ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင် နိုင်ငံတည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်


Ministry of Information/ Naypyitaw / March 03, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအမိန့်များထုတ်ပြန်ကာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က)ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းလိုက်သည်။

အဆိုပါ အမိန့်များတွင်အကျုံးဝင်သော ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား၊ အကျဉ်းသူများမှာ ၎င်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်၊ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် တရားရုံးကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်း၍ တရားခံများကို အမှုမှလွှတ်ခွင့်တို့ ရရှိလိုက်ကြသည်။ အရေအတွက်အားဖြင့် သောင်းနှင့်ချီသော ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ကြားနာစစ်ဆေးဆဲအမှုများ ပိတ်သိမ်းခွင့်တို့ကို ခံစားရရှိသူ ခုနစ်ရက်သားသမီးအပေါင်းနှင့်တကွ ၎င်းတို့နှင့် ဆက်နွှယ်နေသည့် မိသားစုဝင်များ ဝမ်းမြောက်ဝမ်းသာရှိကြမည့် အပေါ်တွင်လည်း မြင်ရ၊ ကြားရသူအပေါင်းတို့က မုဒိတာပွားကြ ဖွယ်ရာပင်ဖြစ်သည်။

လက်ရှိ မိမိတို့နိုင်ငံ၏အခြေအနေမှာ အချိန်ဇယားနှင့်အညီ စနစ်တကျ ရှေ့သို့ရွေ့လျားနေခြင်းဖြစ်ပြီး လာမည့်ရက်သတ္တပတ် အနည်းငယ်မျှအတွင်း လွှတ်တော်များ၊ အစိုးရသစ်တို့နှင့်အတူ ဒီမိုကရေစီယန္တရား ပြန်လည်လည်ပတ်လာတော့မည်ဖြစ်သည်။ ပြောင်းလဲလာနေသည့် ပြည်တွင်းပြည်ပအခြေအနေအရပ်ရပ်တို့ကလည်း ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်းလူဦးရေ၏ ထက်ဝက်ကျော်က ဆန္ဒမဲပေးရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရသစ်တာဝန်ယူသည့်ကာလတွင် အခွင့်အလမ်းသစ်များဖြစ်ပေါ်လာနိုင်မည်ဟု မျှော်လင့်ဖွယ်ရာပင်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း မိမိတို့ကြုံတွေ့ခဲ့ရသည့် ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များ၊ လက်နက်ကိုင်ပဋိပက္ခများ၏ ဆိုးကျိုးသက်ရောက်မှုများကို ပြန်လည်ကုစားဖြည့်ဆည်းရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ကောင်းမွန်မြင့်မားလာစေရေး ရေတိုရေရှည်အစီအမံများဖြင့် မြှင့်တင်ပေးရန်တို့ကို အစွမ်းကုန်အားထုတ်ကြိုးပမ်းကြရမည့် စိန်ခေါ်မှုများရှိနေသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ရယူနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများကို အားတက်သရော အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်မှာ ပြည်တွင်းရှိ ဒေသအားလုံး တည်ငြိမ်အေးချမ်းမှုရရှိရန်လိုအပ်သည်။ သို့ဖြစ်ရာ လက်နက်ကိုင်တိုက်ခိုက်မှုများကို စွန့်လွှတ်ပြီး ဒီမိုကရေစီနည်းလမ်းတကျဖြင့် နိုင်ငံအကျိုး၊ ဒေသအကျိုး၊ လူမျိုးစုအကျိုးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ကြရန်လည်း လိုအပ်သည်။ ကမ္ဘာတွင် သက်တမ်းအရှည်ကြာဆုံး လက်နက်ကိုင်ပဋိပက္ခအဖြစ် နာမည်ဆိုးသလောက် နိုင်ငံနှင့်ပြည်သူအားလုံးကိုလည်း ထိခိုက်ဆုံးရှုံးနာကျင်စေသည့် လမ်းစဉ်အစား အပေါင်းလက္ခဏာဆောင်သည့် နည်းလမ်းများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ကြခြင်း ကသာ လက်တွေ့အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။ ဘာသာ သာသနာတော်တို့၏ အဆုံးအမအရဖြစ်စေ၊ လက်တွေ့ဘဝ အတွေ့အကြုံများအရဖြစ်စေ လူတစ်ဦးနှင့်တစ်ဦး၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု နာကြည်းမုန်းတီးအောင်၊ ရန်ငြိုးရန်စ အာဃာတများဖြစ်အောင် သင်ကြားခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ အပြန်အလှန် ရန်တုံ့ပြန် တိုက်ခိုက်ကြခြင်းသည် မည်သည့်အခါကမျှ ကောင်းကျိုးချမ်းသာကို မဖြစ်စေဘဲ ပျက်စီးဆုံးရှုံးခြင်းသာ ရလဒ်ရှိသည်ကို နှလုံးမူကြရန်လိုသည်။

ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင်ပင် နှစ်ပေါင်းများစွာ နောက်ကျကျန်နေရစ်သည့် မိမိတို့နိုင်ငံအဖို့ အငြင်းအခုံ၊ အတိုက်အခိုက်၊ ပဋိပက္ခတို့ကိုရပ်ဆိုင်းကာ လက်တွေ့ကျသောအလုပ်တို့ ဖြင့် ဝိုင်းဝန်းတည်ဆောက်ကြမှသာ အချိန်ကာလတစ်ခုတွင် သူများနှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားတို့အနေဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်ခြင်း၊ နိုင်ငံနှင့် ပြည်သူတို့၏ ကောင်းရာကောင်းကျိုးအတွက် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ကျရာကဏ္ဍများမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် တာဝန်ကျေပွန်ကြရပါမည့်အကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း

Ministry of Information / Posted on March 02, 2026

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း

Video