“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၅) (ဆောက်လုပ်ရေးဝန်ကြီးဌာန)

Ministry of Cooperatives and Rural Development | Sep 29, 2023

“မိုခါ” နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန

          သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များထဲတွင် ကြိုတင်ပြင်ဆင်မှုအပိုင်း၊ အရေးပေါ် တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဟူ၍ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်ငြားလည်း ရခိုင်ပြည်နယ်အတွင်း မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့ သော “မိုခါ” မုန်တိုင်းကို ရင်ဆိုင်ခဲ့ကြရာတွင် အချိန်ကာလ၊ ရာသီဥတုနှင့် လက်တွေ့မြေပြင် အခြေ အနေတို့အရ အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အချိန်ကာလ ခွဲခြား ဆောင်ရွက်၍ မရတော့ဘဲ တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြရသည်ကို တွေ့မြင်ခဲ့ရပါသည်။ မုန်တိုင်း ဝင်ရောက်ပြီးနောက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများကို အားချင်းဆောင်ရွက်ရသလို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင်လည်း အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခြင်း၊ ဆေးရုံ ဆေးခန်းများရှိ လူနာများ အမိုးအကာအောက်သို့ ပြန်လည်ရရှိရေး၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်၊ ICU ခန်းမ များ၊ ကျောက်ကပ်ဆေးသည့်စက်များ လေလုံမိုးလုံဖြစ်ရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြရသည်။ ဆေးရုံ၊ ဆေးခန်း အဆောက်အဦများကို ချက်ချင်း ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ကြရသည်။

          အချိန်ကာလနှင့် ရာသီဥတုဟု ကျွန်တော်ပြောရခြင်းမှာလည်း မိုခါမုန်တိုင်း ဝင်ရောက်လာ သည့် မေလသည် မိုးကြိုကာလ၊ တစ်နည်းပြောရလျှင် ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူလယ်သ မားများ လယ်ယာစိုက်ပျိုးရေးအတွက် မျိုးစပါးများ စုဆောင်း၍ ထယ်ရေးထွန်ရေးပြင်ရတော့မည့် ကာလ ဖြစ်သည်။ ယင်းအချိန်မှာမှ မိုခါ ဝင်ရောက်လာခြင်းကြောင့် မျိုးစပါးများ ဆုံးရှုံးခြင်း၊ ကျွဲ၊ နွားများ ဆုံးရှုံးခြင်း၊ ရေငန်တား တာများ ကျိုးပေါက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရသည်။ ပညာရေးဝန်ကြီးဌာနသည်လည်းပဲ ထိုနည်းတူစွာပင် ဇွန်လ ၁ ရက်နေ့၌ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အရေးပေါ် တုံ့ပြန်ခြင်းလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဟူ၍ ခွဲခြားဆောင်ရွက်ရန် အချိန်ကာလက ခွင့်မပြုတော့ပေ။ ပုံမှန်ထက် ၂ ဆ၊ ၃ ဆ အားထည့်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရသည်။ အခြား သောဝန်ကြီးဌာနများဖြစ်သည့် လျှပ်စစ်စွမ်းအား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၊ ပြန်ကြားရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး စသည့် ဝန်ကြီးဌာနများ သည်လည်းပဲ မိမိတို့၏ လုပ်ငန်းတာဝန်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ရင်း မိုခါကို တုံ့ပြန် နိုင်ခဲ့ကြပါသည်။

          အဆိုပါဝန်ကြီးဌာနများထဲတွင် ပါဝင်သော ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အောက် ဖော်ပြပါလုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခဲ့ပါသည် -

(က)    ကျန်းမာရေးဝန်ကြီးဌာန၏ စစ်တွေမြို့၊ ပြည်နယ် ပြည်သူ့ဆေးရုံကြီး ပြန်လည် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများအပါအဝင် သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပြည်နယ်အတွင်းရှိ ကျန်းမာရေးအဆောက်အဦများ ပြင်ဆင်ဆောင်ရွက်ပေးခြင်း၊

