မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ငွေကျပ် ၁၈ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) နှင့်ကတ်တမင်းများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / October 05, 2021
image


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ငွေကျပ် ၁၈ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) နှင့်ကတ်တမင်းများ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ငွေကျပ် ၁၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)နှင့် ကတ်တမင်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီခွဲတွင် အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းရှေ့၊ ၆၂ လမ်း ပေါ်တွင်ရပ်တန့်ထားသည့် FUSO ၁၂ ဘီး ကွန်တိန်နာယာဉ်ကို သတင်းအရရှာဖွေရာ  ယာဉ်မောင်း ဖြိုးမင်းသူ (၃၃)နှစ်နှင့် ဇော်ထွေး(၃၈)နှစ်တို့ကို တွေ့ရှိရပြီး အဆိုပါယာဉ်ပေါ်မှ ဒေသ ကာလတန်ဖိုး ငွေကျပ် ၁၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၈၀၀ ကီလိုနှင့် ကတ်တမင်း ကီလို ၂၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။