ခရီးဖော်များနှင့် လျှောက်လှမ်းနေကြသည့် ဘဝခရီးလမ်း


Ministry of Information/ Naypyitaw / May 06, 2024
image_latest


ကိုယဉ်ချစ်(မန္တလေး)

လူတိုင်းခရီးသွားဖူးကြမှာပါ။ တချို့က ခရီးသွားတဲ့အခါ လွတ်လွတ်လပ်လပ်နဲ့ တစ်ယောက်တည်းသွားကြသလို၊ တချို့ကတော့ အဖော်အပေါင်းတွေနဲ့ သွားလာတတ်ကြပါတယ်။ လူသားတိုင်းမှာ ဖြတ်သန်းလျှောက်လှမ်းသွားလာနေရတဲ့ ဘဝခရီး ရှည်ကြီးရှိပါတယ်။ ဒီဘဝခရီးရှည်ကြီးကို သွားလာကြရာမှာတော့ ကိုယ်ကမခေါ်ပေမယ့် ကိုယ်နဲ့အတူ ထက်ကြပ်မကွာအဖော်လိုက်နေပေးတဲ့ ခရီးဖော်ခြောက်ယောက်ရှိပါတယ်။ အဲဒီခရီးဖော်တွေကအဝေးကြီးမှာ သွားခေါ်စရာမလိုဘဲ ကိုယ့်ခန္ဓာကိုယ် ထဲမှာပဲ ရှိနေပါတယ်။ ဒီခရီးဖော်ခြောက်ယောက်ကတော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အာရုံခြောက်ပါးဖြစ်ပါတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ဆိုတဲ့ ငါးယောက်က စရိုက် တစ်မျိုးစီရှိနေကြပြီး သူတို့လုပ်နေတဲ့အလုပ်မှန်သမျှကို စိတ်ဆိုတဲ့ ခရီးဖော်က ဟိုဟာလုပ်လိုက်ပါ၊ ဒီဟာလုပ်လိုက်ပါ၊ ဟိုဟာမလုပ်ပါနဲ့၊ ဒီဟာမလုပ်ပါနဲ့ဆိုပြီး စေခိုင်းနေပါတယ်။

မျက်စိလို့ခေါ်တဲ့ ခရီးဖော်ကို ရူပါရုံ

မျက်စိလို့ခေါ်တဲ့ ခရီးဖော်ကို ရူပါရုံလို့လည်း ခေါ်ပါတယ်။ သူကမြင်သိစိတ်ကို ပိုင်ဆိုင်ပါတယ်။ သူ့မြင်ကွင်းထဲက မြင်ရတဲ့အရာတွေကို ပုံစံအမျိုးမျိုးနဲ့ကြည့်ပါတယ်။ သူ့ရဲ့မျက်ဝန်းထဲမှာ အဓိပ္ပာယ်တွေ အများကြီးရှိနေတာကို ဘေးလူကမြင်တွေ့နိုင်ပါတယ်။ သူ့ရဲ့မျက်ဝန်းထဲမှာ သူ့ရဲ့အတွင်းအဇ္ဈတ္တစိတ်တွေက ပေါ်နေပါတယ်။ ဝမ်းသာတယ်၊ ပီတိဖြစ်တယ်၊ ကျေနပ်တယ်၊ စေတနာထားတယ်၊ စိတ်ထားဖြူစင်တယ်၊ ရိုးသားတယ်၊ ပြတ်သားတယ်၊ တကယ်လုပ်ရဲတယ်စတဲ့ သရုပ်တွေပေါ်လွင်နေသလို ဝမ်းနည်းတယ်၊ စိတ်ဆိုးတယ်၊ စိတ်ကောက်တယ်၊ ကောက်ကျစ်တယ်၊ ယုတ်မာတယ်၊ လောဘကြီးတယ်၊ လက်စားချေချင်တယ်၊ အငြိုးအတေးထားတယ်၊ သံသယရှိတယ်၊ မရိုးသားဘူးဆိုတဲ့ သရုပ်တွေကလည်း အဲဒီမျက်စိထဲမှာ ပေါ်လွင်နေပါတယ်။ မျက်စိကကြည့်တဲ့အထဲမှာ အကောင်းမြင်တဲ့စိတ်၊ အဆိုးမြင်တဲ့စိတ်ဆိုပြီး ကွဲပြားနေပါတယ်။ တချို့ကတော့ မျက်တောင်တစ်ဆုံးသာ ကြည့်တတ်ပြီး တချို့ကမျက်စိတစ်ဆုံးကြည့်တတ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘူး၊ အမြင်မကြည်ဘူးဆိုတာတွေ ဖြစ်လာပါတယ်။ တစ်နည်းပြောရရင် မျက်စိထဲမှာ ကာယကံရှင်ရဲ့ စေတနာတွေ ပေါ်လွင်နေပါတယ်။

