တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ ပြုလုပ်
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ ပြုလုပ်
Ministry of Information/ Naypyitaw / December 15, 2025
နေပြည်တော် ဒီဇင်ဘာ ၁၅
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ် (ကြည်း) နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူများ၏ မိဘအုပ်ထိန်းသူများ၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက သင်တန်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲများအား စစ်ဆေးသည်။ ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းဆင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၀) မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူ ခိုင်စံပယ်မျိုး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူ ရီရီမြင့်နှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ သင်းသင်းသီရိတို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ ရည်ရွယ်ချက်ဖြစ်သည့် “ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သောလက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူ များနှင့် ဆေးဘက်ပညာသည်များ မွေးထုတ်ပေးရန်” ဆိုသည်နှင့်အညီ စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာတွင် “သူရ၊ ပညာ၊ ကျွမ်းကျင်” ဆိုသည့် ဆောင်ပုဒ်အတိုင်း သူရသတ္တိနှင့်ပြည့်စုံပြီး လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်” များအဖြစ် ယနေ့သင်တန်းဆင်းကြသူများအပါအဝင် ဘွဲ့ကြို၊ ဘွဲ့လွန်၊ ဒီပလိုမာလက်မှတ်ရသူစုစုပေါင်း ၅၆၉၂ ဦးကို လေ့ကျင့်မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း။ ထို့ကြောင့် ကျောင်းဆင်းသင်တန်းသူများအနေဖြင့် စစ်ပညာပိုင်းတွင် တပ်စုမှူးအဆင့်၊ ဆေးပညာပိုင်းတွင် စစ်မြေပြင်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ အကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့်အထိ စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ပြီးဖြစ်၍ သူနာပြုအဓိဋ္ဌာန်ကတိသစ္စာ ၉ ချက်ကို တည်ကြည်ဖြောင့်မတ်စွာစောင့်ထိန်းပြီး တပ်မတော်နှင့်ပြည်သူ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စေတနာ၊ မေတ္တာအရင်းခဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းကပင် ယှဉ်တွဲသန္ဓေတည်ပေါက်ဖွားလာခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ချီတက်ရာခရီးတစ်လျှောက် ထားဝယ်စစ်ကြောင်းမှစ၍ ဦးစွာလိုက်ပါလာခဲ့သည်မှာ သူနာပြုတပ်ဖွဲ့ပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီး ပြည်တွင်းသောင်းကျန်းမှုကာလ၏ သမိုင်းခရီးတွင် သူနာပြုအရာရှိ၊ စစ်သည်များအနေဖြင့် လုပ်ငန်းစဉ်များတွင် ထူးခြားပြောင်မြောက်စွာ ထမ်းဆောင်နိုင်ခဲ့သဖြင့် ဖလောရင့်နိုက်တင်ဂေးဆုအပြင် ထိုကာလကစစ်သေနာပတိ၏ ဂုဏ်ထူးဆောင်လက်မှတ်များ ချီးမြှင့်ခံရသည်အထိ သူနာပြုအရာရှိ၊ စစ်သည်များ၏ သမိုင်းမှတ်တမ်းကောင်းများကို တွေ့ရှိရမည်ဖြစ်ကြောင်း။ စစ်မြေပြင်ဆေးအကာအကွယ်ပေးရေးသမိုင်းကြောင်းကို တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ ပြန်ကြည့်မည်ဆိုပါက ၁၉၅၉ ခုနှစ် စစ်သူနာပြုသင်တန်းတပ်ဆွယ်တွင် အမျိုးသမီးစစ်သူနာပြုအရာရှိသင်တန်းကို အမှတ်စဉ် (၁) မှ အမှတ်စဉ် (၁၆) အထိ ဖွင့်လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် သူနာပြုသိပ္ပံဘွဲ့ အမျိုးသမီးဗိုလ်လောင်းသင်တန်းကို အမှတ်စဉ် (၁) မှ အမှတ်စဉ် (၄) အထိ တပ်မတော်ဆေးတက္ကသိုလ်တွင် ဖွင့်လှစ်လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် တပ်မတော်သူနာပြုတက္ကသိုလ်ကို စတင်ဖွင့်လှစ်ကာ အမျိုးသား၊ အမျိုးသမီးများကိုပါ သူနာပြုသိပ္ပံဘွဲ့သင်တန်းများ တက်ရောက်စေခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ဆေးဝါးကျွမ်းကျင်သူ၊ ဓာတ်ခွဲနည်းပညာကျွမ်းကျင်သူ၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာကျွမ်းကျင်သူနှင့် ခန္ဓာသန်စွမ်းမှုနည်းပညာကျွမ်းကျင်သူပညာရှင်များကို တိုးချဲ့မွေးထုတ်နိုင်ခဲ့ကြောင်း။
သင်တန်းဆင်းပြီး လက်တွေ့နယ်ပယ်တွင် သတ်မှတ်ကာလတာဝန်ထမ်းဆောင်ပြီးပါက ပြန်တမ်းဝင်အရာရှိများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သကဲ့သို့ အရည်အချင်းပြည့်မီသူများကို စိစစ်ရွေးချယ်ကာ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများနှင့် ဒီပလိုမာသင်တန်းများကို ဆက်လက်တက်ရောက်စေလျက်ရှိကြောင်း၊ ထို့ပြင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ပြည်ပနိုင်ငံအချို့၌ရှိသည့် သူနာပြုနှင့်ဆေးဘက်ဆိုင်ရာတက္ကသိုလ်များတွင် ပါရဂူဘွဲ့၊ မဟာသိပ္ပံဘွဲ့နှင့် ဒီပလိုမာဘွဲ့များအတွက် စေလွှတ်တက်ရောက်ခဲ့ပြီး တပ်မတော်၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကဏ္ဍကို ပိုမိုမြင့်မားအောင် အရှိန်အဟုန်မပြတ် လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ထို့ကြောင့် အဆိုပါအတိတ်သမိုင်းမှတ်တမ်းကောင်းများကို စံနမူနာယူပြီး တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ သမိုင်းအသစ်တွင် ထူးချွန်ပြောင်မြောက်သည့် သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာသည်များအဖြစ် ဆက်လက်ကမ္ပည်းထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ တပ်မတော်က လေ့ကျင့်မွေးထုတ်ပေးလိုက်သည့် တပ်မတော်သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာသည်များသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် မရှိမဖြစ်လိုအပ်သည့် အရေးပါသူများဖြစ်ကြောင်း၊ သူနာပြုစုခြင်းသည် ရောဂါဝေဒနာခံစားနေရသည့် လူတစ်ဦးကို ကျန်းမာအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မကျန်းမာသူတစ်ဦး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းအပြင် လူနာ၏ နာကျင်မှုနှင့် ဝေဒနာခံစားနေရမှုကို သက်သာစေရန် ပြုစုကုသပေးခြင်းလည်းဖြစ်ကြောင်း။
ကျွမ်းကျင်သည့် သူနာပြုစုစောင့်ရှောက်မှုသည် ကျန်းမာရေးမကောင်းသည့် လူနာနှင့် မိသားစုဝင်များ၏ ရုပ်ပိုင်းဆိုင်ရာပြုစုကုသမှုကို လုပ်ဆောင်ပေးနိုင်ကြသကဲ့သို့ ရောဂါဝေဒနာကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဖိစီးမှုများ လျော့ပါးသွားစေအောင်လည်း ဆောင်ရွက်ပေးနိုင်ကြောင်း၊ သူနာပြုများသည် လူနာ၏ ကျန်းမာရေးအခြေအနေအဆင့်ဆင့်များတွင် စောင့်ရှောက်မှုပေးသူ၊ စည်းရုံးညှိနှိုင်းသူနှင့် စိတ်ခံစားမှု စာနာနှစ်သိမ့်သူအဖြစ်လည်း ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းစဉ်များတွင် အသွင်သဏ္ဌာန်မျိုးစုံဖြင့် ပါဝင်နေကြခြင်းဖြစ်၍ သူနာပြုစိတ်ဓာတ်၏အခြေခံဖြစ်သည် “ဝါသနာ၊စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ”ဆိုသည့် နာ ၅ နာနှင့်အညီ လူနာများအပေါ် စေတနာမေတ္တာထားပြုစုကုသသွားကြရန် မှာကြားလိုကြောင်း ။
