါတယ်။ Smart and Digital Processများရဲ့ တိုးတက် မှုကိုလည်း လေ့လာခဲ့ရပါတယ်။ ဒေသမှာရှိတဲ့ ဆင်းရဲသူ အိမ်ထောင်စုပေါင်း (၆၃၇)စုကို ဆင်းရဲမှုမှ လွတ်မြောက်အောင် ကူညီနိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ အိမ်ထောင်စုပေါင်း (၂,၈၈၈) စု၊ ကျေးရွာ (၁၈) ရွာကို အကျိုးပြုနိုင်တာ တွေ့ရပါတယ်။ R&Dကို အလေးထားပြီး Guangxi University နှင့် ပူးပေါင်းဆောင်ရွက်နေတာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ စက်ရုံတစ်ရုံအနေနဲ့ နေ့စဉ်စားသုံးမှုမှာအရေးပါတဲ့ ဘဲဥထုတ်လုပ်ခြင်းမှ ဒေသစီးပွားရေး တိုးတက်မှုအဖြစ် ဆင်းရဲနွမ်းပါး ပြည်သူများကို ဆင်းရဲတွင်းမှလွတ်အောင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ဝင်ငွေ တိုးအောင် ဆောင်ရွက်နိုင်ခဲ့တာတွေ့ရပါတယ်။

          ဆက်လက်ပြီး Baking town industrial zone မှာရှိတဲ့ Mooncake ထုတ်လုပ်တဲ့ စက်ရုံကို လေ့လာခဲ့ရပါတယ်။ စက်ရုံဆိုပေမယ့် သမိုင်းအဆက်ဆက်က Mooncake  ထုတ်လုပ်ပုံအဆင့်ဆင့်၊ Designအမျိုးမျိုး ထုတ်လုပ်ခဲ့မှု Moldများကို ပြတိုက်သဖွယ် တည်ဆောက်ပြသထားပြီး သမိုင်း ကြောင်းကို စနစ်တကျထိန်းသိမ်းထားတာတွေ့ရပါတယ်။  Mooncakeကို ယဉ်ကျေးမှုသဖွယ် သမိုင်း တွင်အောင် ထုတ်လုပ်ခဲ့မှု၊ စားသုံးကြမှု၊ တန်ဖိုးထားမှုတွေကို တွေ့ရပါတယ်။ Design/ Mold များကို စဉ်ဆက်မပြတ်ကောင်းအောင်လုပ်ခဲ့ကြတော့ ထုတ်ပိုးမှု ကောင်းတယ်၊ ရေကန်တွေအပါအဝင် ဉယျာဉ် တစ်ခုပုံစံ ပြင်ဆင်ထားပြီး Tourism ဧရိယာအဖြစ်ပါ ဖော်ဆောင်ထားတာတွေ့ရသလို Industrial, Commercial, Tourism ပေါင်းစပ်ထားတဲ့စီးပွားရေးဇုန်အဖြစ် တွေ့ရပါတယ်။ အလုပ်အကိုင် ဖန်တီး မှုပေါင်း (၅,၁၀၀)ရှိပါတယ်။ ထုတ်လုပ်မှုကွင်းဆက်အားလုံး ပါဝင်တာတွေ့ရပါတယ်။ Primary Industry မွေးမြူထုတ်လုပ်မှု၊ Secondary Industry တန်ဖိုးမြင့်ထုတ်လုပ်မှု နဲ့ Tertiary Industry အနေနဲ့ Serviceလုပ်ငန်းများ ပါဝင်ဆောင်ရွက်နေပြီး Industry စဉ်ဆက်မပြတ်ဖွံ့ဖြိုးနေဖို့ Quaternary အနေဖြင့် R&D ကို တက္ကသိုလ်များနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာ လေ့လာတွေ့ရှိခဲ့ရပါတယ်။

