e-Government ဦးဆောင်ကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ e-Government ဦးဆောင်ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ဖြင့် ပုံနှိပ်လုပ်ငန်းသုံးစက္ကူ ၅ မျိုး၊ ပုံနှိပ်မင်နှင့် ဆက်စပ်ပစ္စည်း ၃၆ မျိုး ဝယ်ယူရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ကြားခြင်း

e-Government ဦးဆောင်ကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ e-Government ဦးဆောင်ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / July 26, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၆

e-Government ဦးဆောင်ကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ e-Government ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ် အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ e-Government ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် e-Government သည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ ပင်မတွန်းအားဖြစ်သည့် Digital Economy ကို ဖော်ဆောင်နိုင်ရန်အတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်ကို လျင်မြန်လွယ်ကူချောမွေ့စေရန် အထောက်အပံ့ကောင်းများ ပေးစွမ်းနိုင်မည်ဖြစ်သည်အတွက် အောင်မြင်အောင် မဖြစ်မနေအကောင်အထည်ဖော်ဆောင်သွားကြရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ကို ပြောကြားလိုကြောင်း။

e-Government ကို အစိုးရ၏ မဟာဗျူဟာစီမံကိန်းများနှင့် လုပ်ငန်းများတွင် ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးနှင့်စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုများတွင် နည်းပညာ၏အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့်လာစေပြီး ထင်သာမြင်သာရှိသည့် ရလဒ်ကောင်းများနှင့် အချိန်တိုတိုအတွင်း အကျိုးရှိပြီး ထိရောက်အောင်မြင်မှုများ ရရှိလာစေနိုင်မည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် ICT နည်းပညာများ စနစ်တကျဖွံ့ဖြိုးလာစေရေးရည်ရွယ်ပြီး ၂၀၀၅ ခုနှစ်တွင် ပထမ Myanmar ICT Development Master Plan ၊ ၂၀၁၀ ပြည့်နှစ်တွင် ဒုတိယ Myanmar ICT Development Master Plan တို့ကိုရေးဆွဲခဲ့ကြောင်း၊ ထို့နောက် e-Government လုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် Myanmar e-Governance Master Plan (2016-2020) ကို ဆက်လက်ရေးဆွဲခဲ့ကြောင်း၊ အဆိုပါရေးဆွဲခဲ့သည့် Master Plan များတွင်ပါဝင်သည့် e-Government လုပ်ငန်းစဉ်များကို အစိုးရဌာနအဖွဲ့အစည်းများအသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ယခုအခါတွင် နိုင်ငံတော်ကချမှတ်သည့် မူဝါဒသစ်များ၊ ဒစ်ဂျစ်တယ်နည်းပညာသစ်များ လျင်မြန်စွာပြောင်းလဲမှုတို့နှင့် ကိုက်ညီမှုရှိစေရန်အတွက် ယခင်ကရေးဆွဲခဲ့သည့် e-Governance Master Plan (2016-2020) ကို ပြန်လည်ဆန်းစစ် ဖြည့်စွက်ပြင်ဆင်ပြီး “Myanmar e-Governance Master Plan 2030” ကို မူကြမ်းရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါမူကြမ်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကကျင်းပသည့် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) တွင် e-Government ဦးဆောင်ကော်မတီကို လမ်းညွှန်မှုခံယူရန် ဆက်လက်တင်ပြဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားသည့်အတွက် ယခုအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် အစိုးရ၏ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကို Myanmar National Portal ၊ Myanmar National Trade Portal စသည့် National Portal များနှင့် အစိုးရဝန်ကြီးဌာနများအသီးသီး၏ အင်တာနက်စာမျက်နှာများမှတစ်ဆင့် ပြည်သူများလွယ်ကူချောမွေ့စွာရရှိနိုင်ရန် ဖြန့်ဖြူးပေးခြင်းများကို ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း၊ ထို့ပြင် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအရ ICT Infrastructure များသည် အချိန်တိုအတွင်း လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပြီး မိုဘိုင်းဖုန်းအသုံးပြုမှုများသည်လည်း တစ်ရှိန်ထိုးတိုးတက်များပြားလာကြောင်း၊ မိုဘိုင်းဆက်သွယ်ရေးအသုံးပြုပြီး အစိုးရ၏ဝန်ဆောင်မှုများကို ပြည်သူများနေရာအနှံ့အပြားကရယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

