မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များကြား အသက်ကိုပဓာနမထားဘဲ စွန့်စားကြသူများ

မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များကြား အသက်ကိုပဓာနမထားဘဲ စွန့်စားကြသူများ


Ministry of Information/ Naypyitaw / May 05, 2026
image_latest


အရှေ့တောင်အာရှတွင် အစောဆုံး မြို့ပြလူ့အဖွဲ့အစည်းကို တည်ထောင်နိုင်ခဲ့သည့် မိမိတို့နိုင်ငံတွင် မီးဘေးကာကွယ်ရေးကိုလည်း ရှေးကတည်းကပင် အလေးအနက်ထားခဲ့ကြသည်။ လူနေရပ်ရွာများ မီးလောင်ကျွမ်းမှုမဖြစ်ရေးအတွက် ထုတ်ဆင့်သည့် ဘုရင့်အမိန့်မှတ်တမ်းများအရ စည်းကမ်းတကျ မီးဘေးကာကွယ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ နယ်ချဲ့လက်အောက်ကျရောက်ပြီးနောက် ၁၈၈၅ ခုနှစ်တွင် ရန်ကုန်မြူနီစီပယ်မီးသတ်ကို တည်ထောင်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန်မြူနီစီပယ် အက်ဥပဒေအရ စေတနာ့ဝန်ထမ်း မီးသတ်အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ မီးသတ်အစည်းအရုံးများကို စုစည်းရန် ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးညီလာခံကြီးကို ရန်ကုန်မြို့ ကန်တော်ကလေး၊ ဇိနတ်အစ္စလာမ် အမျိုးသမီးကျောင်းတွင်ကျင်းပခဲ့ရာ တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၁၉ ခရိုင်၊ မြို့ပေါင်း ၅၅ မြို့မှ ကိုယ်စားလှယ်ပေါင်း ၁၉၇ ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါညီလာခံသို့ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးဘဆွေစသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။ နိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် အကွဲကွဲအပြားပြားတည်ရှိနေကြသည့် စေတနာ့ဝန်ထမ်း အပျော်တမ်းမီးသတ်တပ်ဖွဲ့များကိုစုစည်း၍ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးကို ဖွဲ့စည်းတည်ထောင်နိုင်လိုက်ခြင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သမိုင်းတွင် မော်ကွန်းတင်ရမည့်နေ့ကြီးတစ်နေ့ ပေါ်ထွန်းလာစေသည်။

အဆိုပါ ညီလာခံကြီးတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “မီးသတ်အဖွဲ့သားများ၏ တာဝန်မှာ စည်းကမ်းအရေးကြီး၍ အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ်ကြီးဖြစ်ကြောင်း။ စစ်တပ်များတွင် သူရဲကောင်းများပေါ်ပေါက်သကဲ့သို့ မီးသတ်လုပ်ငန်းတွင် သူရဲကောင်းများပေါ်ပေါက်ကြသည့်အနက် မီးသတ်သူရဲကောင်းမှာ သူတစ်ပါးတိုက်ခိုက်ရခြင်းမဟုတ်ဘဲ စွန့်စားသူများဖြစ်သဖြင့် အထူးမြင့်မြတ်သော သူရဲကောင်းများဖြစ်ကြောင်း၊ မီးသတ်အဖွဲ့တွင် ယဉ်ကျေးမှုနှင့် စွန့်စားမှုအရေးကြီးသဖြင့် အရပ်ရပ်တိုင်းတွင် ဖွဲ့စည်းသင့်ကြောင်း” ၎င်း၏မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းလုံးမှ မီးသတ်အစည်းအရုံးများ ပထမဆုံးအကြိမ် စုစည်းမိခဲ့သည့် ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ နှစ်စဉ် မေလ ၅ ရက်နေ့ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုအခါ နှစ်ပေါင်း ၈ဝ ပြည့်မြောက်သည့်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မီးသတ်ဦးစီးဌာနသည် ရည်မှန်းချက် တာဝန် (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးအတွက် ကာကွယ်ပေးရန်၊ မီးသတ်တပ်ဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ မီးသတ်တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးရန်၊ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါအန္တရာယ် (သို့မဟုတ်) ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ် တစ်မျိုးမျိုးကျရောက်သည့်အခါ မီးငြှိမ်းသတ်ရေး၊ ကာကွယ်တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေးတို့ကိုဆောင်ရွက်ရန်၊ ဘေးအန္တရာယ်တစ်မျိုးမျိုးကျရောက်သည့်အခါ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရေးအတွက် ပညာပေး၊ စည်းရုံးလှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်၊ နိုင်ငံတော်လုံခြုံရေး၊ ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်ပါက ပါဝင်ကူညီဆောင်ရွက်ရန်တို့ကို ရည်ရွယ်ချက်ချမှတ်ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ နိုင်ငံတွင် လူဦးရေတိုးတက်များပြားလာခြင်း၊ မြို့ရွာလူနေအိမ်ခြေများ တိုးချဲ့တည်ထောင်လာခြင်း၊ စက်ရုံအလုပ်ရုံ စီးပွားရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်လာခြင်း၊ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကြောင့် ကြီးမားပြင်းထန်သည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများ ပိုမိုများပြားလာခြင်း စသည့်အကြောင်းရင်းများကြောင့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ၏ဖြစ်နိုင်ခြေမှာ မြင့်မားလာလျက်ရှိသည်။ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများတွင် အဆိုပါဘေးအန္တရာယ်များနှင့်ရင်ဆိုင်၍ စွမ်းစွမ်းတမံတိုက်ပွဲဝင်ကြသည့် သူရဲကောင်းများမှာ မီးသတ်တပ်ဖွဲ့ဝင်များပင်ဖြစ်သည်။ ဘေးအန္တရာယ်များမှ ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးတို့တွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှ အနည်းဆုံးဖြစ်စေရန် အသက်ကို ပဓာနမထားဘဲ စွန့်စားကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် လေးစားစွာဂုဏ်ပြုအပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Posted on May 05, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Posted on May 04, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on May 03, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Posted on May 02, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Posted on May 01, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2026
AnnouncementsExplore more >

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Posted on May 1, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။