(ခ)     ကျောင်းများ အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တက္ကသိုလ်များ၊ နည်းပညာ အထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်းခွဲ ကျောင်းများကို ပြုပြင်တည်ဆောက်ပေးခြင်း၊

(ဂ)     သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အဆောက်အအုံများအား ပြုပြင်ဆောင်ရွက် ပေးခြင်း၊

(ဃ)    ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ ပင်မလုပ်ငန်း တာဝန်ဖြစ်သော ပြည်နယ်အတွင်းလမ်း/ တံတားများ၊ အခြားအခြေခံအဆောက်အဦ များအား ပြန်လည်ပြင်ဆင်တည်ဆောက်ပေးခြင်း၊

(င)     မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စစ်တွေမြို့တွင်း ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ ဖြစ်ပါသည်။

ကြိုတင်စုဖွဲ့၊ တာဝန်ခွဲဝေသတ်မှတ်

          မုန်တိုင်းသတင်းများ အတည်ပြုပြီးနောက် မိုခါ မဝင်ရောက်မီ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ မှစတင်ကာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၏ စီစဉ်ညွှန်ကြားမှုဖြင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မုန်တိုင်းဝင်ရောက်ရန် ခန့်မှန်းထားသော ပြည်နယ်နှင့် တိုင်း ဒေသကြီးအသီးသီးတို့၌ စက်ယာဉ်ယန္တရားစီးရေ ၂၁၀၀ ကျော်ကို စုဖွဲ့ထားရှိခဲ့ပါသည်။ မုန်တိုင်း ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ တံတားများ ထိခိုက်ပျက်စီးနိုင်သောကြောင့် လမ်းပန်း ဆက်သွယ်ရေး မပြတ်တောက်စေရန်အတွက် ဘေလီတံတားများ အရေးပေါ်တည်ဆောက်နိုင်ရေး ဘေလီသံဘောင်နှင့် ဆက်စပ်ပစ္စည်း ၅၂၄၈ ပေ ကြိုတင်စုဆောင်းထားရှိခဲ့ပါသည်။ ရခိုင်ပြည်နယ် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ခရိုင်/ မြို့နယ်များနှင့် လမ်း/ တံတားအထူးအဖွဲ့များမှ စက် ယာဉ်ယန္တရား ၁၉၅ စီး၊ ဘေလီသံဘောင် ၆၈၀ ပေ၊ လူအင်အား ၇၂၂ ဦး စုဖွဲ့ပြင်ဆင်ထားရှိခဲ့သည်။

          ၎င်းပြင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနများ၏ အဆောက်အဦများ ပြန်လည်ပြုပြင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အဆောက်အဦဦးစီးဌာန၊ ဆောက်လုပ်ရေးအထူးအဖွဲ့များအပြင် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက် တာများ အသင်းချုပ် MLCA၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် MCEF၊ မြန်မာ မြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း MDA၊ အခြားသောဆောက်လုပ် ရေးကန်ထရိုက်တာအဖွဲ့များ၊ မြို့မိမြို့ဖများက တာဝန်ယူပြင်ဆင်ပေးမည့်အဖွဲ့များ စသည်ဖြင့် စုဖွဲ့ ဆောင်ရွက်ခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန အဆောက်အဦများ ပြင်ဆင်ဆောင်ရွက်

          ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့်အတူ မေလ ၁၅ ရက်နေ့တွင် ပြည်နယ် ပြည်သူ့ဆေးရုံကြီးအပါအဝင် ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အဆောက်အဦအထူးအဖွဲ့ ၅ ဖွဲ့နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်း ၃ သင်းတို့ကို လုပ်ငန်းများ အမြန်စတင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းမှာကြားခဲ့သည်။

