ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဆေးဝါးတက္ကသိုလ် - ရန်ကုန် “ကံ့ကော်ဆောင်” အဆောက်အအုံဖွင့်ပွဲ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဆေးဝါးတက္ကသိုလ် - ရန်ကုန် “ကံ့ကော်ဆောင်” အဆောက်အအုံဖွင့်ပွဲ တက်ရောက်


Ministry of Information/ Naypyitaw / November 24, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၂၃

ဆေးဝါးတက္ကသိုလ် - ရန်ကုန်၏ အမျိုးသမီး (၁၁၀ဆံ့) အိပ်ဆောင် “ကံ့ကော်ဆောင်” ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်း‌ဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၂) မှ တာဝန်ရှိသူများ၊ ဌာနအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဆေးဝါးတက္ကသိုလ်-ရန်ကုန် “ကံ့ကော်ဆောင်” ဖွင့်ပွဲအခမ်းအနားကို စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်နှင့် ဆေးဝါးတက္ကသိုလ် - ရန်ကုန်ပါမောက္ခချုပ်တို့က “ကံ့ကော်ဆောင်” ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က “ကံ့ကော်ဆောင်” ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ပက်ဖျန်းပေး၍ အဆောက်အအုံသစ်ကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်များကို “ဘက်စုံခန်းမ” ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်တစ်ခု၏ အုပ်ချုပ်ရေး၊ သင်ကြားရေးအဆောက်အအုံများ၊ ဆရာဆရာမ ကျောင်းသားအချိုး၊ သင်ထောက်ကူပစ္စည်းများ ရရှိမှုအခြေအနေများအပြင် အေးချမ်းလုံခြုံစွာ နေထိုင်၍ ပညာသင်ကြားနိုင်ရန် ကျောင်းသား ကျောင်းသူအဆောင်များ ထောက်ပံ့ဖြည့်ဆည်း စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမှာလည်း တက္ကသိုလ်၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် (University Ranking) အတွက် အဆင့်အတန်းမြင့်မားရေးကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိရာ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များနှင့် သူနာပြုသားဖွားသင်တန်း ကျောင်းများမှ ယနေ့အထိ ဆေးပညာရှင် ဆရာဝန် ၄၉၅၅၃ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ၅၇၄၅ ဦး၊ ဆေးဝါးပညာရှင် ၄၅၀၇ ဦး၊ ဆေးဘက်ဆိုင်ရာပညာရှင် ၄၈၄၅ ဦး၊ သူနာပြုသိပ္ပံနှင့် သူနာပြုသားဖွားဒီပလိုမာဘွဲ့ရ ၉၆၄၅၄ ဦး၊ အခြေခံကျန်းမာရေးပညာရှင် ၂၅၈၃ ဦးတို့ကို မွေးထုတ်ပေးပြီးဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍအတွက် အထူးရန်ပုံငွေများကို နှစ်စဉ်ချထားပေးလျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့် ဆေးကုသဆောင်များ၊ ကျောင်းသား ကျောင်းသူအဆောင်များ၊ ဝန်ထမ်းအိမ်ရာများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဆောက်လုပ်ခြင်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိပြီးသည့် ဆေးဝါးပညာရှင်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြာင်း ပြောကြားသည်။

ယင်းနောက် ဆေးဝါးတက္ကသိုလ် - ရန်ကုန်ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၂) မှ တာဝန်ရှိသူက အဆောက်အအုံဆိုင်ရာ မှတ်တမ်းများ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေကြရာ‌ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကပြဖျော်ဖြေခဲ့သော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်‌ငွေများ ပေးအပ်သည်။

ထို့နောက် ကျောင်းသား ကျောင်းသူများ သုတေသနပြု ဖော်စပ်ထုတ်လုပ်ထားသော ဆေးဝါးများ၊ အလှကုန်ပစ္စည်းများ ခင်းကျင်းပြသထားခြင်းနှင့် သုတေသနစာတမ်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယနေ့ ဖွင့်လှစ်ပေးနိုင်ခဲ့သည့် “ကံ့ကော်ဆောင်” သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့ပြီး တန်ဖိုးငွေကျပ်သန်း ၁၈၃၆ ဒသမ ၀၀၀ ဖြစ်ပြီး ကျောင်းသူ ၁၁၀ ဆံ့ နေထိုင်နိုင်သည့် အကျယ်စတုရန်းပေ ၂၁၆၀၀ ရှိ လေးထပ်ဆောင်ဖြစ်ကြောင်း သိရသည်။           

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,