နောက်ခရီးဖော်တစ်ဦးကတော့ နားဖြစ်ပါတယ်။ သဒ္ဒါရုံလိုခေါ်ပြီးကြားသိစိတ်ကို ပိုင်ဆိုင်ပါတယ်။ နားထဲကိုဝင်လာတဲ့ အသံတွေအပေါ်မူတည်ပြီး အကောင်းအဆိုးတွေ ဖြစ်စေတတ်ပါတယ်။ သာယာနာပျော်ဖွယ်ကောင်းတဲ့ သီချင်းသံ၊ မြှောက်ပင့်ပြောဆိုသံ၊ အကောင်းပြောသံ၊ ဝမ်းသာစရာသတင်းစကားသံတွေ ကြားရရင်ဝမ်းသာပီတိတွေ ခံစားစေတယ်၊ ဆူညံပွက်လောရိုက်တဲ့အသံ၊ ရှုတ်ချခံရတဲ့အသံ၊ ရိုင်းရိုင်းစိုင်းစိုင်းပြောခံရတဲ့ အသံ၊ မကောင်းတဲ့ သတင်းစကားသံတွေကြားရတဲ့ အချိန်မှာ ဒေါသစိတ်တွေကို မွေးဖွားပေးပါတယ်။ လူတစ်ယောက်မှာ နားနှစ်ဖက်ပါကြပေမယ့် တစ်ဖက်နားပေါက် နားထောင်တတ်တဲ့သူတွေကတော့ ကိုယ်ပိုင်အရည်အချင်း နည်းပါးတတ်ကြပါတယ်။ တကယ်တော့ ကောင်းကျိုးဖြစ်မယ့်ကိစ္စတွေအတွက် နားထောင်သင့်တာကို နားထောင်ပြီး ဆိုးကျိုးဖြစ်မယ့် မကောင်းတဲ့အသံတွေကိုတော့ လက်မခံဘဲ ဖယ်ရှားကြရမှာ ဖြစ်ပါတယ်။

မျက်မှောက်ခေတ်မှာ မီဒီယာဆိုတဲ့ လူထုဆက်ဆံရေးနည်းပညာတွေက နားတွေထဲကို အတင်း တိုးဝင်နေကြပါတယ်။ သုံးတတ်ရင် ကောင်းကျိုးတွေ ခံစားကြရပေမယ့် တလွဲသုံးမိရင် ဆိုးကျိုးတွေကို ခံစားကြရပါမယ်။ ကောင်းတဲ့အသံတွေကို စဉ်းစားဆင်ခြင်ပြီးမှ လက်ခံအသုံးချကြရမှာဖြစ်ပြီး ဆိုးကျိုးဖြစ်စေမယ့်အသံတွေကို ဖယ်ရှားပစ်နိုင်တဲ့ အရည်အချင်း ပိုင်ဆိုင်သူတွေဖြစ်အောင် ကာယကံရှင်တွေကိုယ်တိုင်ကသာ လေ့ကျင့်ယူကြရမှာဖြစ်ပါတယ်။ နားအဆိပ်သင့်ပြီဆိုရင် ကိုယ်ပိုင်အသိဉာဏ်တွေအပေါ် အဆိပ်ရည်တွေ ဖုံးလွှမ်းသွားပြီး သူတစ်ပါးကျွန်ဘဝအထိ ရောက်သွားနိုင်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ အဖျက်သမားတွေက ပြည်သူတွေရဲ့နားထဲကို သတင်းတု၊ သတင်းမှား အဆိပ်ရည်တွေကို လောင်းထည့်နေတာ သတိမူကြရပါမယ်။ သတင်းအဆိပ်သင့်ခံရရင် နိုင်ငံနဲ့ လူမျိုးအထိပါ ဆုံးရှုံးနစ်နာနိုင်တယ်ဆိုတာ ဂရုပြုရပါမယ်။ သတင်းစားသုံးရာမှာ အဆိပ် ပါ၊ မပါ သိရှိ အောင် ကိုယ်ခံစွမ်းအားတွေကောင်းဖို့ အသိပညာဝမ်းစာတွေ ပြည့်နေဖို့လိုအပ်ပါတယ်။ ဒါကြောင့် နားဆိုတဲ့ခရီးဖော်ကို အလေးထားဖို့လိုပါတယ်။

