တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
Ministry of Information/ Naypyitaw / November 01, 2025
နေပြည်တော် အောက်တိုဘာ ၃၁
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို အောက်တိုဘာ ၃၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မောဝ်ဆွန်းခ၊ ကွန်းမိန်း၊ ကွန်းမန် တောင်းလုံး တောင်းလမ်း အွန်နီး ကျင်းဝှမ်း ခွန်ယောင် မောင်ဆွန်းခါဆီး ကောခါ ယွမ်းဆုခါအော။
မင်္ဂလာပါ။ ပြည်သူပြည်သားများ အားလုံး နေကောင်းကျန်းမာပြီး စီးပွား ရေး တိုးတက်ပါစေကြောင်း ကျွန်တော် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ကျွန်တော်ကတော့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင် ဖြစ်ပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျာ
ကျွန်တော်တို့ပါတီအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားလူမျိုးများအကြား ဖိနှိပ်ချုပ်ချယ်မှုကင်းရှင်းပြီး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားတို့လွှမ်းခြုံလျက် အချင်းချင်းချစ်ကြည်ရင်းနှီးစွာဖြင့် လူမျိုးအသီးသီး၏ ဘာသာအယူဝါဒဓလေ့ထုံးတမ်းယဉ်ကျေးမှုတို့ကို အပြန်အလှန်လေးစားတန်ဖိုးထားကြမှသာလျှင် စည်းလုံးညီညွတ်၍ အဓွန့်ရှည်တည်တံ့ခိုင်မြဲသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်မည်ဟု အလေးအနက်ယုံကြည်ချက်ထားရှိသည်နှင့်အညီ ပါတီစတင်တည်ထောင်သည်မှ ယနေ့အချိန်ထိ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာစွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီး လုပ်ကိုင် ဆောင်ရွက်နေပါတယ်။
မျိုးဆက်သစ်လူငယ်လူရွယ်များကို အသိပညာရှင်အတတ်ပညာရှင်များဖြစ်လာကြစေရန်နှင့် နိုင်ငံတည်ဆောက်ရေးတွင် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်လာနိုင်ရေးတို့ကိုလည်း အလေးထားပြီး ဆောင်ရွက်ပေးနေ ပါတယ်။ ပုခက်လွှဲသောလက်သည် ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်ရမည်ဟူသောဆောင်ပုဒ်အတိုင်း အမျိုးသမီးများ မြန်မာ့နိုင်ငံရေးတွင်ပိုမိုပါဝင်လာနိုင်ရေးအတွက်လည်း လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။
ယခုကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ကျွန်တော်တို့ပါတီအနေနှင့် ရှေ့လုပ်ငန်းစဉ်(၄)ရပ်ချမှတ်ထားပြီး ပြည်သူလူထုကောင်းကျိုးကိုရှေးရှုကာ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက် သွားမယ်လို့ လေးနက်တည်ကြည်စွာဖြင့် ပြည်သူလူထုကြီးအား ပြောကြား လိုပါတယ်။
လုပ်ငန်းစဉ်(၁) ငြိမ်းချမ်းရေး
မဲဆန္ဒရှင်မိဘပြည်သူများ ခင်ဗျာ
နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ငြိမ်းချမ်းရေးသည်မဖြစ်မနေလိုအပ်ပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့ဆိုရင် အမုန်းတရားတွေကို ဖယ်ရှား၊ အတိတ်က ဖြစ်ပျက်ခဲ့သည်များကို သင်ခန်းစာယူ အနာဂတ်မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန်ရည်သန်ပြီး ပစ္စုပ္ပန်ကာလတွင် နိုင်ငံချစ်စိတ်အပြည့်ဖြင့် သဘောထားကြီးစွာ ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် ငြိမ်းချမ်းရေးကိုဧကန်မုချရရမည်ဟု ကျွန်တော်တို့ပါတီအနေနဲ့ ယုံကြည်ထားပါတယ်။
