စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် တက်ညီလက်ညီအကောင်အထည်ဖော်

စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် တက်ညီလက်ညီအကောင်အထည်ဖော်


Ministry of Information/ Naypyitaw / February 25, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကြေညာခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေတို့အရ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်းကြေညာချက်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေအရ တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အသီးသီး၌ ၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်(သောကြာနေ့) တွင် စတင်ကျင်းပရန်ခေါ်ယူကြောင်း ကြေညာချက်တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတို့ကို နေပြည်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အသီးသီးတွင် ကျင်းပမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပြီဖြစ်ရာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေသတ်မှတ်ထားသည့် နေ့ရက် အသီးသီးတွင် သက်ဆိုင်ရာနေရာအသီးသီးသို့ ရောက်ရှိလာကြတော့မည်ဖြစ်ရာ မြန်မာနိုင်ငံတွင် မတ်လ ၁၆ ရက်မှစတင်၍ တတိယအကြိမ် ဒီမိုကရေစီ အခင်းအကျင်းသစ်ကို စတင်တွေ့မြင်ကြရတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲများ စနစ်တကျကျင်းပဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် မဲမသမာမှုများကြောင့် တပ်မတော်က နိုင်ငံတော်ကို ခေတ္တတာဝန်ယူကာ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စနစ်တကျကျင်းပပေးခဲ့သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှောက်လှမ်းနေသော နိုင်ငံဖြစ်သည်နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားလက်ခံပြီး နိုင်ငံ၏ ဂုဏ်သိက္ခာနှင့်အညီ နိုင်ငံကြီးသားပီသစွာ စနစ်တကျဖြင့် အေးချမ်းစွာ ပါဝင်ဆန္ဒမဲပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ယခုအခါ ရွေးကောက်ပွဲရလဒ်များအရ နိုင်ငံတော်အတွက်ဂုဏ်ယူဖွယ်ရာ ဒီမိုကရေစီအခင်းအကျင်းသစ် စတင်ပေါ်ပေါက်လာတော့မည်ဖြစ်သည်။

မကြာမီကာလတွင် လွှတ်တော်အသီးသီး၌ အစည်းအဝေးများကျင်းပနိုင်ရန် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသင့်ပြင်ဆင်စီမံဆောင်ရွက်ထားပြီးဖြစ်သည်။ လွှတ်တော်အစည်းအဝေးများ စတင်ဆောင်ရွက်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များကို ခိုင်မာစွာစိုက်ထူတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာကြသူများတွင် တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လာကြသဖြင့် တိုင်းရင်းသားများ၏ဆန္ဒနှင့် လိုလားချက်များကို ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်သည်။ သို့မှသာ လူမျိုးစုအလိုက်လိုအပ်ချက်များ၊ ရည်မှန်းချက်များကို ပွင့်လင်းမြင်သာစွာဆွေးနွေးကာ စုပေါင်းဆုံးဖြတ်အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ မဲအများဆုံးရသူ အနိုင်ယူစနစ်နှင့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်များကျင့်သုံးပြီး တရားမျှတမှု၊ မြင့်မားသောမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုအားကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။ ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာမည့်အစိုးရသစ်အား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်နိုင်တော့မည်ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၆ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ပိုမိုကောင်းမွန်သည့် ဒီမိုကရေစီယဉ်ကျေးမှုသစ်ကို စတင်တည်ဆောက်တော့မည်ဖြစ်သည်။ ဖြစ်ပေါ်လာမည့် ဒီမိုကရေစီတတိယသက်တမ်းတွင် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို အင်တိုက်အားတိုက် တက်တက်ကြွကြွ ဆောင်ရွက်ကြတော့မည်ဖြစ်သည်။ လွတ်လပ်မှု၊ တရားမျှတမှုကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရယူအသုံးချ၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်တော့မည်ဟု ယုံကြည်ပါကြောင်း။    ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026