စက်မှုကဏ္ဍ (Industrialization)ကို မြှင့်တင် ဆောင်ရွက်လျက်ရှိရာမှာ စီးပွားရေးဇုန်အဖြစ် ထုတ်လုပ်မှုကွင်းဆက်(Supply Chain) တစ်ခုလုံး ပေါင်းစပ်ထားရှိတဲ့အပြင် ထုတ်ကုန်များကို e-Commerceစနစ်နဲ့ ဆောင်ရွက်ပေးနေတာ၊ စက်ရုံများရဲ့လုပ်ငန်းဆောင်ရွက်မှုပိုင်းကို သုတေသန လုပ်ဆောင်ပြီး ဖွံ့ဖြိုးရေးတိုးတက်မှု (Research and Development)အတွက်ပါ တက္ကသိုလ်များနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စက်ရုံအလုပ်ရုံတွေ၊ အသေးစားစက်မှု လက်မှု လုပ်ငန်းတွေကို Research and Development ပိုင်းအတွက် တက္ကသိုလ်၊ ကောလိပ်များနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မယ်ဆိုရင် စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ကောင်းမွန်စေမှာ ဖြစ်သလို ပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမယ်လို့ သုံးသပ် မိရပါတယ်။

စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းမှ ကျေးလက်ဒေသပြန်လည်ဆန်းသစ်ရေး

          ညနေပိုင်းလေ့လာမှုအနေနဲ့ ဥစားကြက်မွေးမြူရေးလုပ်နေတဲ့ The Fengji Liangshan Hens Industry Modern Demonstrations Zone ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဧကပေါင်း (၂၈၀) ကျော် ကျယ်ဝန်းပါတယ်။ ကြက်မွေးမြူရေး Standard စက်ရုံ (၁၂)ရုံ (ကျွန်တော်တို့နိုင်ငံမှာ ဆိုရင်တော့ ခြံပေါ့)၊ ဒီမှာက အိမ်လို့ ပြောလို့ရတယ်လေ၊ အစာစက်ရုံ (၁)ရုံ ရှိတယ်။ အစာ မဝယ်ရ ဘူးပေါ့။ မြန်မာနိုင်ငံမှာက အစာဝယ်ကြတာများတယ်၊ မထုတ်လုပ်ကြဘူး။ ဒါ့အပြင် ကြက်ချေး တွေကိုအသုံးပြုပြီး မြေဩဇာထုတ်တဲ့ သဘာဝမြေဩဇာစက်ရုံ (၁)ရုံပါရှိတာ တွေ့ရတယ်။ ဘေးထွက်စွန့်ပစ်ပစ္စည်းကြက်ချေးတွေကို မြေဩဇာထုတ်တော့ ဘာမှစွန့်ပစ်ဖို့မလိုပဲ ပြန်အသုံးပြုလို့ ရတာပေါ့။ ထောင့်စေ့အောင် စီမံထားနိုင်တာ တွေ့ရပါတယ်။ ကြက်ဥစက်ရုံတည်ဆောက်ထားတဲ့ ပုံစံက ကြက်ဥ ထုတ်လုပ်မှု၊ သန့်ရှင်းမှု၊ ထုတ်ပိုးမှုတွေအားလုံးကို လေ့လာသူတွေ မှန်ခန်းကနေ ကြည့်မြင်နိုင်အောင် လုပ်ထားပေးပါတယ်။ ရှင်းပြရန်ပြင်ထားတဲ့နေရာတွေမှာလည်း ပြတိုက်သဖွယ် ပြင်ဆင်ပြသထားတာတွေ့ရပါတယ်။ R&D Center, e-commerce, logistics centerတွေ ပါဝင် ဖွဲ့စည်းတည်ဆောက်ထားပြီး Full Industrial Chain Farming Model ဖြစ်တာ တွေ့ရပါတယ်။

ကြက်ဥထုတ်လုပ်မှု တစ်ခုတည်းမလုပ်ပဲ ကြက်ဥနဲ့လုပ်တဲ့ မုန့်တွေလည်း ထုတ်တာ တွေ့ရ ပါတယ်။ စက်ရုံရဲ့ရည်မှန်းချက်က Overall Process Automation, digitization, information, resource utilization and ecological sustainabilityဖြစ်တယ်။ ဥကြက် (၁.၂)သန်း မွေးမြူထားပြီး ကြက်သားပေါက် (၃)သိန်း ဖောက်နိုင်ပါတယ်။ တစ်နေ့ကို ကြက်ဥ (၁)သန်း ထုတ်လုပ်နိုင်ပါတယ်။ အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူ (ကျေးရွာလယ်သမား)ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP Model)ဖြစ်ပြီး ယွမ် (၃.၆)သန်းကို ရွာ (၆)ရွာရဲ့ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေမှ ထည့်ဝင်တာဖြစ်ပါတယ်။ အိမ်ခြေ (၁၀၄၇) အိမ် ဆင်းရဲမှုလျှော့ချနိုင်ပြီး ရွာသား (၈၆)ဦးကို အလုပ် ပေးထားနိုင်ပါတယ်။ ခြံလုပ်သား (၁)ဦးက (၁)လကို ယွမ်(၅၀၀၀) လစာရပါတယ်။ ယခုမြန်မာငွေနဲ့တွက်ရင် သိန်း(၂၀)ရှိပါတယ်။ အလုပ်သမား (၃၆၀၀)အလုပ်ပေးထားနိုင်ပါတယ်။ ကြက်ဥကို Yellow Swan Brandနဲ့ ထုတ်လုပ်ဖြန့်ဖြူးတာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့နည်းပညာလို့ သိရပါတယ်။ ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်း ရရှိထားပါတယ်။

