ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / May 23, 2026
၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၂-၅-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၃၉) သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ အရာထမ်း/အမှုထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းဖို့၊ ရပ်ရွာဒေသမှ စတင် ဆောင်ရွက်စို့ (Acting Locally for Global Impact)” ဟူသော ဆောင်ပုဒ်အရ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန် မိမိတို့ရပ်ရွာဒေသမှစ၍ လူ့အဖွဲ့အစည်းတစ်ရပ်လုံးပါဝင်သော ချဉ်းကပ်မှုဖြင့် အခြေပြုစတင်ရမည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၅ ခုနှစ်မှစ၍ ပါဝင်ခဲ့ပြီး မြန်မာ့ဒေသရင်း အပင်မျိုးစိတ် (၈၆၄)မျိုး၊ နို့တိုက်သတ္တဝါ မျိုးစိတ် (၉)မျိုး၊ ငှက်မျိုးစိတ် (၁၀)မျိုးနှင့် တွားသွားသတ္တဝါ မျိုးစိတ် (၂၁)မျိုးတို့ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေ (၆၂)ခုကို ဖွဲ့စည်းထားပြီးဖြစ်သည့်အပြင် ယူနက်စကို လူသားနှင့် ဇီဝအဝန်းနယ်မြေ (၂)ခု၊ ရမ်ဆာရေဝပ်ဒေသ (၇)ခု၊ အာဆီယံအမွေအနှစ်ဥယျာဉ် (၈)ခုနှင့် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းကွန်ယက် (၈)ခုတို့ကို သတ်မှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းခြင်းအား လက်တွေ့နေ့စဉ် လုပ်ဆောင်ချက်များမှတဆင့် ဒေသအဆင့်၊ နိုင်ငံအဆင့်စသည်ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးရခြင်း၏ အကြောင်းအရင်းများကို လျှော့ချဆောင်ရွက်ခြင်းမပြုလုပ်ပါက လာမည့်ဆယ်စုနှစ်များအတွင်း မျိုးစိတ်ပေါင်း (၁)သန်းခန့် မျိုးသုဉ်းပျောက်ကွယ်သွားမှာဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သစ်တောများသည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းအတွက် အခြေခံအကျဆုံးဖြစ်သည့်အပြင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်လျှော့ချရေးအတွက်လည်း အလွန်အရေးပါသဖြင့် သစ်တောဂေဟစနစ်များ၏ အရင်းအမြစ်ဖြစ်သော သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအား တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းသည် လက်ရှိကာလသာမက အနာဂတ်အတွက် ကတိကဝတ်အဖြစ်သတ်မှတ်၍ အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများအား ပူးပေါင်းပါဝင်လာစေရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video clip အားပြသပြီး ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပိုစတာများအား လှည့်လည်ကြည့်ရှုခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
