ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၂၆) ကျင်းပ


Ministry of Information/ Naypyitaw / March 12, 2026
image_latest


နေပြည်တော် မတ် ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက video conference စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) မှတ်တမ်းကို အတည်ပြုခြင်းဆောင်ရွက်သည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီး၍ တတိယအကြိမ်လွှတ်တော် ခေါ်ယူထားပြီးဖြစ်ကြောင်း၊ လွှတ်တော်အစည်းအဝေးများ ကျင်းပခြင်းနှင့်အတူ ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံတော်တာဝန်ထမ်းဆောင်နိုင်ရန် စနစ်တကျ လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း၊ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ကို မတ် ၁၃ ရက်မှ ၁၄ ရက်အထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါဖိုရမ်ကို ရွေးကောက်ခံကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အတွေးအမြင်သစ်၊ အခင်းအကျင်းသစ်တို့ဖြင့် ကြိုတင်သိမြင်ပြီး နိုင်ငံအကျိုး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်များတွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

မိမိတို့နိုင်ငံအတွင်းသို့ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျူးလွန်သူများသည် တစ်ဖက်နိုင်ငံများမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် တရားမဝင် ဝင်ရောက်လာကြသည်များရှိကြောင်း၊ ထိုသို့ နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ရောက်ရှိလာကြသူများကိုလည်း လမ်းကြောင်းတစ်လျှောက် စနစ်တကျစစ်ဆေး၍ ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပြည်နှင်လွှဲပြောင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထား၍ ကြိုတင်ကာကွယ်ခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူအဆင့်ဆင့်မှ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

နိုင်ငံတော်တွင် “စားရေရိက္ခာဖူလုံ ပိုလျှံရေး” ကို နိုင်ငံတော်အကြီးအကဲက အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်ထားပြီး စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ (Agro-based Industrialization) ပေါ်ထွန်းလာရေးကို တွန်းအားပေးဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သီးထပ်စွမ်းအား ရာနှုန်းပြည့်ရရှိရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသန္တရကြက်၊ ဝက်၊ နွားများကို မိရိုးဖလာနည်းဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များဖြင့် ပမာဏတိုး၍ မွေးမြူသွားပါက ဒေသ၏ စားရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစားအစာများကိုလည်း ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် အသုံးပြုကြရမည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ပသွင်းကုန် အစားထိုးထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များ အရည်အသွေးမီထုတ်လုပ်ရရှိနိုင်ရန်နှင့် လုပ်ငန်းများကို ပိုမိုမြင့်မားစွာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ MSME လုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ ယခုထက်ပိုမိုချိတ်ဆက်ရောင်းချနိုင်ရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဆောင်ရွက်ရာ၌ အောင်မြင်လျက်ရှိပြီး စီးပွားရေးတိုးတက်မှု ရာခိုင်နှုန်းများလည်း နှစ်စဉ်တိုးတက်လျက်ရှိသည်ကိုတွေ့ ရှိရကြောင်း၊ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာပါက နိုင်ငံ့စီးပွားရေးအပြင် ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။

ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ အခြေခံပညာအတန်းများအလိုက် တန်းစဉ်ကူးပြောင်းမှုများ စနစ်တကျရှိစေရေးနှင့် ကျောင်းများရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ လုပ်ငန်းခွင်အထောက်အကူပြုပညာရေးစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ၏ သင်ကြားရေးပိုင်းဆိုင်ရာနည်းစနစ်များ (Teaching Method) ကိုလည်း ခေတ်နှင့်လျော်ညီစွာ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်လည်း တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများအတွက် ပုဂ္ဂလိကပညာရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့်အတွက် ဥပဒေစည်းမျဉ်းစည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း။

ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတော်အကြီးအကဲမှ “လူ့အသက်ထက်အရေးကြီးတာ ဘာမျှမရှိ” ဆိုသည့် မူဝါဒကို ချမှတ်ပေးထားသည့်အတွက် ပြည်သူများ၏ မျှော်မှန်း သက်တမ်းများ မြင့်မားလာစေရန်နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ခေတ်နှင့်အညီ ရောဂါရှာဖွေရေးနည်းစနစ်များ၊ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်း၊ မြို့ရွာတိုင်းတွင် စိမ်းလန်းသော နယ်မြေ (Green Zone Area) များကို မဖြစ်မနေသတ်မှတ် ဖော်ဆောင်ခြင်း၊ သစ်တောများ ပြုန်းတီးမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်ခြင်းနှင့် မြေပေါ်မြေအောက်သယံဇာတများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ဌာနအလိုက်လုပ်ငန်းစီမံကိန်းများ လျာထားဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး၊ အရည်အသွေး၊ ပြည့်ဝစေရေး၊ အလေအလွင့်မရှိစေရေး၊ ပြည်သူလူထုအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေရေးနှင့် အမှန်တကယ်အကျိုးရှိပြီး ထိရောက်မှုရှိ၊ မရှိစသည့်အချက်များကိုလည်း အဓိကထားစစ်ဆေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးရလဒ်ကောင်းများ ရရှိစေမည့် အမျိုးသားစီမံကိန်းဥပဒေနှင့် ဒေသန္တရစီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသည့် အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ပဋိပက္ခကြောင့် ကမ္ဘာ့လောင်စာဆီအကျပ်အတည်းကာလကို ကျော်လွှားနိုင်ရန် စက်သုံးဆီ ချွေတာသုံးစွဲရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါထုတ်ပြန်ချက်နှင့်အညီ စည်းကမ်းတကျ ဖြစ်စေရေးအတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ကူညီကြပ်မတ်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပြည်သူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရ ကြောင်း။

ယခင်နှစ် သင်္ကြန်ပွဲတော်ကို သဘာဝဘေးဒဏ်ကြောင့် သာမာန်မျှသာ ဖြတ်သန်းခဲ့ကြရကြောင်း၊ ယခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြင့် ရိုးရာသင်္ကြန် ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ထားရှိကြောင်း၊ ယခုချိန်တွင် အခြေအနေအချိန်အခါနှင့် ကိုက်ညီသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ဦးစားပေး စီစဉ်ဆောင်ရွက်နိုင်ပါကြောင်း။

ယခုအခါ နွေဦးရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူလူထုအတွင်း မီးလောင် မှုမဖြစ်ပွားစေရေးအတွက် သတိမူရေးနှင့် မီးဘေးကာကွယ်ရေး ပစ္စည်းများကို စက်ရုံ လုပ်ငန်း၊ ရုံး၊ ဈေးအပြင် အိမ်ယာရပ်ကွက်များတွင်လည်း စနစ်တကျထားရှိလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စိမ့်ဝင်ပျံ့နှံ့စေရေးတို့အတွက် နိုင်ငံပိုင်ရုပ်သံမီဒီယာ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် လှုံ့ဆော်အသိပညာပေးရေးအစီအစဉ်များကိုလည်း သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများက ကျယ်ကျယ် ပြန့်ပြန့်အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများအား ရှင်းလင်းဖတ်ကြားကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video