နည်းပညာများ မြန်ဆန်စွာဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် အကျိုးကျေးဇူးများရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုများ သိသိသာသာမြင့်တက်လာပြီး အစိုးရအဖွဲ့အစည်းများသည် ဆိုက်ဘာလုံခြုံရေးနှင့်စပ်လျဉ်းသည့် အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်လာရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆိုက်ဘာလုံခြုံရေးအစီအမံများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒကို ၂၀၂၃ ခုနှစ်တွင်ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ပြင်ဆိုက်ဘာလုံခြုံမှုကို ဥပဒေနှင့်အညီ ထိန်းကျောင်းသွားနိုင်ရေးအတွက် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ပြည့်စုံစွာပါဝင်နိုင်မည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့ မြန်မာနိုင်ငံ၏ e-Government ခရီးရှည်တွင် ယခုကဲ့သို့ထင်ရှားသည့် မှတ်တိုင်များကို တည်ဆောက်နိုင်ခဲ့သည့်အတွက် ကုလသမဂ္ဂကထုတ်ပြန်သည့် UN e-Government Development Index (EGDI) တွင်အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၆၉ တွင်ရှိနေရာက ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၃၄ ဖြစ်လာပြီး ၃၅ ဆင့်တိုးတက်လာခဲ့ကြောင်း၊ အလားတူ အစိုးရနှင့်ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် အုပ်ချုပ်မှုပုံစံကို ပုံဖော်နိုင်ခဲ့ပြီး အစိုးရ၏စီမံခန့်ခွဲအုပ်ချုပ်မှုလုပ်ငန်းရပ်များကို ဆုံးဖြတ်ချက်များချမှတ်သည့်အခါတွင် ပြည်သူများ၏လိုအပ်ချက်များ၊ မျှော်လင့်ချက်များ၊ ထင်မြင်ယူဆချက်များနှင့် အကြံပြုချက်များပါဝင်နိုင်မှုကိုလည်း ပြသနိုင်ခဲ့သည့်အတွက် ကုလသမဂ္ဂကထုတ်ပြန်သည့် e-Participation Index (EPI) တွင် ၂၀၁၆ ခုနှစ်၌ အဆင့် ၁၇၀ ရှိရာမှ ၂၀၂၂ ခုနှစ်၌ အဆင့် ၁၁၇ အထိ ၅၃ ဆင့် တိုးတက်လာခဲ့သည့်ရလဒ်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။

Digital Economy နှင့် Digital Government ကို ကူးပြောင်းခြင်းသည် အုပ်ချုပ်မှုနှင့် စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများဖြစ်ကြောင်း၊ မျှော်မှန်းချက်များ ပြည့်မီစေရန် အစိုးရ၏လုပ်ငန်းဆောင်တာများ၊ လုပ်ဆောင်မှုပုံစံများ ပြုပြင်ပြောင်းလဲမှုများကို ခေတ်စနစ်နှင့်အညီ မဆောင်ရွက်နိုင်ပါက ဝန်ဆောင်မှုများ အရည်အသွေးမပြည့်မီခြင်း၊ ရန်ပုံငွေမလုံလောက်ခြင်း၊ အရင်းအမြစ်များနှင့် စီးပွားရေးအခွင့်အလမ်းများဆုံးရှုံးခြင်း စသည်များဖြစ်ပေါ်လာနိုင်သည့်အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများအားလုံး ညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြရန် အလွန်အရေးကြီးကြောင်း။

အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆက်စပ်ဆောင်ရွက်ခြင်းမရှိဘဲ သီးခြားရပ်တည်ဆောင်ရွက်နေကြသည့် လုပ်ဆောင်ချက်များကို တားဆီးရန်လိုအပ်ကြောင်း၊ အစိုးရဌာနများအချင်းချင်းအကြား အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်သည့် စနစ်များနှင့်နည်းပညာများကို အသုံးပြုပြီး ICT infrastructure များနှင့် အချက်အလက်များကို မျှဝေအသုံးပြုသွားကြရမည်ဖြစ်ကြောင်း။

အစိုးရဌာနများအားလုံး မျှဝေအသုံးပြုနိုင်ရန်ရည်ရွယ်ပြီးတည်ဆောက်ခဲ့သည့် e-Government Data Center ၊ Myanmar National Portal ၊ One Map Myanmar Geo Portal ၊ Government Cloud၊ Government e-Mail နှင့် e-ID အစရှိသည့် စီမံကိန်းများသည် အစိုးရ၏စွမ်းဆောင်နိုင်ရည်နှင့် သတင်းအချက်အလက်လုံခြုံရေးကို မြှင့်တင်ပေးနိုင်သော ထင်ရှားသည့်သာဓကများပင် ဖြစ်ကြောင်း။

အွန်လိုင်းအသုံးပြုပြီး လုပ်ငန်းဆောင်ရွက်မှုများ ကျယ်ပြန့်များပြားလာသည်နှင့်အမျှ အီလက်ထရွန်နစ်နည်းလမ်းနှင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်မှု၊ ငွေပေးချေမှု၊ ငွေတောင်းခံမှု၊ ငွေကြေးဆိုင်ရာအချက်အလက်များပေးပို့မှု စသည့် Digital Payment များကို ပိုမိုအသုံးပြုနိုင်မှုများ မြင့်တက်လာသကဲ့သို့ တရားဝင်မှုနှင့် စစ်ဆေးခံနိုင်မှုများက စိန်ခေါ်မှုများအဖြစ် တွေ့ရှိလာရကြောင်း၊ ထို့ပြင် အရေးကြီးသည့်၊ ထိခိုက်မခံသည့် သတင်းအချက်အလက်များပျက်စီးဆုံးရှုံးခြင်းကကာကွယ်ရန် Backup စနစ်များ၊ Disaster Recovery စနစ်များ တည်ဆောက်ထားရှိရန်လည်း လိုအပ်ကြောင်း။

e-Government စနစ်များကိုတည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်၊ သဘာဝအရင်းအမြစ် စသည့်အရင်းအမြစ်များလိုအပ်ကြောင်း၊ ယခုကဲ့သို့ လိုအပ်သည့်အရင်းအမြစ်များကို မျှတအသုံးပြုသွားနိုင်ရန်နှင့် အစိုးရဌာနများက အကောင်အထည်ဖော်နေသည့် စီမံကိန်းများကို အောင်မြင်နိုင်ချေမြင့်မားရန် ဦးဆောင်ကော်မတီက စနစ်တကျလမ်းညွှန်မှုပြုပြီး ကြီးကြပ်ကွပ်ကဲသွားရမည်ဖြစ်ကြောင်း၊ ဦးဆောင်ကော်မတီအနေဖြင့် ပိုမိုပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်များမျှဝေမှု၊ ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စိတ်အားထက်သန်စွာ ထောက်ခံအားပေးရန်လည်းလိုအပ်ကြောင်း။