ပင်လုံစာချုပ်နဲ့အတူဖြစ်ပေါ်လာတဲ့ တိုင်းရင်းသားပြဿနာ၊ လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်လာသော လက်နက်ကိုင်ပဋိပက္ခကြောင့် အမုန်းတရား တွေနဲ့ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သတ်ဖြတ်လာခဲ့ကြတာ နှစ်ပေါင်း (၇၀) ကျော်ခဲ့ပါပြီ။ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေလည်း ပျက်စီးခဲ့ရတာ များလှပါပြီ။
စစ်တိုက်ဖို့အတွက် လက်နက်ခဲယမ်းတွေဝယ်နိုင်ဖို့ ငွေရလွယ်တဲ့မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချခြင်းတွေလုပ်၊ မြေပေါ်မြေအောက်သယံဇာတတွေကိုလည်း မှောင်ခိုဈေးနဲ့ရောင်း၊ အဲဒီလိုနဲ့ ကျွန်တော်တို့ချစ်မြတ်နိုးခဲ့ရတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကြီးဟာ နိုင်ငံတကာမှာ ဂုဏ်တင့်ရမယ့်အစား ဂုဏ်ငယ်ခဲ့ရပါပြီ။ မည်သည့်အဖွဲ့ကနိုင်သည်ဖြစ်စေ ဒုက္ခရောက်ကြရသူတွေက ပြည်သူတွေပါ။ ပြည်သူတွေလည်း ဒုက္ခရောက်လှပါပြီ။ နိုင်ငံတော်နဲ့ ပြည်သူ တွေကို အမှန်တကယ် ချစ်မြတ်နိုးတယ်ဆိုရင်ဖြင့် တိုက်ပွဲတွေရပ်ပြီး စားပွဲဝိုင်းပေါ်မှာ စကားပြောကြပါစို့လို့ နိုင်ငံတော်ကို လက်နက်ကိုင်တိုက်ခိုက်နေကြသော အဖွဲ့အစည်းများအားလုံးကို မေတ္တာရပ်ခံပါတယ်။
ကျွန်တော်တို့တစ်တွေဟာ ဒီနိုင်ငံမှာမွေးဖွားခဲ့ကြတဲ့ ညီအစ်ကိုတွေဖြစ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ မိဘပြည်သူတွေဟာ ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်းကို အထူးလိုလားတောင့်တနေကြပါပြီ။ တိုက်ပွဲအတွက် ကုန်ကျမည့်စရိတ်များကို နိုင်ငံတော်အတွက်လိုအပ်သည့်နေရာများမှာ သုံးစွဲပြီး မိဘပြည်သူများကို ကျေးဇူးဆပ်ကြရအောင်။ ပြည်သူ့ဆန္ဒနှင့်အညီ ကျွန်တော်တို့ သွေးချင်းညီအစ်ကိုတွေ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတော်ကြီးကို စုပေါင်းညီညာစွာ တည်ဆောက်ကြပါစို့လို့ တိုက်တွန်း ပြောကြားလိုပါတယ်။
ကမ္ဘာ့နိုင်ငံများကို လေ့လာကြည့်ရာတွင်လည်း စစ်မက်ဖြစ်ပွားသော နိုင်ငံများသည် အသက်၊ အိုးအိမ်များ သေကျေပျက်စီးကြရပြီး ဖွံ့ဖြိုးမှုနောက်ကျနေသည်ကို တွေ့ရှိရပါတယ်။ စစ်ပွဲဖြစ်ပွား၍ နိုင်ငံဖွံ့ဖြိုးတိုးတက်သွားသည်ကို မတွေ့ရှိရပါ။ သာဓကအနေနဲ့ ယခင်က ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ကြတဲ့ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ ယခုအခါတွင် ငြိမ်းချမ်းရေးရရှိပြီးနောက် ပြည်သူများ ကောင်းမွန်စွာ နေထိုင်လုပ်ကိုင်နိုင်ကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာနေတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့သည်လည်း နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့အကျိုးကိုရှေးရှုပြီး နိုင်ငံရေးပြဿနာကို လက်နက်နဲ့ဖြေရှင်းခြင်းထက် စားပွဲဝိုင်းပေါ်မှာတွေ့ဆုံဆွေးနွေအဖြေရှာရင်း ငြိမ်းချမ်းရေးကြီးရရှိသည်အထိ ဆောင်ရွက်သွားကြပါစို့လို့ ထပ်လောင်းတိုက်တွန်း ပြောကြားလိုက်ပါတယ်။
လုပ်ငန်းစဉ်(၂) ရှမ်းနီလူမျိုးအမည်မှန်ရရှိရေး
မဲဆန္ဒရှင်မိဘပြည်သူများ ခင်ဗျာ