          စစ်တွေမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ အဆောင်အဦ ၉၀ လုံးကို အဆောက်အဦအထူးအဖွဲ့ ၅ ဖွဲ့မှ တာဝန်ယူ ပြင်ဆင်ဆောင်ရွက်ပေးခဲ့သည်။ ကျန်မြို့နယ် ၁၆ မြို့နယ်အတွင်းရှိ ဆေးရုံများ၊ ကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများမှ အဆောက်အဦ ၂၄၉ လုံးကို မြို့နယ်ဆရာဝန်များ၏ ကြီးကြပ်မှုဖြင့်လည်ကောင်း၊ အဆောက်အဦ ၁၆၈ လုံးကို MLCA၊ MCEF အသင်းတို့ကို တာဝန် ခွဲဝေ၍လည်ကောင်း ပြင်ဆင်ဆောင်ရွက်စေကာ ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြပါသည်။

          စစ်တွေမြို့ ပြည်သူဆေးရုံကြီး၏ ကျောက်ကပ်ဆောင်၊ သွေးလှူဘဏ်၊ ခွဲစိတ်ခန်းနှင့် ခွဲစိတ်လူနာဆောင်၊ ငှက်ဖျားတိုက်ဖျက်ရေးရုံး၊ မွေးခန်းနှင့် မွေးလူနာဆောင်၊ အောက်ဆီဂျင်စက်ရုံ၊ ဆေးသိုလှောင်ရုံ၊ ၅ ထပ်ဆောင်အသစ်၊ ကိုဗစ်လူနာကုသဆောင်၊ CT Scan ဆောင်၊ တီဘီလူနာ ဆောင်များနှင့် ဆေးရုံဝန်ထမ်းအိမ်ရာများအပါအဝင် အဆောက်အဦပေါင်းများစွာကို အမြန်ပြုပြင် ပေးခဲ့သည်။ သူနာပြုသင်တန်းကျောင်းတွင်လည်း ၂ ထပ်စာသင်ဆောင်၊ သင်တန်းသူအိပ်ဆောင်၊ ၃ ထပ် စာသင်ဆောင်၊ ၂ ထပ် အိပ်ဆောင်ဟောင်း၊ ထမင်းစားဆောင်နှင့် မီးဖိုဆောင်၊ သားဖွား L-Shape ၁ ထပ် စာသင်ဆောင်၊ ဝန်ထမ်းအိမ်ရာ ၃ ထပ်ဆောင်၊ သားဖွား ၂ ထပ် စာသင်ဆောင်၊ ၂ ခန်းတွဲ ၃ ထပ် RC ဝန်ထမ်းအိမ်ရာ၊ သားဖွားသင်တန်းသူ ၁၀၀ ဆံ့ ၂ ထပ် RC အိပ်ဆောင် စသည် တို့ကို မွမ်းမံပြုပြင်ပေးခဲ့ရသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဆေးသိုလှောင်ရုံ၊ အအေးခန်း ဆေးသိုလှောင်ရုံ၊ ပြည်သူ့ကျန်းမာရေးမှူးရုံး အမှတ် (၁) နှင့် (၂)၊ ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ၊ ၆ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ၊ မိခင်နှင့် ကလေးကျန်းမာရေးအဆောက်အဦ၊ မင်းဂံဒေသန္တရ ကျန်းမာရေးဆေးပေးခန်းတို့ကို ပြုပြင်ပေးခဲ့သည်။ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ပြည်နယ်တိုင်း ရင်းဆေး ပင်မဆေးရုံ၊ တိုင်းရင်းဆေး ၂ ထပ် တိုးချဲ့ဆေးရုံ၊ ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာအမှတ် (၁) နှင့် (၂)၊ ၄ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာ၊ တိုင်းရင်းဆေး ဆေးရုံအုပ်ကြီးနေအိမ်၊ လူနာစားဖို ဆောင် စသည်တို့ကို ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခဲ့သည်။

တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်

          နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများနည်းတူ ဇွန်လ ၁ ရက်နေ့၌ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက လိုက်နာဆောင်ရွက်လျက်ရှိရာ ၎င်းရည်မှန်းချက် အောင်မြင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် လိုအပ်သည့် ကူညီပံ့ပိုးဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့သည်။ တက္ကသိုလ် ၃ ခုဖြစ်သော စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ အဆောက်အဦ ၆၉ လုံး၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ အဆောက်အဦ ၁၈ လုံး၊ စုစု ပေါင်း ၈၇ လုံးကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် MLCA ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် MCEF တာဝန်ခွဲဝေ ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသည် အထက် တန်းကျောင်း ၂၉ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃၄ ကျောင်းကို တာဝန်ယူပြုပြင်ဆောင်ရွက်ခဲ့ ပြီး MLCA သည် အထက်တန်းကျောင်း ၂၇ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၄၀ ကျောင်းကို လည်းကောင်း၊ MCEF သည် အထက်တန်းကျောင်း ၃၁ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃၈ ကျောင်းကိုလည်းကောင်း၊ MDA သည် အထက်တန်းကျောင်း ၁၂ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃၀ ကျောင်းကိုလည်းကောင်း တာဝန်ယူပြုပြင် ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်း ၂၉၅ ကျောင်း ဖြစ်ပါ သည်။ အခြေခံပညာမူလတန်း၊ အခြေခံပညာအလယ်တန်းကျောင်း အားလုံးကိုမူ ပညာရေးဝန်ကြီး ဌာနမှပင် တာဝန်ယူ တည်ဆောက်ပြုပြင် မွမ်းမံဆောင်ရွက်ပေးခဲ့သည်။

ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အအုံများ ပြုပြင်

          မိုခါမုန်တိုင်းဒဏ်ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ စစ်တွေမြို့ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓပြတိုက်များ၏ ခေါင်မိုးများ ပျက်စီးခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေ ဖြင့် ပြန်လည်ပြုပြင်ပေးခဲ့သည်။ ၎င်းအဆောက်အဦများနှင့်အတူ ပြတိုက်ဝန်းအတွင်းရှိ အရာထမ်း နေအိမ်၊ အမှုထမ်းနေအိမ် ၇ လုံးကိုပါ အဆောက်အဦအထူးအဖွဲ့က ပြန်လည်ပြုပြင်ပေးခဲ့သည်။

လမ်း/ တံတားများ ပြုပြင်တည်ဆောက်

          ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မေလ ၁၉ ရက်နေ့တွင် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ သွားရောက်ခဲ့ကြသော ဒုတိယဝန်ကြီး ၄ ဦးထဲမှ တစ်ဦး ဖြစ်သည်။ ဦးဝင်းဖေ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စာရေးသူကျွန်တော်တို့ ပါဝင်ပါသည်။ ဦးဝင်းဖေ၏ အနီးကပ် ကြီးကြပ်မှုဖြင့် အထက်ဖော်ပြပါ ပညာ၊ ကျန်းမာ အဆောက်အဦများကို အချိန်မီပြီးစီးအောင် ဆောင် ရွက်နေသကဲ့သို့ မူလလုပ်ငန်းတာဝန်ဖြစ်သော လမ်း/ တံတား ပျက်စီးမှုများအား ပြုပြင်၍ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားမှု မရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ ထို့အတူ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဇွန်လ ၄ ရက်နေ့မှ ၂၃ ရက်နေ့ထိလည်းကောင်း၊ ဇူလိုင်လ ၁၀ ရက်  နေ့မှ ၁၂ ရက်နေ့ထိလည်းကောင်း လာရောက်နေထိုင် ကွပ်ကဲစီမံဆောင်ရွက်ခဲ့သည်။ မုန်တိုင်းဒဏ် ကြောင့် ပျက်စီးခဲ့သော စစ်တွေ-ပလ္လင်ပြင်လမ်းပေါ်ရှိ ၁၀၀ ပေ သဲချောင်းတံတားအား ပေ ၁၄၀ ဘေလီတံတားတည်ဆောက်ပေးခြင်း၊ ၄၀ ပေ ဒါးပိုင်တံတားအား ပေ ၆၀ ဘေလီတံတား တည်ဆောက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ ကျွန်တော်တို့ တာဝန်ထမ်းဆောင်စဉ်ကာလ၌ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးကြ သည်ကို အမှတ်ရမိသည်။