နောက် ခရီးဖော်တစ်ယောက်ကတော့ နှာခေါင်းပါ၊ ဂန္ဓာရုံလို့လည်း ခေါ်ပါတယ်။ သူကတော့ အနံ့သိစိတ်ပိုင်ရှင်ပါ။ လေကောင်းလေသန့်ကို ရှူမိရင်ကျန်းမာရေးကို အထောက်အကူဖြစ်ပေမယ့် အနံ့မကောင်းတဲ့ အပုပ်နံ၊ အညှီနံတွေ ရှူရှိုက်မိရင် ကျန်းမာရေးကို ထိခိုက်မယ်ဆိုတာသဘာဝပါပဲ။ အနာတစ်ခုရှိနေချိန် အညှော်မိရင် အနာရင်းတတ်သလို အခန့်မသင့်ရင် အနာဝင်ပြီးကြီးမားတဲ့ဆုံးရှုံးမှု တွေပါဖြစ်တတ်ပါတယ်။ နေ့စဉ်ရှူရှိုက်နေတဲ့ လေဟာ လေကောင်းလေသန့်လား၊ မကောင်းတဲ့ မသန့်တဲ့လေတွေလားဆိုတာ ကိုယ်ပိုင်အသိနဲ့ ရှူရှိုက်ရမှာဖြစ်ပါတယ်။

လျှာဆိုတဲ့ ခရီးဖော်ကိုတော့ ရသာရုံ

လျှာဆိုတဲ့ ခရီးဖော်ကိုတော့ ရသာရုံလို့လည်း ခေါ်ပါတယ်။ သူကအရသာသိစိတ်ကို ပိုင်ဆိုင်ပါတယ်။ အရသာကို ခံစားတဲ့အပြင် စကားပြောတဲ့ အလုပ်ကိုပါလုပ်တဲ့အရေးပါတဲ့ ခရီးဖော်ဖြစ်ပါတယ်။ ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ ခါး ဆိုတဲ့ အာရုံတွေကို လျှာက အာရုံခံစားပါတယ်။ အစားအသောက်ဆိုတာ စားကောင်းတိုင်းစားလိုက်ပေမယ့် စားလိုက်တဲ့ အစာတွေထဲမှာ မတည့်တဲ့ အစာတွေက အာဟာရမဖြစ်ဘဲ ဘေးဥပဒ်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် လျှာရဲ့အလိုကိုမလိုက်ဘဲ သဟဇာတဖြစ်အောင် စားသုံးကြရပါတယ်။

