သစ်တောသုတေသနဌာန၊ ရေဆင်းရှိ သစ်မျိုးစုံဥယျာဉ်ပညာပေးပြခန်း ဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်
သစ်တောသုတေသနဌာန၊ ရေဆင်းရှိ သစ်မျိုးစုံဥယျာဉ်ပညာပေးပြခန်း ဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / March 11, 2025
သစ်တောဦးစီးဌာနနှင့် အာရှနှင့် ပစိဖိတ်ဆိုင်ရာ သစ်တောများ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာကွန်ယက်အဖွဲ့ - APFNet တို့ ပူးပေါင်း၍ “မဲခေါင်ဒေသ(မြန်မာနိုင်ငံ)တွင် သစ်တောဂေဟစနစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်းစီမံကိန်း” ၏ သစ်မျိုးစုံဥယျာဉ်ပညာပေးပြခန်း ဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်းပြီးမြောက် အောင်မြင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောသုတေသနဌာန၊ ရေဆင်း၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ တက္ကသိုလ်များနယ်မြေ(ရေဆင်း)မှ ပါမောက္ခချုပ်များ၊ APFNet အတွင်းရေးမှူးရုံးမှ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ စီမံကိန်းဧရိယာမှ ဒေသခံများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်မျိုးစုံဥယျာဉ်ပညာပေးပြခန်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက်ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယခုသစ်မျိုးစုံ ဥယျာဉ်အား သစ်တောသစ်ပင် ဂေဟစနစ်နှင့် မျိုးရိုးဗီဇထိန်းသိမ်းရန်၊ သုတေသန စမ်းသပ်ခြင်းများပြုလုပ်ရန်၊ ပြည်သူလူထု အပန်းဖြေအနားယူရန်နှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းကာလအတွင်း သစ်မျိုးစုံဥယျာဉ်အပြင် ရှမ်းပြည်နယ်၊ ပင်လောင်းဒေသ ဘက်ပေါင်းစုံ ရေဝေရေလဲ စီမံအုပ်ချုပ်မှုကိုလည်း ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ခဲ့ပြီး စီမံကိန်းဧရိယာများတွင် သစ်ပင်နှင့် ဝါးများ၊ သီးပင်စားပင်များ ရောနှောစိုက်ပျိုးခြင်းကို လက်တွေ့သရုပ်ဖော် တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ ရိုးရာရွှေ့ပြောင်းတောင်ယာအစား ကုန်းမြင့်လယ်ယာနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းများကို သင်တန်းပို့ချမှုများ၊ လက်တွေ့တည်ထောင်မှုများဖြင့် ဆောင်ရွက်ခဲ့သဖြင့် သစ်တောပြုန်တီးမှု လျော့နည်းသက်သာစေပြီး သစ်တောဖုံးလွှမ်းမှု ကောင်းမွန်လာစေရေးအတွက် အထောက်အကူပြုသည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးကိုလည်း များစွာအထောက်အကူပြုလျက်ရှိကြောင်း၊ ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်နှင့် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းပေးသွားနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်သူများအားလုံးက ကြိုးပမ်းသွားရမှာ ဖြစ်ကြောင်းဖြင့် အဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ APFNet အတွင်းရေးမှူးရုံးမှ အမှုဆောင်ညွှန်ကြား ရေးမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ပညာပေးပြခန်းအတွင်း ပြသထားသော သစ်မျိုးစုံဥယျာဉ်ပုံစံငယ်၊ သစ်တောသစ်ပင်များ၏ သစ်မျိုးစေ့ပုံသဏ္ဌာန်များ အရွက်သဏ္ဌာန်များ၊ သစ်မျိုးများ၏ အကာနှင့် အနှစ်သား ကွာခြားမှုပြကွက်များအားလည်းကောင်း၊ ရေငွေ့ထိန်းခန်းအတွင်း အအေးပိုင်းဒေသ သစ်တောသစ်ပင်၊ အလှပင်၊ သစ်ခွနက်နှင့် ပင်ပျော့ပင် ၇၅ မျိုးအား ထိန်းသိမ်းထားရှိမှု အခြေအနေအားလည်းကောင်း၊ သစ်မျိုးစုံဥယျာဉ်အတွင်း အပင်မျိုးရင်း ၄၀ မျိုး၊ မျိုးစိတ် ၁၃၁ မျိုးအား ဇုန် ၈ ဇုန်ဖြင့် ဇုန်အလိုက် မျိုးဆက်ပင်များပြုစုခြင်း၊ ဝါးပင်၊ သစ်တောသစ်ပင်၊ အလှပင်နှင့် အသီးပင်များစိုက်ပျိုးခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက သစ်မျိုးစုံဥယျာဉ်နှင့် စီမံကိန်းဧရိယာကျေးရွာများရှိ သီးနှံသစ်တော ရောနှောစိုက်ခင်းများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သင့်သော အချက်အလက်များနှင့် ရေရှည်တည်တံ့အောင် လုပ်ဆောင်သင့်သော အစီအမံများအား အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ ရလဒ်များအား ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
Posted on Mar 11, 2025မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်
Posted on Mar 11, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အောင်မြင်မှုများစွာရရှိအောင် ဖော်ဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်က အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက်
Posted on Mar 11, 2025ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီးတို့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များကို သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ချစ်ကြည်ရေးခရီးစဉ်များအတွင်း နယ်ပယ်ကဏ္ဍမျိုးစုံ၌ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ တိုးမြင့်ဆောင်ရွက်နိုင်ခဲ့မှု၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုများမှရရှိခဲ့သည့် အောင်မြင်မှုရလဒ်များအတွက် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းက လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။