အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်း ၂ဝ၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ တမာပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး
အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်း ၂ဝ၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ တမာပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး
Ministry of Information/ Naypyitaw / July 11, 2025

နေပြည်တော် ဇူလိုင် ၁၁
မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ မိုးခေါင်ရေရှားမှုနှင့် ပြင်းထန်သည့် အပူချိန်မြင့်တက်မှုများကို အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့သည့် မိုးနည်းသည့်ဒေသများဖြစ်ပြီး အပူဒဏ်ကိုအများဆုံး ထိတွေ့ခံစားရသည့် ဒေသများဖြစ်သည်။ သို့ဖြစ်ပါ၍ ရာသီဥတုပြောင်းလဲမှုနှင့် မိုးခေါင်ရေရှားမှုတို့ကို သဘာဝအခြေပြုဖြေရှင်းနည်းဖြစ်သည့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ လေကာတန်းများစိုက်ပျိုးခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များ ကျင့်သုံးခြင်း၊ ရေအရင်းအမြစ်များ စနစ်တကျစီမံခြင်း စသည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်သည့်အနေဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်းရှိ မြို့နယ် ၂၉ မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ သတ်မှတ်နေရာများ အသီးသီး၌ တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင် ကာကွယ်တောနေရာ၌ ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ တမာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အဆိုပါမိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင်ကာကွယ်တောနေရာ၌ ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့အညာဒေသအပူပိုင်းဒေသစိမ်းလန်းစိုပြေရေး သစ်ပင်စိုက်ပျိုးပွဲကိုနိုင်ငံတော်အဆင့် ဆောင်ရွက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုကဲ့သို့သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ကောင်းမွန်သည့်ဆောင်ရွက်ချက်ပင်ဖြစ်ပြီး ပတ်ဝန်းကျင်ကောင်းအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ အထူးသဖြင့် မိတ္ထီလာဒေသအပါအဝင် အညဒေသ ၁၃ ခရိုင်သည် ပူပြင်းသည့် ရာသီဥတုရှိသည့် ဒေသများဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ရာသီဥတုပူပြင်းသည့် ဒဏ်ကိုခံစားကြရကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပုဂံ၊ ချောက်၊ ရေနံချောင်း၊ မင်းဘူး စသည့်ဒေသများသည် ကမ္ဘာတွင်အပူဆုံးဒေသအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း။
မိမိကိုယ်တိုင် ချောက်ဒေသသို့ သွားရောက်စဉ်ကလည်း ရာသီဥတုပူပြင်းမှုကို ခံစားခဲ့ရကြောင်း၊ ရာသီဥတုပူပြင်းချိန်တွင် လူများ၏နေထိုင်မှုဒုက္ခရောက်ကြရကြောင်း၊ ထို့ကြောင့် ရာသီဥတုပူပြင်းမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်ရန်အတွက် သစ်ပင်စိုက်ပျိုးခြင်းသည် နည်းလမ်းတစ်ခုအနေဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာကြီးတွင် ရာသီဥတုများဖောက်ပြန်ပြောင်းလဲနေပြီး သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြုံတွေ့နေရကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ တားဆီး၍ မရသော်လည်းလူများ၏ ကြိုတင်ကာကွယ်ဖန်တီးမှုများဖြင့် သက်သာလျော့ပါးအောင် ဆောင်ရွက်၍ရကြောင်း၊ ယခုမိမိတို့ သစ်ပင်စိုက်ပျိုးခြင်းကြောင့် အပူချိန်မှာ ချက်ချင်းလက်ငင်းလျော့ပါးသွားမည်မဟုတ်လည်း သစ်ရိပ်ဝါးရိပ်များ၏ အရိပ်အာဝါသရှိမည်ဆိုပါက အပူဒဏ်ကို တတ်နိုင်သမျှ လျော့ပါးစေမည်ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြေသည့် မြင်ကွင်းများကို မြင်တွေ့ရခြင်းဖြင့်မျက်စိပသာဒကို ဖြစ်ပေါ်စေပြီး လူများ၏ စိတ်နှလုံးကိုလည်း အေးမြစေသည့် အကျိုးကျေးဇူးကို ရရှိစေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးပွဲတော်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပြီး သစ်ပင်များ စိုက်ပျိုးလျက်ရှိသကဲ့သို့ တပ်မတော်အနေဖြင့်လည်း စဉ်ဆက်မပြတ်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ရပ်ပင်ဖြစ်ကြောင်း။
