၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထား

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထား


Ministry of Information/ Naypyitaw / July 03, 2024
image_latest


နေပြည်တော် ဇူလိုင် ၂

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ ယူရီးယားမြေဩဇာဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထားရာ သွင်းအားစု တင်သွင်းသည့်ကုမ္ပဏီအလိုက် လျာထားတင်သွင်းခွင့်ပြုထားသည့် ပမာဏတန်ချိန်များအတွက် ဈေးနှုန်းအနည်းဆုံးဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပေးနိုင်မည့် ဈေးနှုန်းများကို ယှဉ်ပြိုင်စနစ်ဖြင့် စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းကြောင့် ယခုနှစ်တွင် ဈေးနှုန်းပိုမိုသက်သာစွာ တောင်သူများကို ဖြန့်ဖြူးပေးနိုင်ပါကြောင်း၊ ထုတ်ပြန်ထားပြီးသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန် ကုမ္ပဏီများကိုလည်း လမ်းညွှန်ထားကြောင်း၊ မြေဩဇာအသင်းအနေဖြင့် အသင်းဝင် ကုမ္ပဏီများကို ကြီးကြပ်ပေးရန် ပြောကြားလိုပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီး ဌာနတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့်ဆောင်ရွက်သည့်စီမံကိန်းများတွင် အချိန်မီဖြန့်ဖြူးပေးနိုင်ရေး၊ ဈေးနှုန်းနှင့်အရည်အသွေးမှန်ကန်မှုရှိစေရေး ကြီးကြပ်ပေးရမည်ဖြစ်ပါကြောင်း။

ဓာတ်မြေဩဇာများ သိုလှောင်ခြင်း၊ ဈေးကစားခြင်း၊ ဈေးနှုန်းတင်ရောင်းချခြင်းများမရှိစေရေး အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ကြီးကြပ်ဆောင်ရွက်ပေးရန်နှင့် သတင်းများရရှိ၊ တွေ့ရှိလျှင် ဦးဆောင်ကော်မတီသို့ တင်ပြပေးရန်နှင့် မြို့နယ်အလိုက် အရောင်းဆိုင်များ၊ ဂိုဒေါင်များတွင် သတ်မှတ်ဈေးဖြင့် ရောင်း/မရောင်းကို ကော်မတီဝင်ဌာနဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးပြီး ဆိုင်ရာကော်မတီဝင်ဌာနများနှင့်အတူ စိစစ်ပေးရန် ပြောကြားလိုကြောင်း၊ လိုအပ်သည်များ စိစစ်နိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များကိုလည်း ညှိနှိုင်းအကြောင်းကြား ထားပါကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက အသင်းဝင်ကုမ္ပဏီများမှ ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်ရေး ကြီးကြပ်ဆောင်ရွက်နေမှု၊ ဖြန့်ဖြူး ရောင်းချမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းတို့က လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြပြီး ဦးဆောင်ကော်မတီအဖွဲ့ဝင်ဦးစီးဌာန ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သွင်းအားစုများအချိန်မီရရှိရေး၊ အရည်အသွေး ပြည့်မီရေးနှင့် ဈေးနှုန်းသက်သာစေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်း ကြီးကြပ် ဆောင်ရွက်ပေးကြရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။

ရန်ကုန်အထိုင်ဈေးနှုန်းများအနေဖြင့် ယူရီးယားအလုံးကြီးကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၇၃၀၀၀၊ ရော့ခ်ဖော့စ်စဖိတ်အခြေခံ ၁၅ ပတ်လည်ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၁ သိန်းနှုန်း၊ ဒီအေပီအခြေခံ ၁၅ ပတ်လည် ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ နှုန်း၊ ကွန်းပလပ်စ် ၁၅ ပတ်လည် ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၁၂၂၀၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး အဆိုပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးဖြစ်၍ သက်ဆိုင်ရာဒေသအရောက် သယ်ယူစရိတ်နှင့် အရောင်းဆိုင်အမြတ်ငွေတို့ထည့်ပေါင်းကာ ဈေးသတ်မှတ်ရန်၊ ဓာတ်မြေဩဇာများသိုလှောင်ခြင်း၊ ဈေးကစားခြင်း၊ ဈေးနှုန်းတင်ရောင်းချခြင်းများ မပြုလုပ်ရန်တို့ကို ပြည်နယ်နှင့်တိုင်းဒေသကြီး ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သူများနှင့်တွေ့ဆုံ

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အတူနေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အင်ပင်ကျေးရွာသို့သွားရောက်၍ ငြိမ်းချမ်းသာယာလယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက်အသင်းသား တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံရာ သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက တပ်ကုန်းမြို့နယ်အတွင်း ဆောင်ရွက်နေသည့် မိုးဝါဧက ၁၄၄၀ စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများရရှိရေး စိတ်တူကိုယ်တူဆန္ဒတူသူများဖြင့် သမဝါယမအသင်း အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ဝါခူးဆွတ်ချိန်တွင်လည်း အရည်အသွေးမှာ Grade A, B, C ရှိသဖြင့် ဈေးကောင်းရအောင် ခူးဆွတ်ရန် တောင်သူများကို အသိပညာပေးရန်လိုအပ်ကြောင်း၊ နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများ ပံ့ပိုးပေးပြီး Value Added အဖြစ် ထွက်ရှိလာသောဝါကို ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝါစိုက်အသင်းသားတောင်သူများထံ RAKA-666 ဝါမျိုးအိတ် ၁၅၀ နှင့် ဩဘာကွန်ပေါင်း မြေဩဇာ ၁၆၂ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြ ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသင်းသားတောင်သူများ၏ ဝါစိုက်ပျိုးထားမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 02, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jul 01, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Posted on Jul 01, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 30, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၉ ရက်၊ စနေနေ့။


Posted on Jun 29, 2024