မွန်ညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
မွန်ညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
Ministry of Information/ Naypyitaw / November 21, 2025
နေပြည်တော် နိုဝင်ဘာ ၂၀
မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် မင်းအောင်ထူး က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၂၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မင်္ဂလာပါခင်ဗျာ...
လေးစားအပ်တဲ့ မဲဆန္ဒရှင်မိဘပြည်သူ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မွန်ညီညွတ်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မင်းအောင်ထူးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မွန်ညီညွတ်ရေးပါတီကိုယ်စား အခုလိုတင်ပြခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။
လာမယ့် ဒီဇင်ဘာလ(၂၈)ရက်နေ့မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီအနေနဲ့ မွန်ပြည်နယ်တွင်းမှာရှိတဲ့ မဲဆန္ဒနယ်အသီးသီးကနေ ကိုယ်စားလှယ်လောင်း (၃၈) ဦး ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ မူဝါဒလုပ်ငန်းစဉ်တွေနဲ့အညီ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးသယ်ပိုးနိုင်ခွင့်ရနိုင်ဖို့ရာ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ ရွေးချယ်အပ်နှင်းမှုက အဓိကအကျဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့ပါတီရဲ့ နိုင်ငံရေးရည်မှန်းချက်၊ မူဝါဒလုပ်ငန်းစဉ်တွေကို မိဘပြည်သူတွေ သိရှိအောင် အကျဉ်းချုပ်တင်ပြလိုပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီဖြစ်ပြီး မွန်ပြည်နယ်အတွင်းမှာသာ လှုပ်ရှားဆောင်ရွက်တဲ့ ပါတီတစ်ရပ်ဖြစ်ပေမယ့်လည်း စုံလင်ကွဲပြားမှုတွေနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုကြီးမှာ တိုင်းရင်းသားအားလုံးအတွက် နိုင်ငံရေးအရ တန်းတူညီမျှပြီး အေးချမ်းသာယာတဲ့၊ ပြည်သူတွေလိုလားတောင့်တတဲ့၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို တည်ဆောက်သွားနိုင်မယ့် နိုင်ငံရေးဖြစ်စဉ်မှာအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်အားဖြည့်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
မိဘပြည်သူများနဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်းတို့ ခင်ဗျာ
ဒီပစ္စုပ္ပန်ကာလ နိုင်ငံရေးအကျပ်အတည်းတွေ၊ ပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်မှာကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ထင်မြင်ယူဆချက်အမျိုးမျိုး၊ တုံ့ပြန်မှုအမျိုးမျိုး ရှိနေကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီအနေနဲ့က နိုင်ငံရေးဖြစ်စဉ် ဖြစ်ရပ်တွေရဲ့တိုးတက်ပြောင်းလဲမှုတွေ၊ ဆုတ်ယုတ်အားနည်းမှုတွေ၊ အခက်အခဲစိန်ခေါ်မှုတွေ၊ ကောင်းတစ်ခါဆိုးတစ်လှည့် ကြုံတွေ့ရတဲ့ နိုင်ငံရေး လောကဓံတွေကို နိုင်ငံနဲ့ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင် နည်းလမ်းရှာပြီး ရင်ဆိုင်ကျော်လွှားသွားရမှာပဲလို့ ယုံကြည်ထားပါတယ်။ မွန်ညီညွတ်ရေးပါတီအနေနဲ့ နိုင်ငံသားအားလုံးအတွက် ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုတစ်ခုတည်ဆောက်မယ်ဆိုတဲ့ နိုင်ငံရေးအန္တိမပန်းတိုင်ကို ရောက်ရှိနိုင်ဖို့အတွက် ဦးလည်မသုန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ “မွန်ပြည်နယ်ရှိ မဲဆန္ဒရှင်ပြည်သူများနှင့်တကွ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား ပြည်သူလူထုအားလုံးတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အခက်အခဲများကို ဖြေရှင်းပေးနိုင်ပြီး ပြည်သူလူထုက ယုံကြည်အားကိုးရသည့် ခိုင်မာသော နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ရပ်တည်ဆောင်ရွက်သွားရန်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့လာမယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
နိုင်ငံတော်နဲ့ မဲဆန္ဒရှင်ပြည်သူတွေအကျိုးအတွက် ဖော်ဆောင်သွားလိုတဲ့ မွန်ညီညွတ်ရေးပါတီရဲ့ မူဝါဒလုပ်ငန်းစဉ်တွေကို အနှစ်ချုပ်ပြီးတင်ပြရမယ်ဆိုရင် …
