စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ တတိယအကြိမ်အစည်းအဝေး ကျင်းပ
စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ တတိယအကြိမ်အစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / May 23, 2025

နေပြည်တော် မေ ၂၂
စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောက ယနေ့အစည်းအဝေး၌ မန္တလေးငလျင်ကြီးကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများမှာ ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်ဖြည့်ဆည်းဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အလားတူ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရေး၊ မွေးမြူရေးလျာထားချက်များပြည့်မီရေးအတွက် လိုအပ်သည့် သွင်းအားစုများဖြည့်ဆည်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် လက်ရှိသီးနှံများစိုက်ပျိုးသည့် ကာလအတွင်း နေပြည်တော်၊ တိုင်းဒေသကြီး ပြည်နယ်များအားလုံး၌ လျာထားချက်ပြည့်မီမှန်ကန်အောင် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ရေးအတွက်အစီအမံများ၊ လိုအပ်ချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက် ဆွေးနွေးတင်ပြသွားရန်ဖြစ်ပြီးကော်မရှင်အနေဖြင့် လိုအပ်သော လမ်းညွှန်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၄)တွင် နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧက ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ထွက်ရှိစေရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေး ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည့်အတွက် ကော်မရှင်ဝင်များ၊ ပြည်နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ပြီး လိုအပ်ချက်ကို တင်ပြဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုရှိစေရန်၊ ဆီထွက်သီးနှံများ အထွက်နှုန်း မြင့်မားစေရန်နှင့် သီးထပ်စွမ်းအားများ ရာနှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရေခံမြေခံကောင်းများနှင့် လုပ်အားအရင်း အမြစ်များရှိပြီးဖြစ်၍ ကုန်ထုတ်လုပ်မှုတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအားမျှတဖူလုံစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ငလျင်ဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့်ဒေသ များတွင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင် ရွက်နိုင်ရေးကို တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း၊ ငလျင်ထိခိုက်မှုမရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန်လိုကြောင်း။
နိုင်ငံတော်အကြီးအကဲမှ မေ ၂၀ ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများ အနေဖြင့် မိမိတို့၏ တင်ပြချက်များသည် အချက်အလက်များ မှန်ကန်မှုရှိရန်နှင့် မြေပြင်အချက်အလက်များနှင့် ကိုက်ညီမှုရှိရန်လိုအပ်ကြောင်း၊ အချက်အလက်များမှန်ကန်မှုရှိမှသာလျှင် နောင်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် Agro-Base Industry ကိုသွားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ဥပမာအားဖြင့် ဝါစိုက်ပျိုးမှုကို အောင်မြင်အောင်ဆောင်ရွက်ပြီး ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ဝါမှချည်ထည် ၎င်းမှ ပိတ်စအထည်အလိပ် လုပ်ငန်းစဉ်တစ်ခုလုံး ဆောင်ရွက်၍ရကြောင်း အလားတူဝါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်၍ရနိုင်ကြာင်း လမ်းညွှန်ထားပါကြောင်း။
ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် အဖွဲ့ချုပ်များ၊ လုပ်ငန်းရှင်များအနေဖြင့် လမ်းညွှန်မှာကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်ပြီး လိုအပ်ချက်ကို ဆွေးနွေးပေးနိုင်ပါရန်နှင့် ကော်မရှင်အနေဖြင့် မိမိတို့နိုင်ငံနှင့်သင့်တော်သော နည်းလမ်းနှင့်စနစ်ကို လက်တွေ့အကောင် အထည်ဖော်နိုင်ရေးဦးတည်ပြီး ညှိနှိုင်းပေါင်းစပ် ဆုံးဖြတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ်အစည်းအဝေး လမ်းညွှန်ချက်များနှင့် ဆုံးဖြတ်ချက်များကို ကော်မရှင်အတွင်းရေးမှူးက ရှင်းလင်းတင်ပြပြီး ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် ညီနောင်အသင်းများမှတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)
Posted on May 23, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် နေ့သင်တန်းများ ဖွင့်လှစ်ကြောင်းကြေညာခြင်း
Posted on May 22, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on May 14, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း