ယနေ့တွင် အပူပိုင်းဒေသ ၁၃ ခရိုင်၌ ပျိုးပင်ပေါင်း ၃၄၉၅ဝ ပင်အား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုနေရာများသည် ယခင်တည်းက စိုက်ပျိုးခဲ့သည့် နေရာများဖြစ်ကြောင်း၊ သို့သော်ရှင်သန်မှုများ အားနည်းခြင်း၊ ဒေသလိုအပ်ချက်အရ သစ်ပင်များ တရားမဝင်ခုတ်ထွင်ခြင်းများကြောင့် ထိုက်သင့်သလောက် အကျိုးမရရှိခဲ့ကြောင်း၊ ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခြင်းကြောင့် အချိန်၊ လူအင်အားနှင့် ငွေကြေးကုန်ကျမှုများရှိကြောင်း၊ ထို့ကြောင့် မိမိတို့စိုက်ပျိုးသည့် အပင်များ စနစ်တကျစိုက်ပျိုးထိန်းသိမ်းသွားကြရန် “တစ်ပင်စိုက်၊ တစ်ပင်ရှင်” ဖြစ်အောင်လိုကြောင်း၊ မိမိတို့စိုက်ပျိုးသည့် အပင်များအားလုံးရှင်သန်စေရန်အတွက် တာဝန်ရှိသူများက စနစ်တကျဆက်လက်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စေတနာထား၍ ဆောင်ရွက်သွားကြရန်လိုကြောင်း။ မိမိတို့နိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုများ ကျဆင်းလာကြောင်း၊ ယခုအခါ ၄၂ ဒသမ၁၉ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း၊ တစ်နိုင်ငံလုံးသစ်တောဖုံးလွှမ်းမှု ဧရိယာ ၅၀ ရာခိုင်နှုန်းပြန်လည်ရရှိစေရေး သစ်ပင်စိုက်ပျိုးများကို ကျင်းပပြုလုပ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါသစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို လက်ငင်းခံစား၍မရနိုင်သော်လည်း နောင် ၇ နှစ် ၈ နှစ်ခန့်တွင် ခံစားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ယခင်က စိုက်ပျိုးထိန်းသိမ်းခဲ့မှုများကြောင့် သစ်ကြီးဝါးကြီးများ၏ အရိပ်အာဝါသကို ခံစားရခြင်းဖြစ်ကြောင်း၊ မိမိတို့၏ လာမည့်သားစဉ် မြေးဆက်ကိုလည်း ထိုသို့ ခံစားရစေလိုသည့်စိတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း။
သစ်တောသစ်ပင်များ ထိန်းသိမ်းဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ လမ်းဘေးဝဲယာတွင်လည်း သစ်ပင်များ စိုက်ပျိုးရန်လိုပြီး ခရီးသွားပြည်သူများအနေဖြင့် သစ်ပင်များ စိမ်းစိုနေမှုကို ကြည့်၍ မျက်စိပသာဒကိုရရှိပြီး စိတ်ချမ်းသာမှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ယနေ့သစ်ပင်စိုက်ပျိုးမှုများ ဆောင်ရွက်ခြင်းသည် နောင်လာနောက်သားများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ခံစားနိုင်ရန်အတွက် အမွေခံကောင်းကို ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊
ထို့ကြောင့် ယခုကဲ့သို့ အချိန်နှင့် ငွေကြေးအင်အား၊ လူအင်အားများကို အသုံးပြု၍ ဆောင်ရွက်ချိန်တွင် နိုင်ငံအတွက် အကျိုးရှိအောင် ဆောင်ရွက်ခြင်းအားဖြင့် ကုသိုလ်ကောင်းမှုများဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယနေ့ကဲ့သို့ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲဆောင်ရွက်သကဲ့သို့ ဆက်လက်၍လည်း တိုင်းဒေသကြီးအလိုက်၊ ပြည်နယ်အလိုက်၊ ရပ်ကွက်ကျေးရွာများအလိုက် တစ်အိမ်လျှင် တစ်ပင်စိုက်မည်ဆိုပါက သစ်ပင်များရှင်သန်ဖြစ်ထွန်းပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ပြုလုပ်သည့် အခမ်းအနားသည် မင်္ဂလာရှိသည့် အခမ်းအနားဖြစ်ပြီး အများကောင်းကျိုးအတွက် ဆောင်ရွက်ကြသူများဖြစ်သဖြင့် တူညီသောအကျိုးကို ခံစားကြရပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
တမာပျိုးပင်အား ဦးဆောင်စိုက်ပျိုး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တမာပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင်ကာကွယ်တောနေရာ၌ ပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် တမာ၊ စိန်ပန်း၊ ကုက္ကိုလ်၊ မယ်ဇယ်၊ ဒဟတ်၊ ယင်းမာ စသည့် သစ်မျိုး ၆ မျိုး၊ ပျိုးပင်ပေါင်း ၃၂၀၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့သည်။
ယနေ့တွင် အပူပိုင်းဒေသ (၁၃) ခရိုင်၊ မြို့နယ် (၂၉) မြို့နယ်အတွင်း ၂ဝ၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုစုပေါင်းသစ်ပင် ၃၄,၉၅ဝ ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့