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် သက်ဆိုင်ရာကျွမ်းကျင်မှုနယ်ပယ်အလိုက် လူနာ၏ ကျန်းမာရေးကုသစောင့်ရှောက်မှုတွင် ပံ့ပိုးကူညီသူများဖြစ်ပြီး ရောဂါရှာဖွေရေးနှင့် အကဲဖြတ်ရာတွင် ပါဝင်ဆောင်ရွက်ပေးကြရခြင်းဖြစ်ကြေင်း၊ ဆေးဝါးများ ထိန်းသိမ်းခြင်းနှင့် လူနာလက်ဝယ်သို့ မပျက်မစီး မှန်မှန်ကန်ကန်ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း၊ လူနာများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းလာစေရန်တို့ကိုလည်း ဆောင်ရွက်ပေးရကြောင်း၊ ထို့ပြင် လူမှုစီးပွားဘဝပြန်လည်ဖွံ့ဖြိုးလာစေရန် ထောက်ကူဖေးမပြုစုကုသခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မြှင့်တင်မှု လုပ်ငန်းစဉ်များသည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ လုပ်ငန်းတာဝန်များဖြစ်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ အောင်မြင်မှုသည် ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ် များစွာမူတည်နေကြောင်း။
ထို့ကြောင့် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် မိမိတို့တတ်စွမ်းသမျှသော သူနာပြုနှင့် ဆေးဘက်ဆိုင်ရာပညာရပ်များ အစွမ်းကုန်အသုံးချပြီး ပြုစုစောင့်ရှောက်ပေးသွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။
ခေတ်မီဆေးဝါးအတတ်ပညာများ မပေါ်ပေါက်မီ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူ့အဖွဲ့အစည်းများတွင် ကျန်းမာရေးအတွက် ရိုးရာဆေးပညာကုထုံးများနှင့် ဆေးဝါးများကိုသာ အားကိုးအားထားပြုသုံးစွဲခဲ့ကြရကြောင်း၊ မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် ပြည်သူလူထု၏ ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများနှင့် ထိထိရောက်ရောက် စောင့်ရှောက်ကုသမှုပေးခဲ့ကြသည့် အစဉ်အလာများကို သမိုင်းမှတ်တမ်းများ၊ ခေတ်အဆက်ဆက်ရေးသားခဲ့သည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပေ၊ ပုရပိုက်များ၊ စာပေကျမ်းဂန်များမှတစ်ဆင့် သိရှိနိုင်ကြောင်း။
နိုင်ငံတော်ကလည်း ကျန်းမာရေးစောင့်ရှောက်မှုများတွင် တိုင်းရင်းဆေးပညာဖြင့် ပါဝင်အားဖြည့်နိုင်ရန်အတွက် တိုင်းရင်းဆေးကဏ္ဍကို အလေးနက်ထားပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ မြန်မာ့တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ဆေးဝါးကျွမ်းကျင်ဘာသာရပ်သည် ဆေးဝါးအရည်အသွေး၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်စသည့် အဓိကအချက်များကို ပံ့ပိုးပေးသော အချက်အချာနယ်ပယ်တစ်ခုဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
ဆေးဝါးဖော်စပ်ထုတ်လုပ်ရာတွင် စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာကိုင်တွယ်တတ်ရန်၊ ပါဝင်သည့်ကုန်ကြမ်းနှင့် ဆေးဝါးများ ထိန်းသိမ်းတတ်ရန်၊ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီစေရန်၊ ဆေးဘက်ဝင်မှုအပေါ် သိပ္ပံနည်းကျသက်သေပြနိုင်ရန်၊ သုတေသနပြုမှုနှင့် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးနိုင်ရန်မှာ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ လုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အဓိကကျသည့် အချက်သည် ကျန်းမာသန်စွမ်းသည့် လူသားအရင်းအမြစ်များ၏ စွမ်းအားပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း။
