နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
Ministry of Information/ Naypyitaw / December 13, 2025
နေပြည်တော် ဒီဇင်ဘာ ၁၃
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ဆူပူဆန္ဒပြမှုများ၊ လက်နက်ကိုင်အကြမ်းဖက်ခြင်းများ အတိုင်းအတာတစ်ခုအထိ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ ပိုမိုများပြားခဲ့ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလလည်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဆူပူဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ပြီးနောက်ပိုင်းတွင် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများကို လျော့ပါးသွားခဲ့ကြောင်း၊ ထိုကဲ့သို့ ဆူပူအကြမ်းဖက်မှုများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေမှုများနှင့်ကြုံတွေ့နေရသည့်အချိန်တွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများ၊ ခြိမ်း ခြောက်အကြပ်ကိုင်မှုများကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်မှုများကြောင့် အခက်အခဲ၊ အကြပ်အတည်းများနှင့်လည်း ရင်ဆိုင်ခဲ့ကြရကြောင်း၊ ထို့နောက် ၂၀၂၃ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ လျော့ပါးလာခဲ့ပြီး ဆူပူအကြမ်းဖက်မှုများသည်လည်း လျော့ပါးသွားခဲ့ကြောင်း၊ သို့သော် ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးသွားနိုင်ရန် တပ်မတော်မှ အရာရှိကြီးများအား တာဝန်ခွဲဝေပေးအပ်ခဲ့ပြီး ၆ လအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
ထို့ပြင် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးသဘောထားကွဲပြားမှုများနှင့် နိုင်ငံရေးလှုံ့ဆော်သွေးထိုးမှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး EAO များမှလည်း အကြမ်းဖက်သင်တန်းများ သင်ကြားပေးခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ဖြစ်ပေါ်ခဲ့သည့်ပြဿနာကို နိုင်ငံရေးအရဖြေရှင်းရန် မကြိုးစားဘဲ အကြမ်းဖက်သည့်နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ်ဆောင်ခဲ့ကြခြင်းပင်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလသမိုင်းကြောင်းနှင့် လွတ်လပ်ရေးရရှိပြီးချိန်တွင် တပ်မတော်မှ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးဆောင်ရွက်ခဲ့ရသည့် သမိုင်းကြောင်းများရှိပြီးဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် တပ်မတော်၏သမိုင်းကြောင်းကို သိရှိနိုင်ရန်အတွက် သမိုင်းဖြစ်ရပ်မှန်များကို ဖတ်ရှု လေ့လာကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းများကို မှန်မှန်ကန်ကန် သိရှိမည်ဆိုပါက တပ်မတော်အနေဖြင့်အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်နေရမှုအခြေအနေများကိုလည်း သိရှိလာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ လွတ်လပ်ရေးရရှိပြီးချိန်၌ နိုင်ငံရေးအရ၊ တိုင်ရင်းသားရေးအရ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံ၏အချုပ်အခြာအာဏာ ထိခိုက်လာမှုအပေါ် တပ်မတော်မှ ကျားကုပ် ကျားခဲကြိုးပမ်းကာကွယ်ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်၊ နိုင်ငံရေးခေတ်စနစ်မျိုးစုံတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အစဉ်တစိုက် အလေးထားဆောင်ရွက်ခဲ့ကြောင်း။
မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ပြီး ၎င်းနောက်တွင် ဆိုရှယ်လစ်စနစ်ဗဟိုဦးစီးစနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် ကောင်းမွန်သည့်အချက်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးရာတွင် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်ဗဟိုဦးစီးစနစ်ကို ကျင့်သုံးရာတွင် နိုင်ငံရေးအရ တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့၍ နိုင်ငံရေးထွက်ပေါက်ပိတ်သွားသူများ၏ မကျေနပ်မှု၊ စီမံကိန်းစီးပွားရေးစနစ်ကြောင့် စီးပွားရေးအရထွက်ပေါက်ပိတ်ဆို့သွားသူများ၏ မကျေနပ်မှု၊ အုပ်ချုပ်ရေးကဏ္ဍများ၌ ပါတီဝင်များကိုသာ ဦးစားပေးမှုများကြောင့် မကျေနပ်မှုများ ရှိခဲ့ကြောင်း၊ ၎င်းအပြင် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်လာခဲ့ရကြောင်း၊ စနစ်၏အား နည်းချက်ဆိုသည်ထက် လက်တွေ့အကောင်အထည်ဖော်မှု အားနည်းချက်ကြောင့်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးပြီး အောင်မြင်နေသည့်နိုင်ငံများလည်း ရှိနေဆဲဖြစ်ကြောင်း။