ရှမ်းနီတိုင်းရင်းသားများသည် လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ပြည်ထောင်စုမြန်မာနိုင်ငံနယ်နိမိတ်အတွင်း၌ မြို့ပြပြည်ရွာများတည်ထောင်ပြီး နေထိုင်လာခဲ့ကြသည်ကို သမိုင်းမှတ်တမ်းများအရ သိရှိရပါတယ်။ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ဖြစ်တည်လာသည့် သမိုင်းကြောင်း တူညီကြပါလျက် လူမျိုးအမည်ကို အမျိုးမျိုး ခေါ်တွင်ခဲ့ကြသဖြင့် တိမ်ကောပပျောက်လုနီးပါး ဖြစ်နေပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင်လည်း ရှမ်းနီ၊ ရှမ်းဗမာ၊ ရှမ်းကလေး၊ မြေလတ်ရှမ်း ဟူ၍လည်းကောင်း၊ ရှမ်းဘာသာဖြင့် ဒေသအလိုက် တိုင်းနိုင်း၊ တိုင်းဒိုင်း၊ တိုင်းလျန်၊ တိုင်းလိုင်ဟု ခေါ်ဆိုကြပြီး မြန်မာဘာသာပြန် ဆိုသော် ရှမ်းနီဟု အဓိပ္ပာယ်ရပါတယ်။ ထို့ပြင် ချင်းတွင်းမြစ်နှင့် ဥရုမြစ်ဘေးဝဲယာ နေထိုင်သူများကို အနောက်မြစ်ရှမ်း၊ မီးရထား သံလမ်းဘေးဝဲယာ နေထိုင်သူများကို သံလမ်းရိုးရှမ်း၊ ဧရာဝတီမြစ်ဘေးဝဲယာ နေထိုင်သူများကို အရှေ့မြစ်ရှမ်းဟုလည်း ခေါ်ဆိုကြပါသေးတယ်။
လူမျိုးတစ်မျိုး၏အမည်ကို အမျိုးမျိုးခေါ်ဆိုခဲ့သည့်အတွက် စာရင်းပြုစုရန် အခက်အခဲများဖြစ်ရပါတယ်။ သို့အတွက်ကြောင့် ရှမ်းနီအမျိုးသားရေး လှုပ်ရှားသူများ၊ ရဟန်းသံဃာများ စုပေါင်း၍ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉၊ ၂၀ ရက်နေ့တွင် ဟုမ္မလင်းမြို့၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇၊ ၂၈ ရက်နေ့တွင် မိုးညှင်းမြို့တို့၌ အစည်းအဝေး ပြုလုပ်ခဲ့ကြ၍ ၂၀၁၆ ခုနှစ် မတ်လ ၂၆၊ ၂၇ ရက်နေ့တွင် မန္တလေးမြို့၌ ရှမ်းနီအမျိုးသား ညီလာခံကြီးကို ကျင်းပခဲ့ကြပြီး အမည်အမျိုးမျိုးဖြင့် ခေါ်ဆိုနေကြတဲ့ မိမိတို့လူမျိုးအမည်ကို ရှမ်းနီဟု ခေါ်ဆို ကြရန် ညီလာခံတက်ရောက်လာကြသူအားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။
ရှမ်းနီအမျိုးသားညီလာခံကြီးရဲ့ ဆုံးဖြတ်ချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ( ၂၁ ) ရာစုပင်လုံသို့ ၂ - ၉ - ၂၀၁၆ ရက်နေ့တွင် ကျွန်တော်တို့ပါတီအနေနဲ့တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံ၏အရေးအရာကိစ္စများကို ပြည်ထောင်စုလွှတ်တော်ကြီးကသာ ဆုံးဖြတ်အတည်ပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းနီလူမျိုးအမည်မှန်ရရှိရေးအတွက် ကျွန်တော်တို့ပါတီမှကိုယ်စားလှယ်လောင်းများ လွှတ်တော်အသီးသီးသို့ရောက်ရှိနိုင်ရေး ရှမ်းနီလူမျိုးများအားလုံး အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။
လုပ်ငန်းစဉ်(၃)တောင်သူလယ်သမားဘဝမြှင့်တင်ရေး
မဲဆန္ဒရှင်မိဘပြည်သူများ ခင်ဗျာ
၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၆၇ ရာခိုင်နှုန်း ကျော်သည် တောင်သူလယ်သမားများဖြစ်ကြတယ်လို့ သိရှိရပါတယ်။ ယင်းကိန်းဂဏန်းအရဆိုလျှင် တောင်သူလယ်သမားများချမ်းသာလာလျှင် နိုင်ငံတော်သည်လည်း တိုးတက်မြင့်မားလာနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တောင်သူလယ်သမား တစ်ဦးဖြစ်သည့်အတွက် ကိုယ်တိုင်ခံစားရပြီး ဘဝတူလယ်သမားများအကျိုးကို အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်လာခြင်း၊ လယ်ယာလုပ်ငန်းခွင်သုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်း၊ အလုပ်သမားခနှုန်းထားများ မြင့်တက်လာခြင်း၊ ထွက်ရှိလာသည့် ဆန်စပါးနှင့် ဝင်ငွေ၊ ထွက်ငွေမညီမျှမှုကြောင့် လယ်လုပ်ရင်းအရှုံးပေါ်လာနေကြသည်ကို တွေ့ရှိရပါတယ်။ တချို့တောင်သူများမှာ လယ်ယာ လုပ်ငန်းကို ဆက်လက်မလုပ်ကိုင်နိုင်တော့ဘဲ အခြားရရာအလုပ်များကို လုပ်ကိုင်နေကြရပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရ၍လည်းကောင်း၊ ကုန်ဈေးနှုန်းမညီမျှမှုများကြောင့်လည်းကောင်း လယ်ယာလုပ်ငန်းကို မလုပ်ကိုင်နိုင်ခြင်း၊ စပါးစိုက်ပျိုးနိုင်သော လယ်ယာမြေများတွင်လည်း မြေဩဇာအလုံအလောက် မသုံးစွဲနိုင်ခြင်းတို့ကြောင့် အရည်အသွေးပြည့်မီသောဆန်စပါးထွက်ရှိမှု နည်းလာခြင်းများသည် နိုင်ငံတော်အတွက်များစွာနစ်နာသည်ဟု ခံယူမိပါတယ်။
ကျွန်တော်တို့ တောင်သူလယ်သမားများ၏ ဘဝကိုပြန်လည်မြှင့်တင်နိုင်ရေးအတွက် နည်းပညာပံ့ပိုးနိုင်ရေး၊ ဈေးကွက်ကောင်းများရရှိရေး၊ လုံလောက်သော နှစ်တိုနှစ်ရှည်ချေးငွေထုတ်ချေးပေးနိုင်ရေးစသည်ဖြင့် တောင်သူလယ်သမားတို့၏ လိုအပ်ချက်များကိုပံ့ပိုးရန် နိုင်ငံတော်ကစီမံဆောင်ရွက်ပြီး တောင်သူလယ်သမားများကလည်း အရည်အသွေးပြည့်မီသော ဆန်စပါးနှင့်သီးနှံများကို စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်နိုင်ပါတယ်။ သို့အတွက်ကြောင့် တောင်သူလယ်သမားများ၏ဘဝ မြှင့်တင်ရေးကို ကျွန်တော်တို့ပါတီ အနေနဲ့ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမယ်လို့ ထပ်လောင်းပြောကြားလိုက်ပါတယ်။
လုပ်ငန်းစဉ်(၄) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရေး
မဲဆန္ဒရှင်မိဘပြည်သူများ ခင်ဗျာ
နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံရဲ့အသက်လို့တောင် ပြောလို့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံ မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့အားနည်းချက်ကြောင့် လက်နက်ကိုင်ပဋိပက္ခတွေစတင်ဖြစ်ခဲ့ရတယ်လို့ သုံးသပ်တင်ပြချင်ပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း တစ်ပါတီစနစ်ကိုအခြေခံထားတဲ့အတွက် ကျွန်တော်တို့ နိုင်ငံနဲ့အံဝင်ခွင်ကျမဖြစ်ခဲ့ပါဘူး။ ယခုကျွန်တော်တို့ကျင့်သုံးနေကြတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့် ဒီမိုကရေစီစနစ်ကို အခြေခံပြီး ရေးဆွဲထားတယ်လို့ ကျွန်တော့်အမြင်ကို တင်ပြပါရစေ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြတ်သန်းနေရတဲ့ ခေတ်ကာလနှင့်အညီ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်မှသာ ခေတ်မီ အားကောင်းခိုင်မာသည့် ဖွဲ့စည်းပုံဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ပြီးခဲ့သော လွှတ်တော်သက်တမ်းနှစ်ဆက်မှာ ဖွဲ့စည်းပုံပြင်ဆင်နိုင်ခဲ့တာ နည်းခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးကြရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)အား ပြင်ဆင်/ ဖြည့်စွက်ရန် အချက်(၄၃)ချက်ကို သဘောတူညီထားသည့်မူကြမ်းအဖြစ် ရရှိထားပြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဆင်/ ဖြည့်စွက်ရင်း