ယနေ့ကမ္ဘာတွင် ဒစ်ဂျစ်တယ်အသွင်ကို အောင်မြင်စွာကူးပြောင်းနိုင်သည့် နိုင်ငံများသည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာနေသည်ကို အထင်အရှားတွေ့မြင်ရကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ပိုမိုကျယ်ပြန့်ပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများပေးနိုင်ခြင်းဆိုသည့်အချက်ပေါ်တွင် မှီတည်နေကြောင်း၊ ဒစ်ဂျစ်တယ်အစိုးရဆိုသည်မှာ ဒစ်ဂျစ်တယ်စွမ်းရည်နှင့် ဒစ်ဂျစ်တယ်ရင့်ကျက်ပြည့်စုံမှုများဆီကို ဦးတည်ရမည်ဖြစ်ခြင်းကြောင့် ယခင်ဆယ်စုနှစ်များက ကြိုးပမ်းအကောင်အထည်ဖော်ခဲ့သည့် e-Government ၏ပုံရိပ်ကိုတိုးမြှင့်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့မျှော်မှန်းသည့် Digital အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်နိုင်ရန်အတွက် လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းများအတွက် ဒစ်ဂျစ်တယ်နည်းပညာများ၏ခြိမ်းခြောက်မှုနှင့် အန္တရာယ်များလျော့ပါးလာစေရေးနှင့် ပြည်သူဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို မျက်ခြည်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာနိုင်ငံတွင် e-Government စတင်ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အင်တာနက်ဝန်ဆောင်မှုများတိုးချဲ့နိုင်ရေး၊ ဝန်ကြီးဌာနများအချင်းချင်းချိတ်ဆက်အသုံးပြုနိုင်သည့် EDMS စနစ်များ ချိတ်ဆက်နိုင်ရေးဆောင်ရွက်ခဲ့မှု၊ မိုဘိုင်းဖုန်းများသုံးစွဲမှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့မှု၊ e-Government စနစ်ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် e-Government ဦးဆောင်ကော်မတီကို အမျိုးသားအဆင့်ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ e-Government စနစ်တိုးတက်ရေးအတွက် Myanmar e-Government Master Plan 2030 ကိုရေးဆွဲဆောင်ရွက်ခဲ့မှု၊ နည်းပညာကျွမ်းကျင်သည့် ဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိမှု၊ သတင်းအချက်အလက်များလုံခြုံမှုရှိစေရေး ဆောင်ရွက်ခဲ့မှုနှင့် မြန်မာယူနီကုတ်စနစ်ကိုဆောင်ရွက်ခဲ့မှု၊ ဆိုက်ဘာလုံခြုံရေးဥပဒေပြဌာန်းဆောင်ရွက်ခဲ့မှု၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများအား ကောင်းမွန်ပြည့်စုံသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပေးနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံ၏အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးနှင့်ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေး e-Government ဦးဆောင်ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် e-Government ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်က e-Government ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီးကော်မတီဝင်များက e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြရာ e-Government ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် နည်းပညာကျွမ်းကျင်သည့် ဝန်ထမ်းများမွေးထုတ်ပေးနိုင်ရေး၊ နည်းပညာကျောင်းများမှ လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ ဝန်ကြီးဌာနများအလိုက် ဌာနတွင်း e-Government များကို ပြည့်စုံစွာဖြင့်ဆောင်ရွက်ရန်နှင့် ထိုမှတစ်ဆင့် ဝန်ကြီးဌာနများအချင်းချင်း၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် e – Government စနစ်ဖြင့်ချိတ်ဆက်၍ လုပ်ငန်းများဆောင်ရွက်နိုင်အောင် အဆင့်ဆင့်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတင်းအချက်အလက် လုံခြုံမှုရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Posted on Jul 27, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Posted on Jul 26, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Jul 25, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Jul 24, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 24, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက် ၊ ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့။


Posted on Jul 22, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ဖြင့် ပုံနှိပ်လုပ်ငန်းသုံးစက္ကူ ၅ မျိုး၊ ပုံနှိပ်မင်နှင့် ဆက်စပ်ပစ္စည်း ၃၆ မျိုး ဝယ်ယူရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ကြားခြင်း


Ministry of Religious Affairs & Culture/ Naypyitaw / July 26, 2024
image