အလားတူ ကျန်ရှိသည့် အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်းရှိ မြို့နယ်များ၌လည်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၇၅၀ ပင်၊ မြင်းမူမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ၆၀၀ ပင်၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ အားသစ်လမ်းနေရာ၌ ၁,၀၅၀ ပင်၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုတက္ကသိုလ်၌ ၃,၀၀၀ ပင်၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကွန်ပျူတာတက္ကသိုလ်၌ ၆၀၀ ပင် တို့ကိုလည်းကောင်း။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး-ကံပြားသွားလမ်းဘေးနေရာ၌ ၂,၇၀၀ ပင်၊ ရေနံချောင်းမြို့နယ် မကွေး-ရေနံချောင်းလမ်းမိုင်တိုင် (၃၅၇/၅) အထူးစိမ်းလန်းစိုပြည်ရေးဇုန်၌ ၄,၀၀၀ ပင်၊ ချောက်မြို့နယ် ဂွေးချို-ချောက်လမ်းဘေး၊ ဆင်ကကြိုးပြင်ကာကွယ်တောနေရာ၌ ၄,၀၀၀ ပင်၊ မြို့သစ်မြို့နယ် မကွေး-ကံပြားလမ်း မိုင်တိုင် (၃၆/၅) နေရာ၌ ၆၀၀ ပင်၊ တောင်တွင်းကြီးမြို့နယ် ဆတ်သွား-ဆင်ပေါင်ဝဲခရိုင် ချင်းဆက်လမ်းဘေး၌ ၆၀၀ ပင်၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် လေးပင်အိုင်မကြိုးပြင် ကာကွယ်တောအတွင်း ၁,၀၅၀ ပင်၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာပိုင်မြေနေရာ၌ ၃၀၀ ပင်၊ ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (မင်းလွင်) ၌ ၃၀၀ ပင်၊ စလင်းမြို့နယ် တည်ဘိုကန်ကြိုးပြင်ကာကွယ်တော၌ ၃၀၀ ပင်၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ၆၀၀ ပင်၊ ဆိပ်ဖြူမြို့နယ် ရွှေဟင်္သာဘုရားသွားလမ်းဘေး၌ ၃၀၀ ပင်၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သရက်-မင်းလှ မိုင်တိုင် (၄၄/၃) နေရာ၌ ၆၀၀ ပင်၊ အောင်လံမြို့နယ်၊ ဘွက်ကြီးရေပေါ်ကြိုးဝိုင်း အကွက်အမှတ် (၆၁) ၌ ၉၀၀ ပင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အောင်လံ-တောင်တွင်းကြီး မိုင်တိုင် (၂၅၅/၂) တောပုန်းကြိုးပြင်ကာကွယ်တော၌ ၆၀၀ ပင်၊ ကံမမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းဘေး မိုင်တိုင် (၁၅၁/၂ နှင့် ၁၅၁/၃) အကြား စီကျေးရွာနေရာ၌ ၆၀၀ ပင် တို့ကိုလည်းကောင်း။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း၌ ၁,၂၀၀ ပင်၊ စဉ့်ကိုင်မြို့နယ် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ၆၀၀ ပင်၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ၆၀၀ ပင်၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၃,၀၀၀ ပင်၊ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း - ညောင်ဦးကားလမ်း မိုင်တိုင်အမှတ် (၄/၀) ၌ ၆၀၀ ပင်၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးလမ်းမိုင်တိုင် (၁၈/၀) ၌ ၆၀၀ ပင်၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၃၁၄/၀) အနီး၌ ၁,၂၀၀ ပင်၊ ရမည်းသင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၂၈၀/၀) အနီး၌ ၅၀၀ ပင်တို့ကိုလည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်စိုက်ပျိုးပေးသည့် မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင်ကာကွယ်တောနေရာ၌ ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်အပါအဝင် အပူပိုင်းဒေသ (၁၃) ခရိုင်၊ မြို့နယ် (၂၉) မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုစုပေါင်းသစ်ပင် ၃၄,၉၅ဝ ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့သည်။
မိတ္ထီလာ စီးပွားရေးတက္ကသိုလ်
သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များ လိုက်ပါ၍ မိတ္ထီလာစီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိကြရာ တက္ကသိုလ်ပါမောက္ခချုပ်က မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် တက္ကသိုလ်ခြံစည်းရိုးအုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့မှု၊ ပင်မစာသင်ဆောင်ကြီးနှင့် တက္ကသိုလ်စာကြည့်တိုက်တို့တွင် ရှင်းလင်းတင်ပြသည်။ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ပြုပြင်နိုင်ရေး ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်အဝင်လမ်းတစ်လျှောက် လမ်းအင်္ဂါရပ်နှင့် ပြည့်စုံမှုရှိစေရေးဆောင်ရွက်ပေးသွားရန်၊ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် မျက်စိပသာဒဖြစ်စေရေးအတွက် သစ်ပင်သစ်ကိုင်းများအား အောက်ခြေရှင်းခြင်း၊ အလင်းဖွင့်ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တက္ကသိုလ်အနေဖြင့် ဒေသ၏ အကျိုးစီးပွားဖော်ဆောင်နိုင်ရေးလိုအပ်သည့်သုတေသန လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
အသိပေးကြေညာခြင်း
Posted on Jul 11, 2025ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Posted on Jul 10, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)
Posted on Jul 10, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)