မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု အမျိုးသားရေးအသွင်ဆောင်ရွက်
မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု အမျိုးသားရေးအသွင်ဆောင်ရွက်
Ministry of Information/ Naypyitaw / April 06, 2026
မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုပြဿနာသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အလွန်အရေးကြီးသည့် ပတ်ဝန်းကျင်စိန်ခေါ်မှုပြဿနာဖြစ်သည်။ မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် လေထုညစ်ညမ်းမှုပင်ဖြစ်သည်။ သက်ရှိလူသတ္တဝါများအားလုံးကို အန္တရာယ်ဖြစ်စေနိုင်သော မီးခိုးမြူငွေ့ သို့မဟုတ် လေထုညစ်ညမ်းမှုပြဿနာကို မြို့ပြဒေသများတွင်သာမက နိုင်ငံဖြတ်ကျော် နယ်စပ်ဒေသများတစ်လျှောက်တွင်ပါ လျော့နည်းကင်းစင်သွားအောင် အမျိုးသားရေးအသွင်ဖြင့် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
လေထုညစ်ညမ်းမှုပြဿနာကို လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံအလုပ်ရုံများမှ အခိုးအငွေ့များထုတ်လွှတ်မှုအခြေအနေနှင့် ပတ်ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးပတ်ဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ပတ်ဝန်းကျင်လေထု အရည်အသွေးရလဒ်များသည် မြို့ပြဒေသများတွင် အချိန်အခါအခြေအနေအလိုက် အမြဲဆိုသလို အတက်အကျဖြစ်ပေါ်လေ့ရှိသည်။ လေထုညစ်ညမ်းမှုအနည်းအများအလိုက် ပတ်ဝန်းကျင်ကို ထိခိုက်မှုဖြစ်စေနိုင်သည်။
မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုကို များသောအားဖြင့် နိုင်ငံဖြတ်ကျော်နယ်စပ်ဒေသများ၌ ဖြစ်ပေါ်လေ့ရှိသည်။ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုသည် ရာသီဥတုပူပြင်းခြောက်သွေ့သည့်နှစ်များတွင် ပိုမိုဖြစ်ပေါ်တတ်သည်။ နှစ်စဉ် ဇန်နဝါရီလမှ မေလအတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှု နယ်စပ်ဒေသများ၌ ဖြစ်ပေါ်လေ့ရှိသည်။ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ချင်းထိစပ်နေသည့်နိုင်ငံများအကြား မကြာခဏကြုံတွေ့လေ့ရှိသဖြင့် ပွင့်လင်းရာသီမရောက်မီနှင့် ပွင့်လင်းရာသီကာလများတွင် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု ထိန်းချုပ်လျှော့ချရေးလုပ်ငန်းစဉ်များကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိသည်။
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာနမှ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအပါအဝင် အာဆီယံမြောက်ပိုင်းဒေသဖြစ်သည့် မဲခေါင်ဒေသခွဲနိုင်ငံများတွင် ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်နေ့မှစတင်၍ Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု သတိပေးချက်အဆင့်(၃)အခြေအနေသို့ စတင်ရောက်ရှိနေသည်ဟု အသိပေးထားသည်။ မဲခေါင်ဒေသတွင် ခြောက်သွေ့ရာသီဥတု ဆက်လက်ဖြစ်ပေါ်နေပြီး Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအခြေအနေ ပိုမိုများပြားလာနိုင်ကြောင်း အသိပေးထားသည်။ ဂြိုဟ်တုမှစောင့်ကြည့်လေ့လာမှုအရ မတ်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် မဲခေါင်ဒေသအတွင်း Fire Hotspot များဖြစ်ပေါ်ခဲ့မှုကို မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ နေရာအနှံ့အပြား၌ တွေ့ရှိခဲ့သည်ဟုဆိုသည်။
လာမည့်သီတင်းပတ်အတွင်း မဲခေါင်ဒေသခွဲ၏နေရာအများစုတွင် မိုးခေါင်သောအခြေအနေများရှိနေမည်ဟု ခန့်မှန်းထားပြီး Fire Hotspot များနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုမှာ ပိုမိုဆိုးရွားလာနိုင်ပြီး မဲခေါင်ဒေသအတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအန္တရာယ် ပိုမိုမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့၏ နယ်နိမိတ်တစ်လျှောက်တွင် လက်ရှိဖြစ်ပေါ်နေသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ နှစ်နိုင်ငံပူးပေါင်းဖြေရှင်းရေးကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုပ်ငန်းအဖွဲ့များဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အဓိကအားဖြင့် မီးလောင်မှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများသည် တောမီးလောင်ကျွမ်းမှု၊ တောင်ယာခုတ်ထွင်ရှင်းလင်းရန်မီးရှို့မှုနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ မီးရှို့မှုတို့ကြောင့်ဖြစ်ကြောင်းတွေ့ရသည်။ အဆိုပါဒေသများတွင် မီးလောင်ကျွမ်းမှု ထပ်မံမဖြစ်ပေါ်စေရေးအတွက် အလိုအလျောက် တောမီးလောင်ကျွမ်းခြင်းများကို သတိပြု ပူးပေါင်းကာကွယ်ဆောင်ရွက်ကြရန်၊ တောင်ယာမီးရှို့ခြင်း၊ ရိုးပြတ်များမီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းများ မဖြစ်ပေါ်စေရေး ဒေသဆိုင်ရာအဖွဲ့အစည်းများက ကြိုတင်အသိပညာပေးဆောင်ရွက်ကြရမည်ဖြစ်ပြီး ယခုနှစ်အတွက် ရည်မှန်းထားသည့်အတိုင်း လျှော့ချနိုင်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ လေထုညစ်ညမ်းမှု၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ပတ်ဝန်းကျင်ကို ကြီးမားစွာထိခိုက်နိုင်ရာ မြို့ပြဒေသနှင့် နယ်စပ်ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့် လုပ်ဆောင်မှုများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်စေသည့် ဆောင်ရွက်မှုများကို အသိတရားဖြင့်လျှော့ချစေခြင်း၊ နိုင်ငံတော်နှင့်အတူပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် ပါဝင်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း။ ။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