“ကျန်းမာရေးသည်အဓိက၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည် ဆိုသည့်အတိုင်း” ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျှော်မှန်းသက်တမ်းမြင့်မားလာစေရေးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာသော လူ့စွမ်းအားအရင်းအမြစ်များ လုံလုံလောက်လောက် လေ့ကျင့်မွေးထုတ်ပြီး နိုင်ငံတစ်ဝန်းတွင်ရှိသည့် ပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါဖြစ်ပွားလာပါက အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေးလုပ်ငန်းများကို မိမိတို့နိုင်ငံ၏ အရင်းအမြစ်များအပေါ်မူတည်ပြီး ထိရောက်သည့်မူဝါဒများ၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီပြီး အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူလူထု၏ ကိုယ်ပိုင်ငွေကြေးကုန်ကျရမှု အနည်းဆုံးသက်သာစွာဖြင့်ရရှိစေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုကို တစ်တပ်တစ်အား ဖြည့်ဆည်းဆောင်ရွက်သည့်နေရာတွင် အရေအတွက်သာမက အရည်အချင်းနှင့် အဘက်ဘက်မှပြည့်စုံသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် သူနာပြုကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးရန် အသက်နှင့် ခန္ဓာကို ပေးဆပ်ရန် သန္နိဋ္ဌာန်ပြုထားသူများဖြစ်၍ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည် သုံးရပ်ပြည့်စုံမှုဆိုသည့် အခြေခံအရည်အချင်းငါးပါးနှင့် ပြည့်စုံရေးသည် တပ်မတော်သားကောင်းတစ်ယောက်ဖြစ်ရန် အရေးကြီးဆုံးပင်ဖြစ်ကြောင်း၊ တပ်မတော်သားကောင်းတစ်ယောက်ဖြစ်ရန်အတွက် ထုတ်ပြန်ထားသည့် စစ်သည်တော် ကျင့်ဝတ် အပါး (၆၀) အတိုင်း လိုက်နာကျင့်ကြံခြင်း၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂) ရပ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းများသည် အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အခြေခံအကြောင်းတရားများကို လိုက်နာကျင့်ကြံရင်း တပ်မတော်သားဘဝတစ်လျှောက် ခိုင်ခိုင်မာမာရပ်တည်လျှောက်လှမ်းသွားမည်ဆိုပါက အခြေခံအရည်အချင်းများနှင့် ပြည့်စုံသည့် တပ်မတော်သားကောင်းများဖြစ်လာမည်ဖြစ်ကြောင်း။
ထို့ပြင် တပ်မတော်သားဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များဖြစ်သည်နှင့်အညီ သူနာပြုစိတ်ဓာတ် (The Spirit of Nursing) ကိုလည်း ခိုင်ခိုင်မာမာမွေးမြူသွားကြရမည်ဖြစ်ကြောင်း၊ ဆေးသိပ္ပံပညာရပ်သည် ခက်ခဲသည့်ပညာရပ်တစ်ခုဖြစ်သဖြင့် ယင်းပညာရပ်များကို အခြေခံပြီး အဓိကတပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များအပြင် တစ်ဖက်တစ်လမ်းကလည်း ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရာနှုန်းပြည့်လွှမ်းခြုံ နိုင်အောင်ကြိုးစားကြရန် လိုအပ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင် ကြုံတွေ့လာရမည့် အတွေ့အကြုံအသစ်များနှင့် မိမိတို့တတ်ကျွမ်းထားသည့် ဆေးပညာရပ်များ ပေါင်းစပ်ပြီး ပိုမိုမြင့်မားသည့် ဆေးပညာရပ်များ၊ ကုသမှုနှင့်ပြုစုမှုစနစ်ကောင်းများ ပိုင်ဆိုင်နိုင်အောင် ဆက်လက်ပြီး လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆောင်ရွက်မှုများကို မလွဲမသွေကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ရင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာသာမက တပ်မတော်က တရားသဖြင့် ပေးအပ်လာမည့် သီးခြားတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ကြောင်း။