နိုင်ငံတစ်ခုရပ်တည်နိုင်ရေးအတွက် စီးပွားရေးသည် အဓိကအခရာကျသည့်အချက်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမွန်မှသာလျင် နိုင်ငံရေးအားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် အုပ်ချုပ်ရေးအရ စီမံခန့်ခွဲမှုအားနည်းချက်များ၊ စီးပွားရေးအရ ပိတ်ဆို့မှုများ၊ မှောင်ခိုစီးပွားရေးစနစ်ဖြစ်ပေါ်လာခြင်း၊ သယံဇာတများ တရားမဝင်ထုတ်ယူရောင်းစားခံရခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းလာပြီး ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပေါ်လာစေခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်လာခဲ့သဖြင့် တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို မလွှဲသာမရှောင်သာဖြင့် ယူခဲ့ရကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၁၉၈၈ ခုနှစ်တွင် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေကြသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်အတွက် အုတ်မြစ်ချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရပထမသက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့်အသားကျနိုင်ရေး လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း အစိုးရနှင့် လက်တွဲညီစွာဆောင်ရွက်ခဲ့ကြောင်း။
သမ္မတဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီပထမအစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် ဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီစနစ်နှင့် အသားကျမှုမရှိခြင်း၊ အဖွဲ့အစည်းအသီးသီး၏ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အတိတ်ကာလကဖြစ်ရပ်များအပေါ် သွေးထိုးလှုံ့ဆော်ခြင်းများလည်းရှိခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ်ကျင့်သုံးခဲ့စဉ်ကာလ၌ ဖြစ်ပေါ်ခဲ့သည့် မကျေနပ်ချက်များကို ဒီမိုကရေစီစနစ်ကျင့်သုံးချိန်တွင် အတိတ်၊ ပစ္စုပ္ပန်ရောထွေး၍ အတိုက်အခံပြုလုပ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်ဟု သင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း။
ထို့နောက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ် နိုင်ငံတော်၏တာဝန်များကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့တာဝန်ယူဆောင်ရွက်ချိန်တွင် ၎င်းတို့အပေါ် ပြည်သူလူထုမှ များစွာမျှော်လင့်ထားခဲ့သော်လည်း စီမံခန့်ခွဲမှုအတွေ့အကြုံအားနည်းမှုများ၊ ယခင်အစိုးရ၏ လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှုများကြောင့် စီးပွားရေးအရ အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ စတင်တာဝန်ယူစဉ် နှစ်နှစ်အတွင်း ပြည်ပအကူအညီများ များစွာရရှိခဲ့ပြီး နိုင်ငံ့စီးပွားရေးအားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှု အားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ်လျက်ရှိပြီး ပြည်တွင်းစီးပွားရေးအားပေးမှုမရှိခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ မရှိခြင်း၊ နိုင်ငံ၏ပကတိအခြေအနေနှင့် မကိုက်ညီသည့် နိုင်ငံခြားသားအကြံပေးများ၏ အကြံဉာဏ်များအတိုင်း ဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လုပ်ဆောင်မှုအားနည်းချက်များ၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ပြည်သူလူထုမှလည်း ၎င်းတို့အပေါ် အယုံအကြည်အားနည်း လာသဖြင့် ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ချိန်တွင် မဲမသမာမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိရကြောင်း။
