စာပေမြှင့်၍ မျိုးဂုဏ်တင့်စေ
စာပေမြှင့်၍ မျိုးဂုဏ်တင့်စေ
Ministry of Information/ Naypyitaw / November 21, 2025
မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်အက္ခရာနှင့် ကိုယ်ပိုင်စာပေမှာ နှစ်ပေါင်းထောင်ချီ၍ သက်တမ်းရှည်ကြာခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက်တွင် ဖွံ့ဖြိုးတိုးတက်ဝေဆာခဲ့သည်။ မြန်မာစာပေ၏အဦးအစကို အစောဆုံးတွေ့ထားသမျှ အထောက်အထားအရ ပုဂံခေတ်ကဖြစ်သည်ဟု မှတ်သားထားရှိသည်။ ပုဂံခေတ်တစ်လျှောက် မြန်မာစာပေအရေးအသားတို့ကို ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာများတွင် အထင်အရှားတွေ့နိုင်ပြီး ကဗျာ၊ လင်္ကာ၊ သဒ္ဒါ၊ နီတိ၊ စကားပြေစာပေပုံစံတို့ ထွန်းကားခဲ့သည်။ ပုဂံခေတ်တွင် မြန်မာစာပေထွန်းကားခဲ့သလို ပညာရှိများလည်း ပေါများခဲ့သည်ဟု သမိုင်းမှတ်တမ်းများကဆိုသည်။
ပင်းယခေတ်တွင် ကာချင်း၊ တျာချင်း၊ ရတုလင်္ကာ၊ ကဗျာများ ဖွံ့ဖြိုးစည်ပင်ခဲ့ရာတွင် ငါးစီးရှင်ကျော်စွာ၏ ကာချင်း၊ စတုရင်္ဂဗလအမတ်ကြီး၏ လောကနီတိကျမ်းတို့မှာ ယနေ့တိုင် အထင်အရှားကျန်ရှိနေဆဲဖြစ်သည်။ အင်းဝခေတ်ကိုမူ မြန်မာစာပေအထွတ်အထိပ်သို့ ရောက်သောခေတ်ကာလအဖြစ် သတ်မှတ်ထားသည်။ အင်းဝခေတ်သည် ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု၊ မော်ကွန်း၊ သံပိုင်း၊ တောလား၊ ဧချင်း၊ လင်္ကာစကားပြေရောသည့်စာပေတို့ အထူးထူးအပြားပြား များပြားစွာဖွံ့ထွားစည်ပင်ခဲ့ပြီး ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် စာပေပညာရှင်အများအပြား ပေါ်ထွန်းခဲ့သည်။ ပထမအင်းဝပျက်ပြီးနောက် တောင်ငူခေတ်တွင်လည်း ဧချင်း၊ အန်ချင်း၊ ရတု၊ ပျို့၊ ကဗျာ၊ လင်္ကာ၊ စကားပြေအရေးအသားတို့ အရှိန်အဟုန်မပျက် ဆက်လက်ဖွံ့ဖြိုးခဲ့ရာ နတ်ရှင်နောင်၊ ပြည်နဝဒေးကြီး၊ မွန်ဝန်ကြီးဗညားဒလ၊ မဟာပညာကျော်၊ ရဝေရှင်ထွေးတို့ ရှင်သန်ခဲ့သည့် ကာလဖြစ်သည်။ ယင်းနောက် ဒုတိယအင်းဝခေတ်ခေါ် ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်တွင် စာပေပညာရှင်များစွာတို့၏ စွမ်းပကားအားဖြင့် မြန်မာစာပေ၏ ဂုဏ်ဒြပ်မြင့်မားထည်ဝါခဲ့သည်တို့မှာ ရေးဖွဲ့၍မကုန်နိုင်။
ခေတ်အဆက်ဆက်တွင် မြန်မာစာပေကို အဆင့်အတန်းမြင့်မားစွာ တည်တံ့နေစေရန်၊ စာပေတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများမှာ ခေတ်အလိုက်ပေါ်ထွန်းခဲ့ကြသည့် စာပေပညာရှင်များပင်ဖြစ်သည်။ နိုင်ငံနှင့်ပြည်သူတို့၏ ကောင်းရာကောင်းကျိုးအတွက် ကလောင်စွမ်းအားဖြင့် ကြိုးပမ်းစွမ်းဆောင်ခဲ့ကြသည့် စာပေပညာရှင်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို အလေးအမြတ်ပြုသောအားဖြင့် နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့တိုင်း စာဆိုတော်နေ့အခမ်းအနားကို ၁၉၄၄ ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ ယခုအခါ နှစ်ပေါင်း ၈၀ ကျော်ခဲ့ပြီဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာစာပေလောက ဂုဏ်ဒြပ်မြင့်မားစွာ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာပေပြုစုရေးသားခြင်းဖြင့် စာပေတာဝန်ကို ထူးချွန်စွာထမ်းဆောင်ခဲ့ကြ သည့် စာပေပညာရှင်များကို အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု၊ ပုဂ္ဂလိကစာပေဆုများစသည်ဖြင့် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ စေတနာရှင်လူပုဂ္ဂိုလ်များက ဆုများချီးမြှင့်ပေးအပ်ကာ ချီးကျူး ဂုဏ်ပြုလျက်ရှိသည်။
“အမျိုးသားစာပေတစ်သက်တာဆု”သည် ဘဝတစ်သက်တာလုံးတွင် မြန်မာစာပေအကျိုးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တစိုက်မတ်မတ်စာပေရေးသားပြုစုခဲ့သည့် စာပေပညာရှင်ကြီးများကို အသိအမှတ်ပြုချီးမြှောက်သည့် ဆုဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ “အမျိုးသားစာပေဆု” သည် စာပေဆုများတွင် နိုင်ငံတော်အဆင့် အမြင့်ဆုံးစာပေဆုဖြစ်ပြီး ၁၉၄၈ ခုနှစ်မှစတင်ကာ အသွင်အမျိုးမျိုးဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ဆု အမည်ကို ကနဦးက “စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု”ဟု စတင်ခဲ့ပြီးနောက် “စာပေဗိမာန်ဆု”၊ “အနုပညာစာပေဆိုင်ရာဆု” ၊ “အမျိုးသားစာပေဆု”ဟူ၍ ချီးမြှင့်ခဲ့ပြီး စာပေဘာသာရပ်အလိုက် ချီးမြှင့်ပေးအပ်ခြင်းဖြစ်သည်။ “စာပေဗိမာန်စာမူဆု”သည် အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေရန် အခက်အခဲရှိသည့် စာပေကလောင်ရှင်များ၏ စာမူကောင်းများကို စာအုပ်အဖြစ် ထုတ်ဝေပေးရန်နှင့် ဆုချီးမြှင့်ပေးနိုင်ရေးအတွက် ဘာသာရပ်အလိုက်ပြိုင်ပွဲစနစ်ဖြင့် ရွေးချယ်ဆုချီးမြှင့်ပေးခြင်းဖြစ်သည်။
အမျိုးသားစာပေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သကဲ့သို့ ထိုနိုင်ငံ၊ ထိုလူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ပြနေသော ပြယုဂ်လည်းဖြစ်သည်။ “စာပေမြင့်မှ လူမျိုးတင့်မည်”ဆိုသည့် ဆိုရိုးစကားနှင့်အညီ မိမိတို့၏ အမျိုးသားစာပေကို မြင့်မားအောင်မြှင့်တင်ပေးခြင်းအားဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တင့်တယ်စေမည်ဖြစ်ရာ ခေတ်အလိုက်တာဝန်ကျေပွန်ခဲ့ကြသည့် စာပေပညာရှင်ကြီးများ၏ စာပေစိတ်ဓာတ်ကို အမွေဆက်ခံ၍ မျိုးဆက်သစ်၊ ကလောင်သစ်စာရေးဆရာများက နိုင်ငံနှင့်ပြည်သူအကျိုးပြု စာကောင်းပေမွန်များကို ရေးဖွဲ့ပြုစုကာ ခေတ်သမိုင်းက ပေးအပ်လာသည့် စာပေတာဝန်ကို ကျေပွန်နိုင်ကြပါစေကြောင်း။ ။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Posted on Nov 18, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Posted on Nov 20, 2025Myanmar National Human Rights Commission Statement No (14/ 2025)
Posted on Nov 20, 2025