မြို့တွင်း ရှင်းလင်းရေးလုပ်ငန်းများ ကူညီ

          မိုခါမုန်တိုင်းဒဏ်ကြောင့် မြို့နယ် ၁၀ မြို့နယ်ဖြစ်သော စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ် များတွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့သည်။ မြို့တွင်း ရှင်းလင်းရေးလုပ်ငန်းများကို တာဝန် ပေးထားသည့် တပ်မတော်အရာရှိကြီးများက ကြီးကြပ်၍ ဆောင်ရွက်ခဲ့သည်။ စစ်တွေမြို့တွင်လည်း လာရောက်ကြီးကြပ်ကွပ်ကဲနေသော ပြည်ထောင်စုဝန်ကြီးများက ဦးဆောင်၍ မြို့တွင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဌာနပိုင် ယာဉ်၊ ယန္တရား ၂၀ စီး ပူးပေါင်းပါဝင် အားဖြည့်ကူညီ ဆောင်ရွက်ခဲ့သည်။ မေလ ၁၇ ရက်နေ့တွင် မြို့တွင်းလမ်းအားလုံးကို တစ်လမ်းသွား ဖွင့်ပေးနိုင်ခဲ့ပြီး မေလ ၂၁ ရက်နေ့၌ မူလလမ်းအကျယ်အတိုင်း သွားလာနိုင်ရေး ရှင်းလင်းဖယ်ရှား ဆောင်ရွက်နိုင်ခဲ့ပါသည်။

စစ်တွေကမ်းခြေပတ်လမ်း ပြုပြင်မှု

          စစ်တွေ Viewpoint မှ စစ်တွေဟိုတယ်ထိ ကမ်းခြေပတ်လမ်းသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့သည်။ ယင်းလမ်းသည် စစ်တွေမြို့၏ အထင်ကရနေရာ၊ မြို့သူ မြို့သားများ Super Sunday တွင် အပြည့်အဝ အပန်းဖြေနားနေရာ နေရာတစ်ခုဖြစ်ခဲ့သည်။ သို့ဖြစ် ၍ စည်ပင်သာယာရေးအဖွဲ့ပိုင် ယင်းလမ်းအား အမြန်ပြုပြင်ဆောင်ရွက်ပေးရန် နိုင်ငံတော်အကြီး အကဲက လမ်းညွှန်မှာကြားခဲ့သည်။ ယင်းလမ်းညွှန်ချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးကိုယ်တိုင် ကြီးကြပ်၍ ပြုပြင်ဆောင်ရွက်မှုများ စတင်ခဲ့သည်။ လတ်တလော သွား လာနိုင်ရေးအတွက် အမာခံလမ်းရအောင် တည်ဆောက်ပေးခဲ့သည့်အပြင် ရေရှည်ကောင်းမွန်ရေး အတွက်ပါ အစီအမံများ ရေးဆွဲတင်ပြဆောင်ရွက်လျက် ရှိပါသည်။ မုန်တိုင်းဒဏ်သင့် နေရာဒေသ အားလုံးတွင် ပြန်လည်ပြုပြင် တည်ဆောက်ပေးသမျှ မူလအခြေအနေထက် သာလွန်ကောင်းမွန်ရ မည်ဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အေးချမ်းသာယာလှပသော ကမ်းခြေ ပတ်လမ်းတစ်ခုကို စစ်တွေမြို့သူမြို့သားများ ပိုင်ဆိုင်ခွင့်ရကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်မိ သည်။

ဒေသခံများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်

          ‘မိုခါ’မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ရာတွင် ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ ပြုပြင်တည်ဆောက်ပေးခဲ့သော ပညာရေးကဏ္ဍ တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်သားဦးရေ ၁၈၉၅ ဦး၊ ကျန်းမာရေး ကဏ္ဍ တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်သားဦးရေ ၂၀၄၅ ဦး၊ အခြားလုပ်ငန်းများ အတွက် လုပ်သားဦးရေ ၁၄၂ ဦး၊ စုစုပေါင်း ၄၀၈၂ ဦးကို ရက်၊ လ အတန်ကြာသည်အထိ အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။