Industrialization ကိုဆောင်ရွက်ရာမှာ Private Sector အနေနဲ့ Seed Capital ဖြစ်တဲ့ ကုန် ထုတ်လုပ်မှုဆိုင်ရာအခြေခံအဆောက်အအုံနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ပေး၊ အစိုးရက လုပ်ငန်း လည်ပတ်ဖို့အတွက် အမျိုးသားအဆင့် ပြန်လည်ရှင်သန်ရေး ရန်ပုံငွေ(Revitalization Fund)မှတဆင့် သွင်းအားစုများ ရရှိအောင် ရန်ပုံငွေထောက်ပံ့၊ ပြည်သူက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီး အစိုးရ-ပုဂ္ဂလိက-ပြည်သူ ပူးပေါင်းဆောင်ရွက်တဲ့စနစ် ကို ကျင့်သုံးဆောင်ရွက်တာဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသမှာ e-Commerce  စနစ်ဖွံ့ဖြိုး တိုးတက်လာစေဖို့တင်မက Tourismနဲ့ logistics centerများကိုပါ ပေါင်းစပ်ထားတာကို တွေ့ရှိရ ပါတယ်။ မြန်မာနိုင်ငံတွင်လည်း စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု စက်ရုံများတည်ဆောက်ရာမှာ Industrial, Commercial, Tourism နဲ့ logistics center များ ပေါင်းစပ်ထားတဲ့ စီးပွားရေးဇုန်အဖြစ် ထုတ်လုပ်မှုကွင်းဆက်အားလုံး ပေါင်းစပ်ထားရှိပြီး E-Commerce Online ဈေးကွက်နှင့် လက်လီ လက်ကားရောင်းဝယ်နိုင်တဲ့ Offlineဈေးကွက်(၂)မျိုးစလုံးကို ဆောင်ရွက်နိုင်လျှင် စက်မှုကဏ္ဍ ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုပပျောက်ရေးတို့အတွက် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်မယ်လို့ သုံးသပ်မိရပါတယ်။