ယနေ့ကမ္ဘာ၏ကဏ္ဍစုံတွင် AI အပါအဝင် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှု အရှိန်အဟုန်မြင့်မားလာသည်ကို တွေ့မြင်ကြမည်ဖြစ်ကြောင်း၊ ထို့သို့ ဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာများကို အခွင့်ကောင်းယူပြီး သတင်းအချက်အလက်စစ်ဆင်ရေးကို နိုင်ငံရေး၊ စစ်ရေးအပြင် အခြားကဏ္ဍများတွင် စစ်ဆင်လာသည့်ကို တွေ့မြင်နေရကြောင်း၊ ပြည်တွင်း၊ ပြည်ပအဖျက်အမှောက်သမားများ၏ သတင်းအချက်အလက်စစ်ဆင်ရေးသည် လူတန်းစားအလွှာအသီးသီးတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုနေသည့် Social Network များကတစ်ဆင့် ဦးတည်ဝင်ရောက်နေခြင်းပင်ဖြစ်ကြောင်း။
သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဆိုးကျိုးအဖြစ် ယှဉ်တွဲဝင်ရောက်လာခဲ့သည့် သတင်းတု၊ သတင်းမှားများ၏ အန္တရာယ်ကိုလည်း ကိုယ်တိုင်သိမြင်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြေင်း၊ အချို့သောဒေသများတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များသည် အသိပညာနည်းပါးသည့် လူငယ်လူရွယ်များကို အသုံးပြုပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူအများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးများကို နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်ကို တွေ့မြင့်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ၏ ကြိုးကိုင်မှုများမှတစ်ဆင့် အသိပညာနည်းပါးသည့် လူငယ်လူရွယ်များ အသုံးချခံနေရခြင်းသည် အနာဂတ်တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနစ်နာမှုများပင်ဖြစ်ကြောင်း။
ထို့ကြောင့် သတင်းနှင့်နည်းပညာပိုင်းဆိုင်ရာအတတ်ပညာများကို တစ်ဖက်တစ်လမ်းက နားလည်အောင် လေ့လာဆည်းပူးပြီး နိုင်ငံတော်ပြိုကွဲအောင်၊ တပ်မတော်ပြိုကွဲအောင်နှင့် မိမိအဖွဲ့အစည်း၊ မိမိ မိသားစုအတွင်း အထင်အမြင်၊ အယူအဆလွဲမှားစေသည့် သတင်းတု၊ သတင်းမှားများကို မိမိတို့၏ အသိပညာ၊ ဉာဏ်ပညာများနှင့် စဉ်းစားသုံးသပ်ပြီး မှန်ကန်သည့် အကြောင်းအရာများကိုသာ ဆုံးဖြတ်လုပ်ကိုင်သွားကြရန်နှင့် ယင်းပညာရပ်များမှတစ်ဆင့် မိမိတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းပိုမိုတိုးတက်မြင့်မားကျွမ်းကျင်သည့်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဆေးဘက်ပညာသည်များဖြစ်အောင် ကြိုးပမ်းကြရန် မှာကြားလိုကြောင်း။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ် နောက်ဆုံးအချက်တွင်“ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးရည်မှန်းထားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရန်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း။
ထိုသို့အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးခွင့်ရှိအောင် စီစဉ်ဆောင်ရွက်ပေးထားသကဲ့သို့ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ရန်နှင့် မဲမသမာမှုလုံးဝမဖြစ်စေရေး Myanmar Electronic Voting Machine-MEVM အသုံးပြုမဲပေးနိုင်စေရေး စီမံဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကိုလည်း ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီကျင့်သုံးမှုပိုမိုတိုးတက်ဖွံ့ဖြိုးရေးကိုလိုလားသည့် မိတ်ဖက်နိုင်ငံများသည် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးထောက်ခံအားပေးခဲ့ကြသကဲ့သို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကိုလည်း စေလွှတ်ပေးသွားမည်ဟု သိရှိရကြောင်း။
