ကျန်းမာရေးအတွက် အန္တရာယ်အပူဒဏ်မကျရောက်ရန် ကာကွယ်


Ministry of Information/ Naypyitaw / March 18, 2026
image_latest


မတ်လ ဒုတိယပတ် ကုန်လွန်ပြီးသည့်နောက်တွင် နေ့အပူချိန်များ တစ်ရက်ထက်တစ်ရက် မြင့်တက်လာပြီဖြစ်သည်။ လာမည့်ဧပြီလနှင့် မေလတို့တွင် အပူချိန်သည် ဆက်လက်၍ မြင့်တက်နေမည်ဖြစ်ရာ အပူဒဏ်အန္တရာယ်ကို သတိပြုကာကွယ်ကြရန်လိုသည်။ ရာသီဥတု ပူပြင်းမှုက ချွေးထွက်လွန်စေပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များကို ပိုမိုဆုံးရှုံးစေသည်။ အပူကြောင့် လေဖြတ်ခြင်း၊ အပူကြောင့် သွေးလန့်ခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း စသည်တို့ကို ခံစားရစေနိုင်သည်။ ရောဂါပိုမိုဆိုးရွားလာပါက အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် မူးမေ့ခြင်းတို့ကို ခံစားရစေနိုင်ကာ ထို့ထက်ပိုမိုပြင်းထန်ဆိုးရွားလာပါက အပူဒဏ်ကြောင့် သတိလစ် သည်အထိ ဖြစ်ပွားနိုင်သည်။

ပြင်ပအပူချိန် မြင့်မားခြင်းသည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး၊ လေထုစိုထိုင်းဆနှင့် လူ၏လှုပ်ရှားမှုအပေါ်မူတည်၍ အန္တရာယ်ရှိနိုင်သည့် အဆင့်မှာ ကွဲပြားခြားနားနိုင်သည်။ ယေဘုယျအားဖြင့် အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်း ကြာရှည်စွာနေထိုင်ရပါက မောပန်းခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက် ခြင်းတို့ဖြစ်နိုင်ပြီး သာမန်သတိထားရမည့် အဆင့်ဖြစ်သည်။ အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်အတွင်းတွင် ကြွက်တက်ခြင်းနှင့် အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) တို့ ဖြစ်နိုင်ပြီး အထူးသတိထားရမည့်အဆင့်ဖြစ်သည်။ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်မှ ၅၄ ဒီဂရီစင်တီဂရိတ်အတွင်း ရောက်ရှိပါက အပူလျှပ်ခြင်း (Heat Stroke) ဖြစ်နိုင်ခြေ အလွန် မြင့်မားပြီး အန္တရာယ်ရှိသော အဆင့်ဖြစ်သည်။ အပူချိန် ၅၄ ဒီဂရီ စင်တီဂရိတ် အထက်ဆိုပါက အသက်အန္တရာယ်ရှိပြီး ပြင်ပလှုပ်ရှားမှုများကို လုံးဝရှောင်ကြဉ်သင့်သည်။

စိုထိုင်းဆများခြင်းက ခန္ဓာကိုယ်မှ ချွေးထွက်၍ အပူပြန်ခြင်းကို အဟန့်အတား ဖြစ်စေရာ မြင့်မားသည့် ပတ်ဝန်းကျင်တွင် အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်သည်ပင်လျှင် လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်ပေါ်နိုင်သည်။ လူ့ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သွားပါက ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပျက်စီးစေပြီး အသက်အန္တရာယ်ကိုဖြစ်ပေါ်စေသည်။ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများသည် အပူဒဏ်ကြောင့် ထိခိုက်လွယ်ကြသူများဖြစ်ရာ ပိုမိုဂရုစိုက်ရန်လိုအပ်သည်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ခံစားရပါက ပျို့ခြင်း သို့မဟုတ် ဂနာမငြိမ်ခြင်း၊ ကြွက်တက်ခြင်းနှင့် ကြွက်သားများအားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ မူးမိုက်ခြင်း၊ နုံးချည့်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း စသည့်ရောဂါလက္ခဏာများကို တွေ့ရှိနိုင်သည်။ ၎င်းအခြေအနေမှ ပိုမိုပြင်းထန်ဆိုးရွားလာပြီး အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံ ထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ခန္ဓာကိုယ် အပူချိန်အလွန်အကျွံမြင့်တက်ခြင်း ရောဂါလက္ခဏာများ ခံစားရနိုင်သည်။

အပူဒဏ်အန္တရာယ်ခံစားရသော လူနာကိုတွေ့ရှိပါက အရေးပေါ် ရှေးဦးပြုစုခြင်းများ ဦးစွာဆောင်ရွက်ပေးပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသ ဆေးကုသမှုခံယူရန် လိုသည်။ အပူဒဏ်ခံစားရသည့် လူနာကို အရေးပေါ်ပြုစုရာတွင် လူနာကို အရိပ်ရအေးမြသည့်နေရာ သို့မဟုတ် လေအေးပေးစက်ရှိသည့် အခန်း သို့မဟုတ် လေပန်ကာ ရှိသည့်နေရာသို့ ရွှေ့ပြောင်းပေးခြင်း၊ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ခြင်း၊ ဆေးရုံသို့ ပို့ဆောင်နေစဉ်အတွင်း သို့မဟုတ် ဆရာဝန်နှင့်ပြသရန် စောင့်ဆိုင်းနေစဉ်အတွင်း လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေးပြီး ပက်လက်အနေအထားဖြင့်ထားရန်၊ လူနာ၏ အဝတ်အစားများကို ချွတ်ထားပေးရန်၊ လူနာကောင်းစွာ သတိရနေပါက ရေအေးအေးတိုက်ရန်၊ လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေးဖျန်းပေးရန်၊ လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးအေး သို့မဟုတ် ရေခဲရေစိမ်ထားသော အဝတ်များဖြင့် အုပ်ပေးရန်၊ လူနာကို ပန်ကာလေပေးရန် သို့မဟုတ် ယပ်ခပ်ပေးရန် ဟူသည့် အချက်များကိုပြုလုပ်ပေးရန် အသိပညာပေးထားသည်။

သို့ဖြစ်ရာ အပူချိန်မြင့်မားသည့် နေ့အချိန်များတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ နာတာရှည်လူနာများ အရိပ်ရ အေးမြသည့် နေရာတွင်နေရန်၊ ပူပြင်းသည့် နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ကို ရှောင်ရန်၊ ပွပွချောင်ချောင် ချည်ထည်များသာ ဝတ်ဆင်ရန်၊ နေပူမှပြန်လာပြီး ချက်ချင်းရေမချိုးရန်၊ အရက်သေစာရှောင်ကြဉ်ရန်၊ ရေကို လုံလောက်စွာသောက်သုံးရန်ဟူသောအချက်များကို လိုက်နာကျင့်သုံးလျက် အပူဒဏ်အန္တရာယ်မှ ရှောင်ရှားကြပါမည့် အကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on March 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Ministry of Information / Posted on March 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Video