မလိုအပ်တော့သည့် ပုဒ်မများကိုပယ်ဖျက်ရန်လည်း လိုအပ်ပါတယ်။ ဒီသဘောတူညီချက်ကို ကြည့်ခြင်းအားဖြင့် တပ်မတော်က ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်း ကြိုးစားဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ တိုက်ပွဲတွေကြားမှာ ဒုက္ခရောက်ကြရသူတွေကတော့ ပြည်သူတွေပါ။ ပြည်သူ့ဒုက္ခဟာလည်း ကျွန်တော်တို့ရဲ့ ဒုက္ခပါပဲ။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ကြဖို့ဆိုရင် ရွေးကောက်ပွဲတွေမှာ ပြည်သူတွေ ဆန္ဒမဲပေးကြရပါမယ်။ ရွေးကောက်ပွဲတွေကနေ နိုင်ငံရေးအပြောင်းအလဲကိုဆောင်ရွက်သွားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုမရှိဘဲ ပြည်သူတွေရဲ့ဘဝအေးချမ်းစွာနေထိုင်နိုင်မှာဖြစ်ပါတယ်။ ယခုကျင်းပမယ့် ရွေးကောက်ပွဲ ကြီးမှာ ပြည်သူများအနေနှင့် ကိုယ်ယုံကြည်အားကိုးရာ ပါတီတွေကိုမဲထည့်ပေးကြပါလို့ ပြောကြားလိုပါတယ်။ ယခုရွေးကောက်ပွဲဟာ စနစ်တစ်ခုကို အကောင်းဆုံးကူးပြောင်းနိုင်မယ့် ရွေးကောက်ပွဲကြီဖြစ်ပါတယ်။ ရှမ်းနီလူမျိုးများအနေနဲ့လည်း ကိုယ့်လူမျိုးပါတီကိုမဲထည့်ပေးကြဖို့ ပြောကြားလိုပါတယ်။ ကိုယ့်လူမျိုးပါတီအနိုင်ရပြီး လွှတ်တော်ထဲရောက်မှသာ အခြားတိုင်းရင်းသားများနည်းတူ အခွင့်အလမ်းများကို လွှတ်တော်ကနေ တင်ပြနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အကျိုးကိုကြည့်ပြီး အထက်မှာတင်ပြခဲ့တဲ့ အချက်(၄)ချက်အပြင် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ထပ်လောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
မဲဆန္ဒရှင်မိဘပြည်သူများ ဘေးဘယာဝေးကွာကြပါစေ။
ပါတီ၏ သီချင်းစာသား
ရှမ်းနီ(ကျားနီ)ပါတီမဲထည့်မည်
ကျားနီပါတီနိုင်ရမည်
ဟေ့..................ဟေ့...ရှမ်းနီမြေမှာ ကျားနီနိုင်ရမည်
ဟေ့........ဟေ့........ကျားနီပါတီ လွှတ်တော်အောင်ရမည်
ဒို့အမျိုး ရှမ်းနီ ဂုဏ်မငယ်ဖို့အတွက် ရှေ့ဆုံးက ရပ်တည်။ အနှိမ်မခံရဖို့ ဝိုင်းဝန်းကြ ဒို့ရှမ်းနီ ဟေ့......................ဟေ့...ရှမ်းနီမြေမှာ ကျားနီနိုင်ရမည်
ဟေ့...................ဟေ့...ကျားနီပါတီ လွှတ်တော်အောင်ရမည်
ဒို့အမျိုး ရှမ်းနီ ဂုဏ်မငယ်ဖို့အတွက် ရှေ့ဆုံးက ရပ်တည်။ အနှိမ်မခံရဖို့ ဝိုင်းဝန်းကြ ဒို့ရှမ်းနီ ဟေ... ရွေးကောက်ပွဲကြီး ရောက်ရှိလာပြီလေ... ရှမ်းနီလူမျိုးသွေးစည်းကြ. ကျားနီနိုင်မှ အခွင့်အရေးလှ ... ကျားနီကိုမဲထည့်မည်..ဟေ့..........
ပြည်ထောင်စုသားတိုင်းရင်းသားတွေ.. တန်းတူအခွင့်အရေး ရရှိစေဖို့ရည် ရှမ်းနီလူမျိုးသွေးစည်းကြ..ကျားနီနိုင်မှ အခွင့်အရေးလှ ..
....
ကျားနီကိုမဲထည့်မည်...
ကျားနီပါတီ....နိုင်ရမည်
ကျားနီပါတီ....နိုင်ရမည်
ကျားနီပါတီ...နိုင်ရမည်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
Union Civil Service Board / Posted on November 01, 2025
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
Union Civil Service Board / Posted on November 01, 2025
ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
Union Civil Service Board / Posted on November 01, 2025
ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