လျှာရဲ့နောက်ထပ် အလုပ်တစ်မျိုးကတော့ စကားပြောတဲ့အလုပ်ပါ။ နှုတ်ကထွက်သမျှစကားတွေကို မဆင်မခြင်ပြောဆိုမိရင် ဆိုးကျိုးတွေရတတ်ပါတယ်။ နှုတ်မှုဝစီကံ အသုံးချတာ မမှန်ကန်ရင် ကောင်းကျိုးထက် ဆိုးကျိုးတွေကို ဖြစ်တတ်ပါတယ်။ ဒီနှုတ်မှုဝစီကံလက်နက်ဟာ မျက်မှောက်ခေတ် အဏုမြူလက်နက်၊ ဓာတုလက်နက်တွေထက် ပြင်းထန်ပါတယ်။ နှုတ်မှုဝစီကံကြောင့် မိတ်ဆွေ၊ ရန်သူ၊ ချစ်ခြင်း၊ မုန်းခြင်း၊ ညီညွတ်ခြင်း၊ သွေးကွဲခြင်းဆိုတာတွေ ဖြစ်ပေါ်လာပါတယ်။ ဆိုးကျိုးတွေ မခံစားကြရအောင် မဟုတ်မမှန်တဲ့စကားကို ဟုတ်မှန်သလိုလို လိမ်ညာပြောတာ၊ ကုန်းတိုက်တာ၊ ချစ်သူနှစ်ဦး ကွဲသွားအောင် ဒါမှမဟုတ် မိမိကို ချစ်ခင်လာအောင် ချစ်သူနှစ်ဦးကို ရန်တိုက်ပေးတာ၊ သင့်တင့်ညီညွတ်နေတဲ့ မိတ်ဆွေနှစ်ဦးကို မသင့်မတင့် ဖြစ်အောင်၊ စိတ်ဝမ်းကွဲအောင်ပြောတာ၊ ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာပြောတာ၊ မိမိသူတစ်ပါး နှစ်ဦးသား လုံးဝအကျိုးမရှိတဲ့စကား ပြောတာတွေ ကို ရှောင်ကြဉ်ကြရပါမယ်။ မှန်တာကိုသာ ပြောဆိုရ မယ်၊ အကျိုးရှိတာကိုပဲ ပြောဆိုရမယ်၊ ပြောသင့်တဲ့အချိန်မှ ပြောဆိုရမယ်၊ ယဉ်ကျေးလိမ္မာတဲ့ စကား လုံးတွေနဲ့ပြောဆိုရမယ်၊ ခင်မင်တဲ့မေတ္တာစိတ်ထားနဲ့ ပြောဆိုရပါမယ်။ နေ့စဉ်ပြောနေတဲ့ စကားတွေထဲက လိမ်လည်စကား၊ အတင်းအဖျင်းစကား၊ ရိုင်းစိုင်းကြမ်းတမ်းတဲ့စကား၊ အကျိုးမရှိ သိမ်ဖျင်းတဲ့စကား၊ ယုတ်ညံ့တဲ့စကား၊ စည်းကမ်းမဲ့တဲ့စကား၊ စော်ကားတဲ့စကား၊ မကောင်းတဲ့စကား၊ သံသယဖြစ်စေမယ့် စကားနဲ့ဥပဒေမဲ့စကားတွေကို ရှောင်ကြဉ်ပြောဆို ကြရပါမယ်။ စကားတစ်ခွန်းကြောင့် တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံရေးတွေ အဆင်ပြေတယ်၊ အဆင်မပြေဘူးဆိုတာတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် လျှာဆိုတဲ့ (ရသာရုံ)ဟာ အစားအသောက်တွေ အာရုံခံစားသောက်တာကို ဂရုပြုရမှာဖြစ်သလို စကားပြောဆိုတာကိုလည်း ဆင်ခြင်ရမယ်ဆိုတာ သတိပြုကြရပါမယ်။

ကိုယ်ဆိုတဲ့ အတွေ့အထိသိစိတ် ဖောဋ္ဌဗ္ဗာရုံ

နောက်ခရီးဖော်တစ်ယောက်ကတော့ ကိုယ်ဆိုတဲ့ အတွေ့အထိသိစိတ်ဖြစ်ပါတယ်။ သူ့ကိုဖောဋ္ဌဗ္ဗာရုံလို့လည်း ခေါ်ပါတယ်။ လူတိုင်းဟာ အတွေ့အထိတွေကို ခံစားကြတဲ့အခါ မကောင်းတဲ့ အတွေ့အထိဆိုရင် ဆင်းရဲတယ်လို့ မှတ်ယူကြပါ တယ်။ မဆင်းရဲကြချင်တော့ ကောင်းမွန်တဲ့ အထိအတွေ့တွေကို ခံစားနိုင်အောင် ကြိုးစားအားထုတ် ကြပါတယ်။ ကောင်းမွန်တဲ့အတွေ့အထိ ပိုင်ဆိုင်ပြီးသား လူတွေကလည်း ပိုပြီးအာရုံခံစားမှုကောင်းတဲ့ အတွေ့အထိတွေကို ထပ်ပြီးရှာဖွေတတ်ကြပါတယ်။ ကောင်းတဲ့အတွေ့အထိဆိုတာ ခံစားဖူးရင် စွဲလမ်းတပ်မက် သွားတတ်တာကြောင့် ခုံမင်မက်မောကြပါတယ်။ ထိုက်သင့်တဲ့အတွေ့အထိတွေထက် လွန်ကဲစွဲလမ်းသွားရင်တော့ မကောင်းတဲ့လမ်းကြောင်း ပေါ်ကို ရောက်သွားမှာပါ။ ဘယ်အရာမဆို လိုအပ်တာထက်လွန်ကဲရင်တော့ ကောင်းကျိုးထက် ဆိုးကျိုး တွေခံစားရမှာပါ။

