နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ထပ်ဆင့်ရှင်းလင်း
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ထပ်ဆင့်ရှင်းလင်း
Ministry of Information/ Naypyitaw / April 24, 2026
နေပြည်တော် ဧပြီ ၂၃
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တို့မှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများ အားလုံးသိရှိလိုက်နာပြီး အလေးအနက်ထား ဆောင်ရွက်ကြရန် ယခုကဲ့သို့ ထပ်ဆင့်ရှင်းလင်းခြင်းဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အဓိကထားမှာကြားပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အပြန်အလှန်အမှီသဟဲပြုနေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကထက် ပိုမိုအားသွန်ခွန်စိုက် ကြိုးပမ်းပြီးလာမည့်ရက်(၁၀၀)အတွင်း ထိရောက်သည့်အောင်မြင်မှုရရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အားလုံးအရည်အချင်းပြည့်ဝစွာဖြင့် စိန်ခေါ်မှုများကို ပူးပေါင်းဆောင်ရွက်ပြီး တစ်ဦးချင်းကောင်းမှ အဖွဲ့အစည်းကောင်းမည်ဖြစ်၍ အဖွဲ့အစည်းကောင်းမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏ ဥပဒေ၊ နည်း ဥပဒေများကိုလည်း ကျေကျေညက်ညက် လေ့လာပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်စေရေးအတွက် ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်း အစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Posted on Apr 24, 2026ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။