ဂေဟစနစ် ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဆင်းရဲမှုလျော့ချရေး

Pingxin Bayi စံပြကျေးရွာကို သွားရောက်လေ့လာခွင့်ရခဲ့တော့ အိမ်ခြေ (၇၆) အိမ်၊ လူဦးရေ (၃၀၅)ဦးပဲရှိတဲ့ ကျေးရွာလေး သေးသေးဟာ အတော်သဘောကျစရာပါပဲ။ စိုက်ပျိုးနိုင်တဲ့ မြေ ပိုင်ဆိုင်မှုအနေနဲ့လည်း သိပ်မများပါဘူး။ (၃၀၅) ဧကပဲ ရှိပါတယ်။ တစ်အိမ်ကို (၄)ဧကခန့် ပိုင် ဆိုင်တဲ့သဘောပါပဲ။ စိုက်ပျိုးရေအနေနဲ့ မြေအောက်ရေ ရတယ်လို့ပြောပါတယ်။ ကုန်ထုတ်လမ်း အားလုံးဟာ ကွန်ကရိ လမ်းတွေပါ။ စပါး မစိုက်ပါဘူး။ Cash Crop ငွေရလွယ်တဲ့ သီးနှံတွေဖြစ်တဲ့ လိုင်ချီး၊ နဂါးမောက်၊ သခွားမွှေးစတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စိုက်တာတွေ့ရပါတယ်။ ၁၀၀ ရာခိုင်နှုန်း Green House စနစ်ကို ကျင့်သုံးစိုက်ပျိုးကြတာ တွေ့ရပါတယ်။ စပါးစိုက်သလို ရေ အများကြီး မလိုအပ်ပါဘူး။ တစ်ရွာလုံး Green House စနစ်သုံးပြီး စိုက်တဲ့သီးနှံတွေဖြစ်တဲ့အတွက် ဈေးကွက်ချိတ်ဆက်မှုအဆင်ပြေတာတွေ့ရပါတယ်။ လယ်သမားတစ်ဦး(၁)နှစ်ဝင်ငွေ ယွမ်(၂၀,၀၀၀) မှ (၂၅,၀၀၀) တိုးတက်ရရှိခဲ့တာကို လေ့လာခဲ့ရပါတယ်။ မြန်မာငွေ သိန်း(၁၀၀) ဝင်ငွေရှိတဲ့သဘော ပေါ့။ အိမ်တွေကို အုပ်စု (၃)စု ခွဲပြီး လေ့လာခဲ့ပါတယ်။ ကျွန်တော်တို့ လေ့လာခဲ့တဲ့အိမ်က (၃)ထပ် အိမ်ဖြစ်ပြီး အိမ်ရှေ့မှာ မာစီးဒီး(စ်)ကား (၁)စီးရှိတယ်။ စိုက်ပျိုးမြေ (၄)ဧကလောက်ပိုင်တယ်။ အိမ်ကောင်း ရှိတယ်၊ တိုက် ကောင်းကောင်းပိုင်တယ်၊ ကားပိုင်တယ်၊ Green House (၈၀)လောက် ရှိတယ်။ အိမ်တိုင်း (၂)ထပ်/ (၃)ထပ်အိမ်များ ဖြစ်တယ်။ လှလှပပ၊ သန့်သန့်ရှင်းရှင်းရှိပါတယ်။ ဝင်ငွေကောင်းပြီး အားလုံးအဆင်ပြေပျော်ရွှင်နေကြတာတွေ့ရပါတယ်။ အိမ်တွေမှာ ခြံစည်းရိုးရယ်လို့ မရှိဘူး။ အားလုံးအဆင်ပြေကြတော့ ပစ္စည်း မပျောက်၊ သူခိုးမရှိတဲ့ သဘောပါပဲ။

ဆင်းရဲမှုလျှော့ချရေးစီမံကိန်းတွေ ထောက်ပံ့မှုနဲ့ ဒီလိုဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ စီမံကိန်းက လိုအပ်တဲ့နည်းပညာတွေ၊ သင်တန်းတွေ၊ ငွေ ကြေးအထောက်အပံ့တွေ ပေးခဲ့ပါတယ်။ ခုတော့ ပတ်ဝန်းကျင်ရွာတွေမှာလည်း ဧက (၆,၀၀၀) ကျော် Green Houseတွေ တိုးချဲ့စိုက်ပျိုး ထုတ် လုပ်နေပါပြီ။ ဆိပ်ကမ်းနဲ့သိပ်မဝေးတော့ ထုတ်ကုန်တွေ ဈေးကွက်အရောက်ပို့ဖို့လဲ သိပ်မဝေး လှပါဘူး။ စံပြရွာက မြို့လိုပါဘဲ၊ အစိုးရရဲ့ အထောက်အပံ့ စီမံကိန်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ရွာသားတွေရဲ့ကြိုးစားအားထုတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကျေးရွာခေါင်းဆောင်ကောင်းမှု၊ မြေ အပြည့်အဝ အသုံးချမှု၊ ဈေးကွက်ဝင်ငွေရလွယ်မှု၊ သီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ သီးနှံထွက်စွမ်းအားကောင်းမှုများကြောင့် ဝင်ငွေတိုးလာကြတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း သီးနှံများစိုက်ပျိုးရာမှာ Greenhouse စနစ်အသုံးပြုနိုင်ပါက သီးနှံအရည်အသွေးနဲ့ အထွက်နှုန်း ကောင်းမွန်လာပြီး စိုက်ပျိုးရေးကဏ္ဍ အမြန်ဖွံ့ဖြိုးတိုးတက်လာစေဖို့ အ‌‌ထောက်အကူပြုနိုင်မယ်လို့ သုံးသပ်မိရပါတယ်။ သဘာဝဂေဟစနစ်ကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုရာ ရောက်ပါတယ်။

