ပြည်ထောင်စုနယ်မြေ နေပြည်တော် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / May 10, 2024
image_latest


နေပြည်တော် မေ ၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ နေပြည်တော် Book Club အဖွဲ့ဝင်များ၊ ကျေးရွာစာကြည့်တိုက်မှူးများ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများ၊ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်မောင်မယ်များ၊ လူရည်ချွန်မောင်မယ်များ၊ ကင်းထောက်လူငယ်များ၊ ကြက်ခြေနီမောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း နေပြည်တော်မှ ကျောင်းသား၊ ကျောင်းသူများ၏ “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ Video Clip ကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ပညာနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေခြင်းကြောင့် ပညာဗဟုသုတပြည့်စုံကြွယ်ဝရေး အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ပြီး စာကြည့်တိုက်များ၏ လုပ်ငန်းရပ်များ ပိုမိုတိုးတက်လာစေရန် ဧပြီလမှစတင်၍ လှူဒါန်းဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့အခမ်းအနားသည် တတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်

လူတိုင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားကြကြောင်း၊ ယခင်က စာတတ်မြောက်ရေးလှုပ်ရှားမှု ရုပ်ရှင်ဖြစ်သည့် “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင်ကား၌ “အ” သုံးလုံးလှုပ်ရှားမှုမှတ်တမ်းတွင် သင်ယူသူများအနေဖြင့် စာတတ်မြောက်ရန်အတွက် စိတ်အားထက်သန်နေသည်ကို တွေ့ရှိနိုင်ကြောင်း၊ စာပေတတ်မြောက်မှုမရှိခြင်းသည် လူတစ်ဦးချင်းစီ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှုစာရင်းများအရ စာတတ်မြောက်မှုရာခိုင်နှုန်းအရ ပျမ်းမျှအားဖြင့် ၉၂ ရာခိုင်နှုန်းခန့်သည် စာတတ်မြောက်မှုရှိသည်ကို တွေ့ရကြောင်း၊ သို့သော် အများစုအနေဖြင့် မူလတန်းပညာကိုသာ တတ်မြောက်ကြခြင်းဖြစ်ပြီး ကျောင်းနေအရွယ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း အသိပညာ၊ အတတ်ပညာများ ရရှိအောင် ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက် အောင်မြင်စေရန် ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အသိုင်းအဝိုင်း၊ သာယာဝပြောသည့် အသိုက်အဝန်းနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ယှဉ်ပြိုင်နိုင်သည့် လူ့ဘောင်တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာ ကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ပညာတတ်များ မွေးထုတ်ပေးရန်လိုကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝရန် လိုအပ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်းသည် ပညာရေးကိုအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာတတ်ပေါကြွယ်ဝသည့် နိုင်ငံများသည် အသိပညာကြွယ်ဝကြသဖြင့် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊

နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှုအနေဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်ကြသော်လည်း ပညာတတ်နည်းပါးသည့်နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာတတ်များ ပေါကြွယ်ဝစေရေးအတွက် လူတိုင်းစာတတ်မြောက်ရေးကို ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ပညာတတ်များ ပေါကြွယ်ဝရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကိုအားပေး

မိမိတို့နိုင်ငံအနေဖြင့် ပညာရည်မြှင့်တင်ရေးလှုပ်ရှားမှုများကို မဖြစ်မနေအားပေးမြှင့်တင်ရန် လိုအပ်သောကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှအစပြု၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” များကို ဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပညာရေးအခြေအနေအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ပင် တန်းစဉ်ကူးပြောင်းမှုများသည် နှစ်စဉ်လျော့နည်းခဲ့သည်ကို အချက်အလက်များအရသိရှိရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း တန်းစဉ်ကူးပြောင်းမှုများသည် လျော့နည်းခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ထိုသို့တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းခြင်းသည် နိုင်ငံအတွင်း ပညာတတ်ပေါကြွယ်ဝခြင်းကို ထိခိုက်စေလျက်ရှိသဖြင့် တန်းစဉ်ကူးပြောင်းမှုမြင့်မားရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တန်းစဉ်ကူးပြောင်းမှုတွင် မပါဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အသိပညာ အတတ်ပညာများ လေ့လာဖတ်ရှုနိုင်ရေး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

စာဖတ်ရှိန်မြှင့်တင်မှုနှင့်ပတ်သက်၍ အွန်လိုင်းမီဒီယာများ၌ စာပေဖတ်ရှုနိုင်သည်ဖြစ်သော်လည်း အဆိပ်အတောက်သတင်းအချက်အလက်များ လွှမ်းမိုးနေသည်ဖြစ်၍ မိမိဘဝကိုအကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန်လိုကြောင်း၊ စာအုပ်စာပေဖတ်ရှုမှုသည် မိမိဘဝကိုအကျိုးပြုနိုင်ကြောင်း၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်သည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုရန်လည်းလိုအပ်မည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင် စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျေးလက်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အမှန်တကယ် အကျိုးဖြစ်စေနိုင်သည့် စာအုပ်စာပေများကို ထားရှိနိုင်ရေးအတွက်လည်း တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း။

