အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောထော့လေးနှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့


Ministry of Information/ Naypyitaw / May 29, 2020


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ၊

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က

KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောထော့လေးနှင့်

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီသို့ ပေးပို့သည့်

ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

၂၀၂၀ ပြည့်နှစ်၊ မေလ ၂၇ ရက်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ကို လက်မှတ်ရေးထိုးခဲ့သော KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၏ ဗဟိုကော်မတီနှင့် တပ်မှူး တပ်ဗိုလ်များ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက် နှင့် ၂၆ ရက်တို့၌ ဗဟိုဌာနချုပ်၊ ထို့ကော်ကိုး (ဝေနော်တယာ) တွင် ကျင်းပခဲ့ပြီး လစ်လပ် နေသော KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး စောထော့လေးအား ရွေးချယ် တင်မြှောက် သည့်အတွက် ဝမ်းမြောက်စွာဖြင့် ကြိုဆိုဂုဏ်ပြုပါသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီအနေဖြင့် မကြာသေးမီက ခေါင်းဆောင်အချို့ အပြောင်းအလဲ ရှိသော်လည်း ငြိမ်းချမ်းရေးအပေါ် ချမှတ်ထားသည့်မူဝါဒများ အပြောင်းအလဲ တစ်စုံတစ်ရာ မရှိဘဲ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်တွင်လည်းကောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်းကောင်း သက်ဆိုင်ရာအဖွဲ့အစည်း များ၊ ညီနောင်တိုင်းရင်းသားများနှင့်အတူ လက်တွဲပြီး NCA လမ်းကြောင်းအတိုင်း စိတ်ရင်းစေတနာမှန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၏ သဘောထားသည် ငြိမ်းချမ်းရေးအပေါ် အမှန်တကယ်မြတ်နိုးတန်ဖိုးထားသော စိတ်ရင်းစေတနာမှန်ကို ပြသနေကြောင်း မြင်တွေ့ရ၍လည်း ဝမ်းမြောက်ရပါသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌနှင့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီအနေဖြင့် အားလုံးမျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်လျှောက်လှမ်းရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် လက်ရှိဖြစ်ပွားနေသော COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်းရင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။

အောင်ဆန်းစုကြည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်