နောက်ဆုံးခရီးဖော်ကတော့ စိတ်ဆိုတဲ့ အာရုံငါးပါးနဲ့ ကြွင်းသောအကြောင်းအရာများ သိစိတ်ဖြစ်ပါတယ်။ သူ့ကို ဓမ္မာရုံလို့ ခေါ်ပါတယ်။ လူဆိုတာရုပ်နဲ့ နာမ်(စိတ်) ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ စိတ်ကရုပ်ကို ဦးဆောင်တယ်လို့ ဆိုကြပါတယ်။ အထက်က ခရီးဖော်ငါးယောက်ကို စိတ်ဆိုတဲ့ ခရီးဖော်က ဦးဆောင်နေပါတယ်။ စိတ်ဆိုတာ အာရုံကို သိတတ်သောသဘောတရား၊ သဘောထား၊ စွဲလမ်းချက်လို့ မြန်မာအဘိဓာန်မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ဆိုတဲ့ ခရီးဖော်ငါးဦးက လုပ်ချင်တာ၊ ဖြစ်ချင်တာ၊ လုပ်လိုက်တာ၊ ဖြစ်သွားတာတွေ အားလုံးဟာ စိတ်ဆိုတဲ့ ဓမ္မာရုံက အရင်ဆုံးတွေးတောကြံစည်ပြီးမှ ပြောကြလုပ်ကြကိုင်ကြရတာဖြစ်လို့ ခရီးဖော်ခြောက်ဦးထဲမှာတော့ စိတ်ဆိုတဲ့ ခရီးဖော်က ဆရာကြီးတစ်ဆူ ပါပဲ။

စိတ်ရဲ့သဘောသဘာဝဟာ အင်မတန်ကျယ်ဝန်းနက်ရှိုင်းပါတယ်။ စိတ်ကိုလေ့လာတဲ့အခါ နှစ်မျိုးနှစ်စားတွေ့ရှိနိုင်ပါတယ်။ တစ်ခုက စိတ်ကောင်းဖြစ်ပြီး ကျန်တစ်ခုကတော့ စိတ်ဆိုး (စိတ်ယုတ်မာ) ဖြစ်ပါတယ်။ စိတ်ကောင်းဆိုတာ သဒ္ဓါ = ယုံကြည်ခြင်း၊ သတိ = အောက်မေ့အမှတ်ရခြင်း၊ ဟီရိ = ရှက်ခြင်း၊ သြတ္တပ္ပ = ကြောက်လန့် ခြင်း၊ အလောဘ = မလိုချင်ခြင်း၊ အဒေါသ = မကြမ်းတမ်းခြင်း၊ စိတ္တပဿဒ္ဓိ = စိတ်ငြိမ်းချမ်းခြင်း၊ မိတ္တလဟုတာ = စိတ်ပေါ့ပါးခြင်း၊ စိတ္တမုဒုတာ = စိတ်နူးညံ့ခြင်း၊ စိတ္တကမ္မညတာ = စိတ်ခံ့ညားခြင်း၊ စိတ္တပါဂုညတာ = စိတ်ကျန်းမာခြင်း၊ စိတ္တဇုကတာ= စိတ်ဖြောင့်မတ်ခြင်းတို့ဖြစ်ပါတယ်။