ကျေးလက်ဒေသများ၏ခံနိုင်ရည်စွမ်းအား ကောင်းစေပြီး ကျေးလက်နေပြည်သူများ ဆင်းရဲတွင်းသို့ ပြန်မကျရောက်စေရန် ကာကွယ်ရေး

"မရှိ တောင့်တ၊ ရှိ ကြောင့်ကြ" ဆိုသလို ဆင်းရဲချိန်က လွတ်မြောက်ဖို့ ကြိုးစားခဲ့ရသလို လွတ်မြောက်လာသည့်အခါ ယခင်ဘဝ ပြန်မရောက်စေဖို့ ပူတောင့်ပန်းပင် ကြိုးစားကြရပြန်ပါတယ်။ တရုတ်နိုင်ငံဟာ နိုင်ငံရဲ့ဆင်းရဲမှုရာခိုင်နှုန်း(Poverty Incidence)ကို ၁၉၇၈ခုနှစ်တွင် ၃၁% ရှိခဲ့ရာမှ ၂၀၂၀ ခုနှစ်မှာ ၀%အထိလျော့ချနိုင်ခဲ့တာကြောင့် ဆင်းရဲသည့်လူဉီးရေ (၂၅၀)သန်းခန့် ဆင်းရဲတွင်းမှ လွတ်မြောက်အောင်ဆောင်ရွက်ပေးနိုင်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုကို အပြီးတိုင် ပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပေမဲ့ ဆင်းရဲနွမ်းပါးမှုအနေအထားသို့ ပြန်လည်မရောက်ရှိ စေဖို့ (Slip Back)ကာလတို၊ ကာလရှည်အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်နေကြပါတယ်။ အမြဲမပြတ် စောင့်ကြည့်စစ်ဆေးအကဲဖြတ်ရေးအစီအစဉ်(M&E)တွေ ဆောင်ရွက်နေတာ တွေ့ရတော့ မြန်မာနိုင်ငံ အနေနဲ့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများရဲ့ ကာလတို၊ ကာလရှည်အစီအမံတွေအပေါ် စဉ်ဆက်မပြတ် M&E စနစ်များ ထားရှိဆောင်ရွက်သင့်တယ်လို့ သုံးသပ်မိရပါတယ်။

UNရဲ့ဆင်းရဲမှုမျဉ်း(Poverty Line)သတ်မှတ်ချက်နဲ့အညီ တရုတ်နိုင်ငံဟာ absolute poverty (လူတစ်ဉီး တစ်နေ့ဝင်ငွေ (၁.၉)ဒေါ်လာအောက်)လူထုအား ၂၀၂၀ ခုနှစ်တွင် ၀ % အထိ လျော့ချနိုင် ခဲ့ပြီး ဒုတိယအဆင့်အနေနဲ့ လက်ရှိတွင် extreme poverty (လူတစ်ဉီးတစ်နေ့ ဝင်ငွေ (၃.၂) ဒေါ်လာအောက်)လူထုအား လျော့ချနိုင်ရေး ရည်မှန်းချက်ချမှတ်ဆောင်ရွက်လျက်ရှိသလို ဒီရည်မှန်း ချက်အောင်မြင်ပြီးပါကလည်း relative poverty(လူတစ်ဦး တစ်နေ့ဝင်ငွေ(၅.၅)ဒေါ်လာအောက်) လူထုအား ဆက်လက်လျော့ချနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတာကို အားကျဖွယ် တွေ့မြင်ရပါတယ်။

တစ်ဦးချင်းဝင်ငွေတိုးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မြင့်မားလာစေရန် စိုက်ပျိုးမွေးမြူရေးနည်းပညာသင်တန်းများ၊ ရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင်ရရှိရေးအတွက် ကျွမ်းကျင်မှုသင်တန်းများ၊ စိုက်ပျိုးရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ အမျိုးသမီး များအတွက် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေးသလို ဝေးလံခေါင်ဖျား ကျေးလက်ဒေသများသို့ သိပ္ပံနှင့် နည်းပညာနှင့် အင်တာနက် ချိတ်ဆက်ဝန်ဆောင်မှုများ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် လွယ်ကူလျင်မြန်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် E-Commerce စနစ် ထူထောင်ဆောင်ရွက်ပေးခြင်း၊ ဓါတုကင်းစင်သော အစိမ်းရောင် အစားအစာ ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာအောင် စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် နည်းပညာဖြန့်ဝေပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိတာ တွေ့ခဲ့ရပါတယ်။

ပေဟိုင်မှအပြန်….