နိုင်ငံရေးကဏ္ဍမှာ ပါတီစုံဒီမိုကရေစီစနစ် အခြေတည်ခိုင်မာလာစေရေးနဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရားတို့နဲ့ ပြည့်စုံပြီးဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်သွားရေးကို ဦးတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာများကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်သွားနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသတွင်း ရော်ဘာအပါအဝင် စက်မှုကုန်ကြမ်းတွေ စနစ်တကျထုတ်လုပ်နိုင်ရေး၊ ကုန်ချောများထုတ်လုပ်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရေး၊ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး စီးပွားရေးစီမံကိန်းများ ဖော်ထုတ်ရေး၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို တိုးတက်ထုတ်လုပ်သုံးစွဲနိုင်ရေးစတဲ့ အချက်တွေအပြင် အခြားသော လုပ်ငန်းစဉ်များလည်း ရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လူမှုရေးကဏ္ဍ အောက်မှာတော့ ပြည်သူလူထုတစ်ရပ်လုံးပါဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တည်ဆောက်နိုင်ဖို့နဲ့ ကျေးလက်နဲ့ မြို့ပြကျန်းမာရေးစောင့်ရှောက်မှု တစ်ပြေးညီရရှိစေရေး၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများစောင့်ရှောက်ရေး၊ ဆေးရုံဆေးပေးခန်းတွေ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားလာရေး၊ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး စတဲ့ လုပ်ငန်းတွေအတွက် အားပေးသွားမှာ ဖြစ်ပါတယ်။ ပညာရေးကဏ္ဍမှာ လူတိုင်းစာတတ်မြောက်ရေးနဲ့ အခမဲ့မသင်မနေရ အခြေခံပညာရေးစနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်သွားပြီး စံချိန်စံညွှန်းနှင့်ပြည့်မီတဲ့ ပုဂ္ဂလိကပညာရေးစနစ်ကို အားပေးသွားနိုင်ရေး၊ အဆင့်မြင့်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာတို့ကို နိုင်ငံတကာအဆင့်သို့ ရောက်ရှိနိုင်အောင် အားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသမီးနဲ့ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒီရေတောကာကွယ်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
တိုင်းရင်းသားကဏ္ဍအနေနဲ့လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေရေးဆွဲပြီး တိုင်းရင်းသားအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်မြှင့်တင်နိုင်ဖို့၊ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို အားပေးမြှင့်တင်နိုင်ဖို့ အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ တင်ပြလိုတာကတော့ မွန်ညီညွတ်ရေးပါတီဟာ မြန်မာပြည်တစ်နံတစ်လျားမှာ နေထိုင်ကြတဲ့ မွန်လူမျိုးတွေနဲ့တကွ တိုင်းရင်းသားပြည်သူအားလုံးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးမှာရှိတဲ့ တိုင်းရင်းသားသွေးချင်းညီနောင်တွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး အထက်ကတင်ပြခဲ့တဲ့ မူဝါဒလုပ်ငန်းစဉ်တွေကို မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုနဲ့အတူ ဆိုင်ရာဆိုင်ရာ အင်အားစုတွေနဲ့ အစဉ်တစိုက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်လိုရလဒ်ရရှိသည်ဖြစ်စေ မွန်ညီညွတ်ရေးပါတီအနေနဲ့ ပါတီရဲ့မူဝါဒလုပ်ငန်းစဉ်တွေအတိုင်း ပြည်သူလူထုအကျိုး၊ ဒေသအကျိုးနဲ့ နိုင်ငံ့အကျိုးကို ဆက်လက် သယ်ပိုးသွားမှာ ဖြစ်ပါတယ်။
ဘယ်လိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေရှိနေပါစေ၊ နိုင်ငံရေးမှာ ခေါင်းမရှောင်တတ်တဲ့ ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီကို ထောက်ခံအားပေးရင်းအပြောင်းအလဲအတွက် တစ်ကျော့ပြန်ခြေလှမ်းအစကို တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်း အတူလျှောက်လှမ်းကြပါစို့လို့ မွန်ညီညွတ်ရေးပါတီရဲ့ကိုယ်စား တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ...။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Myanmar National Human Rights Commission / Posted on November 20, 2025
Myanmar National Human Rights Commission Statement No (14/ 2025)
Myanmar National Human Rights Commission / Posted on November 20, 2025
ဂျပန်နိုင်ငံ၊ကိုးရီးယားသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa on Arrival (Tourist) ကို (၂၁-၁၀-၂၀၂၅)ရက်မှ(၂၀-၁၀-၂၀၂၆)ရက်အထိ စမ်းသပ်ကာလ(၁)နှစ် ပထမအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ခွင့်ပြုကြောင်းအသိပေးကြေငြာခြင်း
Ministry of Hotel & Tourism / Posted on November 19, 2025