အကုသိုလ်စေတသိက် ၁၄ ပါး

စိတ်ဆိုး (စိတ်ယုတ်မာ) ဖြစ်ပေါ်လာအောင် စိတ်ကိုခြယ်လှယ်တဲ့ အကုသိုလ်စေတသိက် ၁၄ ပါးက လုပ်ဆောင်ပါတယ်။ စေတသိက်ဆိုတာ (လိုချင်ခြင်း၊ အမျက်ထွက်ခြင်း၊ မသိခြင်း စသည်ကဲ့သို့သော) စိတ်တွင်ယှဉ်သောသဘောလို့ မြန်မာအဘိဓာန်မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အကုသိုလ် စေတသိက် ၁၄ ပါးကတော့ (၁) လောဘ = ဆာလောင်တွယ်တာကာ သာယာခင်မင်ခြင်း လက္ခဏာ၊ (၂) ဒေါသ = ကြမ်းတမ်းပြစ်မှား နှိပ်စက် ပျက်စီးခြင်းလက္ခဏာ၊ (၃) မောဟ = အမှန်တရားကို မသိခြင်း၊ (၄) အဟီရိက = မကောင်းမှုပြုရမှာ မရှက် ခြင်း၊ (၅) အနောတ္တပ္ပ = မကောင်းမှုပြုရမှာ မကြောက်မလန့်ခြင်း၊ (၆) ဥဒ္ဓစ္စ = ပျံ့လွင့်တုန်လှုပ် ခြင်း၊ (၇) မာန = ငါကွဟု ထောင်လွှားခြင်း၊ (၈) ဒိဋ္ဌိ= အမှားကို အမှန်ဟု စွဲယူထားခြင်း၊ (၉) ဣဿ = သူတစ်ပါးအား မလိုတမာ ငြူစူလာခြင်း၊ (၁၀) မစ္ဆရိယ = မိမိစည်းစိမ်ကို နှမြောဝန်တို မဆက်ဆံ လိုလျက် ဖုံးဝှက်ကာထားခြင်း၊ (၁၁) ကုက္ကုစ္စ = ပြုပြီးသား အကုသိုလ်၊ မပြုလိုက်ရသည့်ကုသိုလ်တို့ အတွက် နောင်မှတကာ ပူပန်လာခြင်း၊ (၁၂) ထိန= ကုသိုလ်ပြုရာ၌ စိတ်ဓာတ်လျော့ပါးအားနည်းခြင်း၊ (၁၃) မိဒ္ဓ = ထိန်ကြောင် ထိုင်းမှိုင်းငိုက်မျဉ်း၍လာခြင်း၊ (၁၄) ဝိစိကိစ္ဆ = ကောင်းမှုကုသိုလ်တရား၌ ယုံရမည် လား၊ မယုံရမည်လားဆိုတာတွေ ဖြစ်ပါတယ်။ ဒီအကုသိုလ်စေတသိက် ၁၄ ပါးဟာ မကောင်းမှု မျိုးစင်စစ်ဖြစ်၍ အပါယ်ကိုကျစေသော ပါပဇာတိ မည်၏။ အကုသလဓမ္မ (မကောင်းသော ဒုစရိတ တရား) အစစ်မည်ကုန်၏လို့ အဘိဓမ္မာသင်္ဂြိုဟ် စေတသိက်ပိုင်းမှာ ဖော်ပြထားပါ တယ်။ ဒါကြောင့် စိတ်ဆိုတဲ့ခရီးဖော်ဟာ လူတစ်ယောက်ကို ကောင်းအောင်၊ ဆိုးအောင်လုပ်နိုင်တဲ့ အဓိကဖန်ဆင်းရှင်လည်းဖြစ်နေတာမို့ ကာယကံရှင်ကိုယ်တိုင်က စိတ်ဆိုတဲ့ခရီးဖော်ကို သတိတရား နဲ့ထိန်းကျောင်း လျှောက်လှမ်းကြဖို့လိုပါတယ်။

ခရီးဖော်တွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာဆိုတဲ့ ခရီးဖော်တွေဟာ လူတွေရဲ့ ဦးခေါင်းပိုင်း မှာရှိနေကြတယ်။ လူရဲ့အရေးအပါဆုံး ဦးနှောက်နဲ့ အနီးဆုံးမှာ လိုက်ပါနေကြတာဖြစ်လို့ သူတို့ရဲ့ အတွေးအမြင်၊ အပြောအဆို၊ လုပ်ကိုင်မှုအားလုံးဟာ ကာယကံရှင်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို တိုက်ရိုက်အကျိုးသက်ရောက်ပါတယ်။ ခရီးဖော်တစ်ယောက် ယောက်က ဖောက်ပြန်ချို့ယွင်းပြီဆိုရင်တော့ ဘဝလမ်းခရီးမှာ အနှောင့်အယှက်တွေနဲ့ မလွဲမသွေကြုံ ရမှာ သေချာပါတယ်။ ဒါကြောင့် ဘဝခရီးလမ်းကို အတူလျှောက်လှမ်းသွားကြမယ့် ခရီးဖော်တွေရဲ့ လှုပ်ရှားမှုတွေမှန်သမျှ မှန်ကန်နေအောင် ကာယကံရှင်ကသာ တည့်မတ်ထိန်းကျောင်းရမှာ ဖြစ်ပါတယ်။