          (၂၉.၆.၂၀၂၃)ရက်နေ့မှာလည်း လေ့လာရေးအစီအစဉ်တွေရှိပြီး ညနေပိုင်းမှ နန်နင်းကို ကားနဲ့ပြန်၊ နန်နင်းကနေ ကွမ်ကျိုးကို လေယာဉ်စီးရမှာဖြစ်ပေမယ့် လေယာဉ်က Cancelled ဖြစ်လို့ လေ့လာရေးတွေ မသွားဖြစ်တော့ပေမယ့် ပေဟိုင်-ကွမ်ကျိုးကို ရထားနဲ့ တိုက်ရိုက်ပြန်ဖြစ်ခဲ့ပါတယ်။ တိုက်ရိုက်ရထားမဟုတ်လို့ ကြားထဲမှာ (၁၀)ဘူတာကျော် ဖြတ်ခဲ့ရပါတယ်။ ရထားနဲ့ (၅)နာရီလောက် ခရီးသွားရင်း ဒီဆောင်းပါးကို ရေးဖြစ်ခဲ့ပါတယ်။ ရထားလမ်းတွေ ကောင်းပါတယ်၊ ငြိမ်ပါတယ်။ စာ ရေးလို့ ရပါတယ်။ ပတ်ဝန်းကျင်ရှု့ခင်း စိုက်ခင်းတွေ လေ့လာလို့ရပါတယ်။ မြေလွတ်မရှိအောင် မြင် မြင်သမျှ စိုက်ပျိုးထားတာတွေ့ရပါတယ်။ မြေအသုံးချမှုမှာ (၁၀၀%)နီးပါးဖြစ်တာ တွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ မြေလွတ်တွေများတယ်၊ အကြောင်းကြောင်းကြောင့် မစိုက်နိုင်တာရှိတယ်။ မိုးရာသီပဲစိုက်ပျိုးကြတာများတယ်။

ဒီမှာတော့ အုပ်စုလိုက် ကြီးမြန်သစ်ပင်တွေ စိုက်ထားတာတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဆီမှာ အမြန်လမ်းမကြီးများဘေး၊ ပြည်နယ်/တိုင်းဘက်သွားသောလမ်းမကြီးများ(အဝေးပြေးလမ်းမကြီးများ) ဘေးတွေမှာဆို သူ့အလိုအလျောက်သဘာဝပေါက်သည့်အပင်ရိုင်းတွေက ခပ်များများ…။ မြင်မြင်သမျှကို ကိုယ့်နိုင်ငံနဲ့ ယှဉ်ပြီး တွေးဆကြည့်မိနေတော့တာပါပဲ။

ရထားလမ်းဘေးတစ်လျှောက်က ရွာတွေရဲ့ ဖွံ့ဖြိုးတိုးတက်နေမှုကိုလည်း မြင်တွေ့ခဲ့ပါတယ်။ ရထားက ကျဉ်ဆန်ရထားလောက် မမြန်ပေမယ့် (၁)နာရီကို ကီလိုမီတာ(၂၅၀) ပတ်ဝန်းကျင်လောက် ရှိပါတယ်။ မိုင် (၁၂၀)မှ (၁၅၀) ပတ်ဝန်းကျင် မောင်းတဲ့သဘောပဲ။ ရထားတွဲတွေ ကောင်းတယ်၊ လမ်း ကောင်းတယ်။ ဘူတာရုံတွေ ကောင်းတယ်၊ သန့်ရှင်းသပ်ရပ်တယ်။ အမှိုက် မတွေ့ရဘူး။ ကျွန်တော်တို့ ဆီမှာ ရထားလမ်းဘေးတွေ အမှိုက်ရှိနေသေးတယ်။ ကားရပ်နားစခန်းတွေ အမှိုက်တွေ ရှိနေသေး တယ်။

