အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ
အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / May 23, 2025

နေပြည်တော် မေ ၂၂
အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများရှိခဲ့သော်လည်း ကုန်သွယ်မှုလုပ်ငန်းများ ချောမွေ့စေရေး ပံ့ပိုးပေးနိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီအစည်းအဝေးများကို လေးလတစ်ကြိမ်ကျင်းပရန် လျာထားသတ်မှတ်ချက်အတိုင်း ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်ဆောင်ရွက်မှုကာလ ပြီးဆုံးတော့မည်ဖြစ်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀)ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၆-၂၀၃၀)အတွက် ကဏ္ဍများကိုရွေးချယ်ပြီး လုပ်ငန်းစီမံချက်(Plan of Actions-PoA)များကို ရေးဆွဲသည့်အခါ သက်ဆိုင်ရာကဏ္ဍအလိုက် အစိုးရ - ပုဂ္ဂလိက အဖွဲ့အစည်းများက ညှိနှိုင်းပူးပေါင်းရေးဆွဲကြရန်ဖြစ်ကြောင်း။
အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မတ်လမတိုင်မီ Open General License - OGL ရရှိရေး အိန္ဒိယနိုင်ငံအစိုးရနှင့် G to G ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့မှုသည် ကောင်စီ၏ သိသာသောရလဒ်တစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လအတွင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပပေးခဲ့ပြီး ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product)အဖြစ် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အလားအလာရှိသော ထုတ်ကုန်များကိုရွေးချယ်၍ လုပ်ငန်းရှင်များကို ဆုချီးမြှင့်ပေးခဲ့သည့်အပြင် ပြပွဲကာလအတွင်း MSME လုပ်ငန်းရှင်များ ပြည်တွင်း/ပြည်ပဈေးကွက် ချိတ်ဆက်ရရှိရေး၊ ချေးငွေရရှိရေးအတွက် ဘဏ်များနှင့် ချိတ်ဆက်နိုင်ရေး ကူညီပေးမှုများကြောင့် ပို့ကုန်တင်ပို့လိုသည့် လုပ်ငန်းရှင်များအတွက် အထောက်အကူကောင်းများရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ကဏ္ဍများအလိုက် ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ ကန့်သတ်ချက်များ တင်ပြလာမှုများအပေါ် တတ်နိုင်သမျှ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားပြီး ကောင်စီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြချက်များအပေါ် အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌက ကဏ္ဍများအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကိုရှေးရှုပြီး ပြန်လည်ဆွေးနွေးလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)
Posted on May 23, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် နေ့သင်တန်းများ ဖွင့်လှစ်ကြောင်းကြေညာခြင်း
Posted on May 22, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on May 14, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း