လူသားတိုင်းဟာ ကြီးပွားချမ်းသာ တိုးတက်အောင်မြင်ဖို့ ဦးတည်ချက်ထားပြီး ဘဝခရီးလမ်းကြီးပေါ်မှာ သွားလာလုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ လောကဓမ္မတာအရ ဖြစ်ချင်တာတွေမဖြစ်ရ၊ မဖြစ်ချင်တာတွေ ဖြစ်ရဆိုတဲ့ လောကဓံနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ တွေ့ကြုံလာတဲ့အချိန်မှာ စိတ်ဓာတ်မကျပါနဲ့၊ ရိုးသားမှုကို မရိုးသားမှုနဲ့မလဲပါနဲ့။ သဘာဝအရ အတက်အကျဆိုတာရှိပါတယ်။ အတက်အကျ ဖြစ်နေတဲ့အချိန်မှာ နာရီတစ်လုံးကို အာရုံခံစားကြည့်လိုက်ပါ။ နာရီလက်တံတွေဟာ အပေါ် ၁၂ ဂဏန်းကနေအောက်က ၆ ဂဏန်းကို ကျဆင်းသွားတယ်။ ရပ်မနေရင် ၆ ဂဏန်း ကနေ ၁၂ ဂဏန်းပေါ်ကို ပြန်တက်လာရစမြဲပါ။ ဒီလိုဆင်ခြင်လိုက်မိရင် ဘဝခရီးမှာအတက်အကျ ဆိုတာရှိတယ်၊ အမြဲတမ်းရပ်တန့်မနေဘူး၊ ကျနေရင် ပြန်တက်နိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ ခွန်အားတွေ ရရှိလာပါလိမ့်မယ်။

အလုပ်က အတွေ့အကြုံတွေကို ခွန်အားအဖြစ်နဲ့ ရင်းနှီးမြှုပ်နှံ

စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံတွေ့ရချိန်မှာ ဘဝခရီးလမ်းကိုတစ်ဝက်တစ်ပျက်နဲ့ ရပ်မပစ်လိုက်ပါနဲ့။ အရှုံးမပေးပါနဲ့။ ရှုံးသွားခဲ့တဲ့အလုပ်က အတွေ့အကြုံတွေကို ခွန်အားအဖြစ်နဲ့ ရင်းနှီးမြှုပ်နှံပြီး အောင်မြင်မှုလမ်းကြောင်းသစ်ကို ကြိုးစားရှာဖွေ လျှောက်လှမ်းလိုက်ပါ။ စိတ်ကောင်းမွေးမြူပါ။ စည်းကမ်းနဲ့ ပြောဆိုလုပ်ကိုင်နေထိုင်ပါ။ ဘယ်အလုပ်ကိုလုပ်လုပ် စေတနာထည့်ပြီးလုပ်ပါ။ တစ်ဖက်သားကို ထိခိုက်စေမယ့် အလုပ်တွေ မှန်သမျှရှောင်ကြဉ်ပါ။ ဘဝခရီးလမ်းကြောင်းပေါ်မှာ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားနေကြရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကာယကံရှင်အတွက် သာမက အများကောင်းကျိုးတွေကိုလည်း သယ်ပိုး ရာ ရောက်ပါလိမ့်မယ်။

ဒါကြောင့် လူတိုင်းဘဝခရီးလမ်းကို လျှောက် လှမ်းနေရတဲ့အချိန်မှာ ကိုယ်နဲ့မကွာ အတူလိုက်ပါနေတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ခရီးဖော်တွေကို ထိန်းကျောင်းပြီးလျှောက်လှမ်း နိုင်ကြမယ်ဆိုရင် ဘဝခရီးလမ်းကြီးဟာ သာယာဖြောင့်ဖြူးပြီး လိုရာပန်းတိုင်ကို ချောချောမွေ့မွေ့နဲ့ ရောက်ရှိနိုင်မှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။ ။

ကိုးကား - ဗုဒ္ဓဘာသာကောင်း တစ်ယောက်၊

သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန။

Newspaper - 2758 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download