ထိုကဲ့သို့ မဲစာရင်းကွဲလွဲမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့မှုအပေါ် တပ်မတော်အနေဖြင့် တာဝန်ရှိသူများမှ စိစစ်အရေးယူဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ထံသို့ အကြိမ်ကြိမ်အသိပေးအကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေရချိန်အတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေချဲ့အမြတ်ထုတ်လိုမှုများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ၊ မုန်တိုင်းတိုက်ခတ်မှု၊ ရေကြီးရေလျှံမှု စသည့်သဘာဝဘေးအန္တရာယ်ကြုံတွေ့ရမှုများ၊ ထိခိုက်ဆုံးရှုံးမှုအများအပြား ဖြစ်ပေါ်စေခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုများစသည့် အခက်အခဲ၊ အကြပ်အတည်းမျိုးစုံကြားမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။
လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာကျင်းပပေးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအပါအဝင် လိုအပ်သည့်ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီရက်သတ္တပတ်ကာလအတွင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့် ဒေသကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေးရရှိပြီးကတည်းက ယနေ့ထက်တိုင် ခိုင်မာစွာတည်ရှိနေသည့် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ ဥပဒေနှင့်ပတ်သက်၍ အသိပညာရှိသူများကို ရွေးချယ်၍ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်နှင့် အမျိုးသားရေးကို သစ္စာရှိစွာဖြင့် ခေတ်အဆက်ဆက်ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၊ လွှတ်တော်ဆိုသည်မှာ ဥပဒေပြုရေးကို ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်ကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးစသည့် မဏ္ဍိုင်ကြီးသုံးခု အပြန်အလှန်ထိန်းကျောင်းရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွားကိုထိခိုက်စေနိုင်သည့် ဥပဒေများကို ဥပဒေနှင့်အညီ ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်းများကိုလည်း ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဥပဒေပြုရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေပညာရပ်များကို သိရှိနေရန်လိုကြောင်း၊ သို့ဖြစ်၍ နိုင်ငံ၏ဥပဒေပြုရေးဖြစ်သည့် လွှတ်တော်တွင် ကိုယ်စားလှယ်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအနေဖြင့် ထိုက်သင့်သည့် အတန်းပညာရှိရန်လိုကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအနေဖြင့် အနည်းဆုံးအဆင့် တက္ကသိုလ်ဝင်တန်းတက်ရောက်ပြီးဆုံးသူများဖြစ်ရန် သတ်မှတ်ထားရှိခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် ဥပဒေကို မဖြစ်မနေသိရှိနေရန်လိုကြောင်း၊ KG + 12 တက်ရောက်ပြီးသူများအနေဖြင့် အခြေခံ ပညာအဆင့်သင်ကြားပြီးချိန်တွင် အနည်းဆုံးအသက် ၁၈ နှစ်ပြည့်သူများဖြစ်လာမည်ဖြစ်သဖြင့် ဆန္ဒမဲပေးနိုင်သည့် အသက်အရွယ်များဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေအသိပညာများသိရှိစေရေး မိမိတို့အနေဖြင့် KG+12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအသိပညာများကို သင်ကြားပေးနေခြင်းဖြစ်ကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး
စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့အစိုးရတာဝန်ထမ်းဆောင်ချိန်တွင် စီးပွားရေး အရပိတ်ဆို့မှုများရှိခဲ့ပြီး ပြည်ပထောက်ပံ့မှုများ များစွာလျော့နည်းသွားခဲ့ကြောင်း၊ ထို့ပြင် ပြည်ပနိုင်ငံများသို့ပေးဆပ်ရန်ကျန်ရှိနေသည့် ကြွေးမြီများအား ပြန်လည်ပေးဆပ်နိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ခဲ့ရကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးမြှင့်၍ ပြည်ပသို့ပို့ကုန်များ တင်ပို့နိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် အခြေခံစာရင်းဇယားအချက်အလက်များမှန်ကန်မှုရှိရန်လိုကြောင်း၊ ခေတ်အဆက်ဆက်တွင် အချက်အလက်များ မှန်ကန်စွာရရှိမှုမရှိခြင်းကြောင့် နိုင်ငံတော်၏အကျိုးစီးပွားကို ထိခိုက်စေခဲ့ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၌ တစ်ဧကအထွက်နှုန်းပန်းတိုင် မှန်းချက်ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးက ဝိုင်းဝန်ဆောင်ရွက်ကြရန်လိုပြီး လူတစ်ဦးချင်းစီအလိုက် ကျရာအခန်းကဏ္ဍတွင် အမှန်တကယ်အလုပ်လုပ်ကြရန်လိုကြောင်း။