သူတို့ဆီမှာတော့ ရထားလမ်းက မြို့တွေ၊ ရွာတွေ ဖြတ်သွားရာမှာ တစ်ချို့နေရာတွေက သစ်ပင်အုပ်နဲ့ ကာထားတယ်၊ တစ်ချို့နေရာတွေ ခြံစည်းရိုးအပိတ် ကာထားတာတွေ့တယ်။ အတုယူ စရာတွေ အများကြီးရှိပါတယ်။ ရထားစီးရင်းနဲ့ တွေးမိ၊ ငေးမိတာတွေအားလုံးကို ဆောင်းပါးရေးဖြစ်ခဲ့ ပါတယ်။ ရထားက လျှပ်စစ်ရထားပါ။ ကျွန်တော်တို့မှာ အိမ်သုံး၊ စက်ရုံသုံးတောင် လျှပ်စစ်က မလုံလောက်သေး။ လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးက အလွန်ပဲ အရေးကြီးပါတယ်။ လျှပ်စစ်မရှိရင်၊ လမ်းတွေ မကောင်းရင် ဖွံ့ဖြိုးရေးဆက်စပ်လုပ်ငန်းတွေ၊ စီးပွားရေးတွေ၊ ပို့ဆောင်ရေးတွေ မလုပ် နိုင်ပါဘူး။ လျှပ်စစ်စွမ်းအင်ရရှိမှုက ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်လို့ ကျွန်တော်တို့ အများကြီး ကြိုးစားကြရပါဦးမယ်။ နည်းလမ်းများ ရှာဖွေကြရပါဦးမယ်။

သုံးသပ်အကြံပြုချက်

တရုတ်နိုင်ငံဟာ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းတွေကို ၁၉၈၀ ခုနှစ်မှ စတင်ပြီး အမျိုးသားအဆင့်ဖွံ့ဖြိုးရေးမဟာဗျူဟာမှာ ပထမဦးစားပေးလုပ်ငန်းကဏ္ဍအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့တဲ့အပြင် နောက်ပိုင်းနှစ်တွေမှာလည်း နှစ်ကာလအပိုင်းအခြားအလိုက် ဆင်းရဲမှု လျော့ ချရေးမဟာဗျူဟာနဲ့အစီအစဉ်တွေ စဉ်ဆက်မပြတ်ချမှတ် ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ Leading Group of Poverty Reduction and Development (LGOP)ကို ဖွဲ့စည်း ခဲ့တာကြောင့် မူဝါဒပိုင်းမှာ များစွာအထောက်အကူဖြစ်စေခဲ့သလို ဌာန၊ အဖွဲ့အစည်းများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု၊ ပူးပေါင်းအကောင်အထည်ဖော်မှုပိုင်းမှာ များစွာ အကျိုးသက်ရောက်စေခဲ့တာ တွေ့ ရှိရပါတယ်။  မြန်မာနိုင်ငံမှာလည်း တရုတ်နိုင်ငံလို နိုင်ငံရဲ့ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ အမျိုးသားအဆင့်ကော်မတီ ဖွဲ့စည်းဆောင်ရွက်နိုင်ရင် ယခုထက်ပိုပြီး ထိရောက်အောင် ဆောင်ရွက်နိုင်မယ်လို့ သုံးသပ်မိရပါတယ်။

ဗဟိုအဆင့်မှချမှတ်တဲ့ ဆင်းရဲမှုလျော့ချရေးဆိုင်ရာမူဝါဒများနဲ့အညီ နယ်မြေဒေသအလိုက်၊ လုပ်ငန်းနယ်ပယ်အလိုက် ပြည့်စုံကောင်းမွန်သောမဟာဗျူဟာများ၊ အစီအစဉ်များ၊ စီမံကိန်းများ ရေးဆွဲချမှတ်ဆောင်ရွက်နိုင်ခဲ့တဲ့သက်ဆိုင်ရာဌာနများ၊ ပြည်နယ်၊ စီရင်စု၊ ကောင်တီအစိုးရများရဲ့ ဖွံ့ ဖြိုးရေးအသိအမြင်နဲ့ စွမ်းဆောင်ရည်မြင့်မားမှုဟာလည်း မူဝါဒများထိရောက်အောင်မြင်စေဖို့ များစွာ အထောက်အကူပြုတာ လေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဆင်းရဲမှုလျော့ချရေး ဆိုင်ရာမဟာဗျူဟာများ၊ အစီအစဉ်များနဲ့ စီမံကိန်းများအပေါ် လေ့လာသုံးသပ်ပြီး မိမိနိုင်ငံနဲ့သင့်လျော် ကိုက်ညီတဲ့စီမံဆောင်ရွက်မှု၊ အကောင်အထည်ဖော်မှုစနစ်တွေကို ဖော်ထုတ်ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

ခန့်ဇော် (ကျေးလက်)