နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိုရမ်-Peace Forum 2025 ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိုရမ်-Peace Forum 2025 ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား
Ministry of Information/ Naypyitaw / June 25, 2025

နေပြည်တော် ဇွန် ၂၅
ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 " ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဝင်များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ သံတမန်များ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် လေ့လာသူများတက်ရောက်ကြသည်။
ဦးစွာအခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “စိမ်းလန်းအတွေးရည် ငြိမ်းချမ်းတေးပန်းချီ” တိုင်းရင်းသားပေါင်းစုံတေးသရုပ်ဖော်အကဖြင့် ဖျော်ဖြေတင်ဆက်မှုကိုကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် ပြည်ပဧည့်သည်တော်ပညာရှင်များအား တစ်ဦးချင်းမိတ်ဆက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားသည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်းအား သီးခြားဖော်ပြပါမည်။)
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားရာတွင် ယခုဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံရေးကိုအခြေခံသည့် ပြဿနာ၊ ငြိမ်းချမ်းရေးကိုအခြေခံသည့် ပြဿနာများဖြစ်ကြောင်း၊ နိုင်ငံရေးအခြေခံတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်အခွင့်အရေးဟူ၍ နှစ်ပိုင်းတွေ့ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးသည့်အချိန်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ကြောင်း၊ ၎င်းအချိန်ကတည်းကပင် မြန်မာနိုင်ငံသည် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးရန်ရည်မှန်းချက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတစဝ်ရွှေသိုက်၏ လွတ်လပ်ရေးမိန့်ခွန်းတွင် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးရန်အတိအလင်းပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ဆိုရှယ်လစ်စနစ်ကို စတင်ကျင့်သုံးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ မိမိတို့နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန်အတွက် ပြင်ဆင်မှုများကို တပ်မတော်က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများရှိခြင်းကြောင့် အသွင်ကူးပြောင်းမှုကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ အဆိုပါလက်နက်ကိုင်ပဋိပက္ခများ ယနေ့တိုင်ချုပ်ငြိမ်းခြင်းမရှိခြင်းကြောင့်လည်း ယခုကဲ့သို့အခြေအနေများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ရွေးကောက်ပွဲမဲမသမာမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အား တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ လွှတ်တော်ခေါ်ယူဆောင်ရွက်ခြင်းသည် နိုင်ငံရေးအရအကောင်းဆုံးဖြေရှင်းခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုနှစ်ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
ဖက်ဒရယ်အခွင့်အရေးနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖက်ဒရယ်အခွင့်အရေးများပေးထားသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကိုလည်း ပြန်ကြည့်ရန်လိုကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများ၊ နိုင်ငံရေးအရတောင်းဆိုမှုများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြင်ဆင်ရန်လိုအပ်သည်များကိုမိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများ၏ဆန္ဒနှင့်အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်အစိုးရများလက်ထက်က ငြိမ်းချမ်းရေးညီလာခံရလာဒ်များကို ပြည်ထောင်စုသဘောတူညီချက်(Union Accord) အဖြစ် စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်း၊ ရွေးကောက်ပွဲအပြီးလွှတ်တော်များ ပေါ်ပေါက်လာပါက ၎င်းလုပ်ငန်းစဉ်ကို ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု ငြိမ်းချမ်းရေးဖိုရမ်အပါအဝင် မိမိတို့လက်ထက်ဆွေးနွေးမှုရလာဒ်များကိုလည်း လွှတ်တော်သို့ တင်ပြဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားစွာဖြင့် ဆောင်ရွက်ပြီး တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ ပြည်သူများအားလုံးအနေဖြင့်လည်း ယခုကဲ့သို့ စိတ်သဘောထားရှိမည်ဟု ယုံကြည်ကြောင်း၊ အလားတူယခုဖိုရမ်သို့ တက်ရောက်လာကြသည့် ပြည်ပမှပညာရှင်များနှင့် သံတမန်များအားလုံးအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်ပေးမည်ယုံကြည်ကြောင်း၊ ထို့ကြောင့် ကောင်းကျိုးများဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်သည့် ယခုဖိုရမ်သည် အောင်မြင်သည့် ဆွေးနွေးမှုများရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ဖြင့်ပြောကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌက ငြိမ်းချမ်းရေးဖိုရမ်တွင် ပါဝင်ဆွေးနွေးသည့် ပြည်ပဧည့်သည်တော်ပညာရှင်များအား တစ်ဦးချင်းအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး အခမ်းအနားတက်ရောက် လာကြသူများနှင့်အတူ “စစ်မီးလည်းငြိမ်း မြက်ခင်းစိမ်း၍ ငြိမ်းချမ်းတေးများ ချိုလွင်စေ” ဟူသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှု Video Clip ကို ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 “ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 25, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်
Posted on Jun 25, 2025ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်