တပ်မတော်သားများ၏ သက်သာချောင်ချိရေးနှင့် စွမ်းရည်၊ စွမ်းအားပြည့်ဝကောင်းမွန်စေရေး
တပ်မတော်သားများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် တတ်နိုင်သရွေ့ခံစားခွင့်များ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်တွင် စစ်သည်အဆင့်အတန်းအားလုံး၏ နေရေး၊ စားရေး၊ ဝတ်ရေးတို့အပါအဝင် ရသင့်ရထိုက်သည့်ခံစားခွင့်များအားလုံး ရရှိစေရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့်လည်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင်သည့် အသောက်အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ရရှိသည့် ဝင်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့် အဖြုန်းကို ခွဲခြားသိရှိဆောင်ရွက်ကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဆိုပါက သက်သာချောင်ချိရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့ဘဝတိုး တက်ရေးအတွက် ငွေကြေးသုံးစွဲမှုများမျှတမှုရှိစေရေးဆောင်ရွက်ရန်၊ ကြိုးစားအားထုတ်မှုများ အမြဲမပြတ်ဆောင်ရွက်ရန်လိုကြောင်း။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် အမြဲတိုက်ပွဲဝင်အသင့် (Fit for Fight) ဖြစ်နေရန်လိုကြောင်း၊ တစ်ဦးချင်းအနေဖြင့် ကျန်းမာကြံ့ခိုင်နေရန်၊ ရဲစွမ်းသတ္တိရှိရန်၊ ကျွမ်းကျင်မှုရှိရန်လိုသဖြင့် နေ့စဉ်ဆောင်ရွက်ရမည့် သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန် ဆောင်ရွက်နေရန်လိုကြောင်း၊ တပ်မတော်သားများအားလုံးကို သက်ဆိုင်ရာအဆင့်အလိုက် တတ်သင့်တတ်ထိုက်သည့် စစ်ပညာရပ်များကို စနစ်တကျလေ့ကျင့် သင်ကြားပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါသင်ကြားပေးထားသည့် စစ်အတတ်ပညာများကို မှန်မှန်ကန်ကန်ဖြင့် အသုံးချသွားရန်လိုကြောင်း၊ မိမိတို့ကိုင်တွယ်အသုံးပြုရသည့် လက်နက်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို ကျွမ်းကျင်စွာဖြင့် ကိုင်တွယ်အသုံးချနိုင်ရန်လိုကြောင်း၊ နေထိုင်စားသောက်မှုများအားလုံးတွင်လည်း အသိ၊ သတိဖြင့် နေထိုင်ကြရန်လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်အနေဖြင့် တိုက်စွမ်းအားနှင့်တိုက်စွမ်းရည်များ ကောင်းမွန်ပြည့်ဝရန်နေရန်လိုကြောင်း၊ တိုက်စွမ်းအားပြည့်ဝနေရန်အတွက် နိုင်ငံတော်အနေဖြင့်လိုအပ်သည့် လက်နက်များ၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ တပ်မတော်ရေယာဉ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုက်စွမ်းအားပြည့်ဝနေစေရေးအတွက် တပ်မတော်သားတစ်ဦးချင်း၏စွမ်းရည်များ တိုးတက်ကောင်းမွန်အောင် အမြဲမပြတ်ဆောင်ရွက်နေကြရန်လိုကြောင်း။
ကောင်းမွန်ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကို ဖော်ဆောင်ရေး
မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေချိန်အတွင်း လုပ်ငန်းတာဝန်အရပ်ရပ်ကို အခက်အခဲပေါင်းစုံကြားမှ ရင်ဆိုင်ကျော်လွှားခဲ့ပြီး မကြာမီကာလအတွင်း အန္နိမရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်သွားရမည့်လုပ်ငန်းလုပ်များ များစွာရှိနေပြီး မိမိတို့အနေဖြင့် ပထမစာမျက်နှာကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် နိုင်ငံတော်၏ဒုတိယစာမျက်နှာအစကို ကောင်းမွန်စွာဆောင်ရွက်ပြီး အနာဂတ်တွင် ကောင်းမွန်ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကို ဖော်ဆောင်နိုင်ရေး အားလုံး၏ဝိုင်းဝန်းပါဝင်မှုဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Dec 14, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၂/၁၃-၁၂-၂၀၂၅)
Posted on Dec 13, 2025ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Posted on Dec 12, 2025၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
