နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
Ministry of Information/ Naypyitaw / January 10, 2025
နေပြည်တော် ဇန်နဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ဌာနချုပ်ခန်းမများ၌ သီးခြားစီတွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံတော်၏ ခေတ်အဆက်ဆက်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် တပ်မတော်၏ နိုင်ငံ့အရေး ထမ်းဆောင်မှု
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများ၊ နိုင်ငံတော်ဖြစ်တည်မှု ပထဝီမြေအနေအထားအရ လုံခြုံရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်များကို တစ်စိုက်မတ်မတ် ထမ်းဆောင်ခဲ့သည့်အခြေအနေများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့မှုနှင့် နိုင်ငံတော်၏ သမိုင်းကြောင်းစဉ်ဆက်အရ ရှေးယခင်ကတည်းကပင် အတူတကွပေါင်းစည်းနေထိုင်ခဲ့ကြပြီး ပြည်နယ်များ၊ ဒေသများစုပေါင်းတည်ဆောက်ထားသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့်အခြေအနေများနှင့် အဆိုပါမဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်သည့်အပြင် နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့်အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ တပ်မတော်မှ စတင်တာဝန်ထမ်းဆောင်စဉ် အစောပိုင်းကာလများ၌ ဆူပူဆန္ဒပြမှုများသာရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်ပမှသွေးထိုးမြှောက်ပင့်မှုများကြောင့် အကြမ်းဖက်အဖွဲ့အစည်းများဖွဲ့စည်းကာ နိုင်ငံအတွင်းလုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုမရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သည့်အခြေအနေများနှင့် တပ်မတော်အနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုမလိုလားသည့် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော်၏အဓိက ကာကွယ်ရေးအင်အားစုဖြစ်သည့် တပ်မတော်နှင့်ပြည်သူကို သွေးကွဲအောင်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်သားဘဝကိုခံယူခဲ့ပြီး နိုင်ငံတော်၏ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေမှုအပေါ်တွင် အသိအမှတ်ပြုဂုဏ်ယူသည့်အခြေအနေများ၊ လူတစ်ဦးပင်ဖြစ်စေ၊ နိုင်ငံတစ်ခုပင်ဖြစ်စေ အမြဲမပြတ် ကြိုးပမ်းအားထုတ်နေမှသာလျင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့်လည်း အခက်အခဲများကြားမှ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ဦးစွာအကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်ကတည်းကပင် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးပင်ဖြစ်ပြီးလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအပါအဝင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်၍တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရေး မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
တပ်မတော်ပိုင်းနှင့်ပတ်သက်၍ ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရ၊ စစ်ရေးအရ ဖြစ်ပေါ်လာသည့် ပြည်တွင်းပြည်ပ အန္တရာယ်များကြား၌ မိမိတို့တပ်မတော်သားများသည် နိုင်ငံနှင့်ပြည်သူအကျိုးအတွက် စွန့်လွှတ်စွန့်စားခြင်းများစွာဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးနှင့် အတူပေါ်ပေါက်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုများ၊ ဝါဒစွဲဂိုဏ်းဂဏစွဲကြောင့် ဖြစ်ပေါ်လာသည့် ထိုးနှက်တိုက်ခိုက်မှုများကြားတွင် တပ်မတော်အနေဖြင့် စစ်မှန်သည့် အမျိုးသားရေးတာဝန်ကိုသာရှေးရှုပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးသယ်ပိုးခဲ့သည်မှာ သမိုင်းသက်သေရှိပြီးဖြစ်ကြောင်း၊ ယခုမိမိတို့တပ်မတော်၏ နိုင်ငံ့အရေးတာဝန်များကို ထမ်းဆောင်နေမှုများသည်လည်း သမိုင်းများပင်ဖြစ်သဖြင့် သမိုင်းမှတ်တမ်းကောင်းကို ရေးထိုးနိုင်ရမည်ဖြစ်ကြောင်း၊ လက်ရှိပြည်တွင်း၊ ပြည်ပအန္တရာယ်များ၊ ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများအားလုံး၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ နိုင်ငံနှင့်ပြည်သူတို့အတွက် မြင့်မြတ်လှသည့် တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ ဘဝကိုဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုကြောင်း၊ မိမိတို့နေ့စဉ်လှုပ်ရှားသွားလာမှုများ ဆောင်ရွက်ရာ၌ စစ်သည်တစ်ဦးချင်းစီအလိုက် ပတ်ဝန်းကျင်ကို သိရှိမှတ်သားတတ်သည့် အလေ့အကျင့်ကောင်းများမွေးမြူထားရှိရန်လိုပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုကြောင်း၊ တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် စစ်ရေးအသိ၊ စစ်ရေးသတိရှိရန်လိုပြီး နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်ပတ်သက်ပါက ဖြစ်ပေါ်လာနိုင်သည်များကို ကြိုတင်မျှော်တွေး ပြင်ဆင်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။
နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ အသက်ခန္ဓာဆုံးရှုံးခဲ့ကြရသကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားသည့် လမ်းတံတားများ၊ စက်ရုံအလုပ်ရုံများ၊ အဆောက်အဦများ များစွာပျက်စီးဆုံးရှုံး ထိခိုက်နစ်နာခဲ့ရကြောင်း၊ ထိုကဲ့သို့နိုင်ငံတော်မှ ထိခိုက်နစ်နာရသကဲ့သို့ ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း လူမှုရေး၊ စီးပွားရေးအရ ထိခိုက်နစ်နာခဲ့ရခြင်းများရှိခဲ့ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သော စိတ်ဓာတ်တို့ဖြင့် ကာကွယ်သွားရမည်ဖြစ်ကြောင်း၊ တပ်နယ်များအလိုက် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသအတွင်း အကြမ်းဖက်မှုများမရှိစေရေး၊ လက်နက်ကိုင်၍ ပြည်သူလူထုကို အနိုင်ကျင့်နေမှုများမရှိစေရေး နယ်မြေလုံခြုံရေးတာဝန်များကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်မတော်သားများအနေဖြင့်လည်း တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ တပ်နှင့်ပြည်သူ တစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိရန်လိုကြောင်း၊ တပ်တွင်း၊ တပ်ပြင်အင်အားများကို တည်ဆောက်၍ စုစည်းညီညွတ်သည့်အားဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဒေသ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်များကို မှန်မှန်ကန်ကန်ထမ်းဆောင်ပြီး ပြည်သူကလေးစားရသည့်၊ အားကိုးရသည့် စစ်သည်များဖြစ်အောင် နေထိုင်ကြရမည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စုစည်းညီညွတ်သည့် အင်အားဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး တပ်မတော်သားတိုင်းအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်ပါက စစ်သားစိတ်မွေး၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့သင်ကြားခဲ့ရသည့် စစ်ပညာများ၊ တွေ့ကြုံခဲ့ရသည့် လူမှုဆက်ဆံရေး အသိပညာ၊ အတတ်ပညာများကို လက်တွေ့နယ်ပယ်၌ အကျိုးရှိရှိ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် မူဝါဒအတိုင်း စဉ်ဆက်မပြတ် ပြောင်းလဲ တိုး တက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်၊ သင်ယူထားရှိ ပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများကို အမြဲလိုက်နာ ကျင့်သုံးနေရမည်ဖြစ်ကြောင်း၊ စစ်မှုရေးရာကိစ္စရပ်များသာမက အခြားသောလုပ်ငန်း များဆောင်ရွက်ရာတွင်လည်း ထိုကဲ့သို့ကျင့်သုံးဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း။
ပညာရေးအားပေးရန်နှင့် စာပေဖတ်မှတ်လေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး
ပညာရေးနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိတို့ဘဝတိုးတက်ရေးကို အထောက်အကူပြုစေမည့် ဗဟုသုတများရရှိစေရန် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ မိမိတို့ကိုယ်တိုင် အသိပညာဗဟုသုတများရရှိစေရေး စာပေဖတ်မှတ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိတို့၏ သားသမီးများကိုလည်း ပညာရေးအားပေးရန်၊ စာပေဖတ်မှတ်တတ်သည့် အလေ့အကျင့်ကောင်းကို ပြုလုပ်ပေးရန်လိုကြောင်း၊ စာကောင်းပေမွန်များကို ရွေးခြယ်ဖတ်ရှုစေပြီး အသိပညာအတတ်ပညာကြွယ်ဝသည့်၊ ယဉ်ကျေးသိမ်မွေ့သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ သားသမီးများ၏ ပညာရည်မြင့်မားရေးအတွက် အားပေးဆောင်ရွက်၍ မိဘကောင်းများဖြစ်အောင် ဆောင်ရွက်ကြစေလိုပြီး ကောင်းမွန်သည့်ပညာအမွေကို ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိတ္ထီလာဒေသတွင် ပညာရေးနှင့်ပတ်သက်၍ အခွင့်အလမ်းကောင်းများစွာရှိပြီးဖြစ်သဖြင့် အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့် မိမိတို့၏ သားသမီးများ၏ ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ မိမိတို့တပ်မတော်သားများ၏ စားသောက်နေထိုင်မှုမှအစ လူနေမှုအဆင့်အတန်းများကို အဆင့်နှင့်လျော်ညီစွာ ဖြည့်ဆည်းပေးထားပြီး ရသင့်ရထိုက်သည့် ရပိုင်ခွင့်များအပြင် အခြားလိုအပ်ချက်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဦးစီးခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့၏လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည် ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုပြီး နိုင်ငံတော်နှင့်တပ်မတော်မှ ပေးအပ်လာသည့် တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ မိတ္ထီလာတပ်နယ်မှူးနှင့် တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူး၏ဇနီးနှင့် တိုင်းမှူး၏ ဇနီးတို့ကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့အနောက်ဘက်ရှိ စည်ရှည်တံတားအား ပြန်လည်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တံတားပြန်လည်တည်ဆောက်ရာတွင် ရှေးမူမပျက်မူလပုံစံအတိုင်း တည်ဆောက်သကဲ့သို့ တံတားနှင့်ဆက်စပ်လျက်ရှိသည့်လမ်းများကိုလည်း စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ကျုံးမြို့ရိုးသာယာလှပစေရေးအတွက်လည်း စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့ရိုးတစ်လျှောက် မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)
Posted on Jan 10, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၁/၂၀၂၅)
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Jan 9, 2025