ထို့ပြင် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့်ကျင့်ဝတ်များကို ထုတ်ပြန်ပေးခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲလမ်းညွှန်ကိုလည်း ထုတ်ပြန်ပေးထားပြီးဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပေးထားခြင်းသည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်၍ တရားမျှတမှုရှိကြောင်းကို နိုင်ငံတကာနှင့် ပြည်တွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့များက လေ့လာစောင့်ကြည့်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားခြင်းပင်ဖြစ်ကြောင်း။
ရွေးကောက်ပွဲသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားသည့် ဒီမိုကရေစီခရီး၏ အရေးကြီးသော ပထမလုပ်ငန်းစဉ်ဖြစ်၍ ရွေးကောက်ပွဲမအောင်မြင်စေရန်၊ မဖြစ်မြောက်စေရန် ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒကို ဖျက်ဆီးခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲကို နှောင့်ယှက်လာမည့် အဖျက်အမှောင့် မှန်သမျှကိုလည်း ပြည်သူလူထုအားလုံးနှင့် ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်လိုအပ်ကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်များကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တတာဝန်ယူထမ်းဆောင်ခဲ့ရခြင်းဖြစ်၍ ရွေးကောက်ပွဲကျင်းပပြီးစီးပါက ပေါ်ထွန်းလာမည့် ရွေးကောက်ခံအစိုးရထံ နိုင်ငံတော်တာဝန်များကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွှဲအပ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းစဉ်များ၌ ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။
ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော တပ်မတော်သားသူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များဖြစ်အောင် အစဉ်တစိုက်ကြိုးပမ်းထမ်းရွက်သွားကြရန်၊ စစ်သည်တော်ကျင့်ဝတ်နှင့် ဆေးပညာကတိသစ္စာများကို တစ်သဝေမတိမ်းလိုက်နာပြီး တပ်မတော်သားသူနာပြု တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားသွားကြရန်၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် ဆေးသိပ္ပံပညာရပ်များကို လေ့လာဆည်းပူးပြီး ပိုမိုကျွမ်းကျင်သည့် ဆေးသိပ္ပံပညာရှင်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ သူနာပြုတပ်ဖွဲ့ဝင်ကောင်း ဘဝများကို လေးစားတန်ဖိုးထားပြီး ကောင်းမွန်သည့် ကြိုးစားအားထုတ်မှုများနှင့် တာဝန်ကျရာ နေရာဒေသအသီးသီးတွင် မိမိ၏ဂုဏ်၊ တပ်ဖွဲ့၏ဂုဏ်၊ တပ်မတော်၏ဂုဏ်နှင့် နိုင်ငံတော်၏ဂုဏ်တို့ကို မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် ကျောင်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။ စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသူများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ညပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်းဆင်းသူနာပြုများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်မတော်သူနာပြုနှင့် ညဆေးဘက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်းသူနာပြုများနှင့်အတူ သဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု(၁၄-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 15, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၃/၁၄-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 14, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၂/၁၃-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 13, 2025