MCEF မှ ဒေါ်မြသောင်းဝေ

          ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေခိုက် အသိမိတ်ဆွေတစ်ဦး တိုးခဲ့သည်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEF) တွင် Project Coordinator အဖြစ် ဆောင်ရွက်နေသူ တူမမြသောင်းဝေ ဖြစ်သည်။ ဖခင်ဖြစ်သူမှာ နိုင်ငံကျော်စာရေးဆရာ သောင်းဝေဦး ဟု လူသိများခဲ့သော ဗိုလ်မှူးကြီးသောင်းဝေ (ငြိမ်း) ဖြစ်ပါသည်။ ဗိုလ်မှူးကြီးသောင်းဝေသည် ကျွန်တော်၏ ယောက္ခမဖြစ်သူ ကြည်း ၁၀၉၅၃ ဒုတိယဗိုလ်မှူးကြီးကျော်လွင် (ကျဆုံး) နှင့်လည်း သိကျွမ်းခဲ့ဖူးသလို ကျွန်တော်၏ စာပေရေးသားခြင်းကိုလည်း အားပေးချီးမြှောက်ခဲ့သူ ဖြစ်ပါသည်။ ကျွန်တော်အနေဖြင့်မူ စာရေးဆရာ သောင်းဝေဦး (ခ) ဗိုလ်မှူးကြီးသောင်းဝေကို ၁၉၈၄ ခုနှစ်က ကျိုင်းတုံဒေသသို့ စစ်ဆင်ရေးထွက်ရင်း တပ်မ ၈၈ ၏ စစ်ဦးစီးမှူး(ဒုတိယတန်း)အဖြစ် စတင်မြင်ဖူး ခဲ့ခြင်း ဖြစ်၏။

          ယခု သူ၏သမီးဖြစ်သူ တူမမြသောင်းဝေ တို့အဖွဲ့သည် မိုးထဲရေထဲ၌ မြစ်ကူးချောင်းဖျား ကျော်၍သွားကာ ရခိုင်ဒေသ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ မြို့နယ်များအတွင်းက ကျောင်းများ အချိန်မီဖွင့်လှစ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေချိန်၊ အလုပ်သမား ရှားပါးနေချိန်၊ အစား အသောက် အနေအထိုင် ကျပ်တည်းနေချိန်မှာ စေတနာရှေ့ထားဆောင်ရွက်ပေးခဲ့ကြသော MCEF ၊  MLCA ၊ MDA အသင်းမှ တာဝန်ရှိသူများ၊ အသင်းဝင်များ အားလုံးကိုလည်း မှတ်တမ်းတင်ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

“မိုခါ” ဆောင်းပါးများနှင့် စပ်လျဉ်း၍

          မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက် များဆိုင်ရာ ဆောင်းပါးများ ရေးသားတင်ပြခဲ့ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက် များဖြင့် နိဂုံးကမ္ပတ်အဆုံးသတ်ပါတော့မည် ဖြစ်ကြောင်း ဖော်ပြခဲ့ဖူးပါသည်။ ပြန်ကြားရေးဝန်ကြီး ဌာနက မှတ်တမ်းစာအုပ် ပြုစုထုတ်ဝေတော့မည်ဖြစ်ရာ အချိန်ကန့်သတ်ချက်ရှိသဖြင့် ယင်းသို့ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ယခု အချိန်အနည်းငယ်ရဦးမည်ဖြစ်၍ ကျန်ရှိနေသော ဝန်ကြီးဌာန (၂) ခုထဲမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြိုးပမ်းစွမ်းဆောင်မှုများကို ဂုဏ်ပြုရေးသားလိုက်ခြင်း ဖြစ်ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ ဆောင်ရွက်ချက်များကို ရေးသားတင်ပြပါဦးမည်။

မြင့်စိုး(နတလ)