အခွင့်အလမ်းများဖော်ဆောင်ပေးရမည်

စာပေဖတ်ရှုခြင်းတွင် အပျော်ဖတ်စာပေမှစတင်၍ ဗဟုသုတရရှိသည့် စာပေအထိဖတ်ရှုရန်လိုကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတို့မှ သုတ၊ ရသ စာအုပ်စာစောင်များကို အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်ပုံနှိပ်ထုတ်ဝေလျက်ရှိသကဲ့သို့ သတင်းစာများတွင်လည်း ထည့်သွင်းဖော်ပြပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများနှင့် စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြသည့် အလှူရှင်များအားလုံး၏ လှူဒါန်းမှုသည် စဉ်ဆက်မပြတ်သည့်၊ မွန်မြတ်သည့် အသိပညာဒါန အလှူဖြစ်သည့်အတွက် ဘဝတစ်သက်တာ အထောက်အကူပြုသော လှူဒါန်းခြင်းဖြစ်သဖြင့် အထူးပင်ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ မှန်ကန်ကောင်းမွန်သည့် အသိပညာများ စုဆောင်းရရှိထားခြင်းသည် ဘဝတစ်လျှောက်လုံး ဖြတ်သန်းမှုအတွက် အကျိုးရှိစေမည်ဖြစ်သဖြင့် လူတိုင်းစာဖတ်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း။

အလေးထားဆောင်ရွက်

မိမိတို့ စတင်တာဝန်ယူဆောင်ရွက်ချိန်တွင် နေပြည်တော်ကို Green City ၊ Clean City ၊ Smart City ဖြစ်စေရန်နှင့် Smokeless Industry များ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအထဲတွင် ပညာရေးမြို့တော်အဖြစ် တည်ဆောက်နိုင်ရေးအတွက်လည်း အားပေးဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်များကိုလည်း တိုးချဲ့တည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် ပညာရေးကဏ္ဍအပါအဝင် ကဏ္ဍအသီးသီး၌ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စံပြုထိုက်သည့် မြို့တော်တစ်ခုဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ယနေ့ပြုလုပ်သည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” များကို ရည်ရွယ်ချက်ရှိစွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် တာဝန်ရှိသူများအားလုံးက အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်ကိုဗဟိုပြု၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” များကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် နိုင်ငံ့အရေးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလှုပ်ရှားမှုတွင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အဦများ တိုးချဲ့ ဆောက်လုပ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး မိသားစုမှ အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

အလှူငွေများကို အသီးသီးပေးအပ်လှူဒါန်း

ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် အလှူရှင်များက စာကြည့်တိုက်အဆောက်အဦများ တိုးချဲ့ဆောက်လုပ်နိုင်ရေးအတွက် အလှူငွေများကို အသီးသီးပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် ဧပြီ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် လက်ခံရရှိခဲ့သည့် အလှူငွေကျပ် ၁၀၂၇၆၂၄၃၈၀ ၊ စာအုပ်စာစောင်ပေါင်း ၈၅၅၄၀ ကို ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြန်လည်ခွဲဝေပေးအပ်မည့် အစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ ဦးစွာ တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုရှိ စာကြည့်တိုက် ၄၆ တိုက် ပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၂၃၀၀ နှင့် စာကြည့်တိုက် ၂၇ တိုက် အသစ်တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်းပေါင်း ၄၀၅၀၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၆၃၅၀ နှင့် ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်စာစောင် ၆၇၇၈၀ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူ သည်။

ယင်းနောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာကြည့်တိုက်လေးတိုက် ပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၂၀၀ နှင့် စာကြည့်တိုက် သုံးတိုက် အသစ်တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် ငွေကျပ်သိန်း ၄၅၀၊ စုစုပေါင်း ငွေကျပ်သိန်း ၆၅၀ နှင့် ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်စာစောင် ၃၀၀၀ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံရယူသည်။

ဆက်လက်၍ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အဖြစ် ၁၉၇၄ ခုနှစ်၊ တက္ကသိုလ်ပထမနှစ် လူရည်ချွန်ဟောင်းတစ်ဦးဖြစ်သည့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား၊ အမျိုးသားစာပေဆု၊ ဆရာဝန် တင်ရွှေဆု၊ စာပေဗိမာန်စာမူဆုရှင် စာရေးဆရာ ဆရာကြီး ဒေါက်တာမောင်သင်းက “စာပေတန်ဆောင် လူသား အလင်းရောင်” ခေါင်းစဉ်ဖြင့် စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ “ဘက်စုံပညာရည်တို့လှမ်းချီ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြသည်။

ယနေ့တွင် ကျင်းပပြုလုပ်သည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု” အခမ်းအနားတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အဦများ လှူဒါန်းမှုစုစုပေါင်းအနေဖြင့် စာကြည့်တိုက် ၁၄၇ တိုက်အတွက် ငွေကျပ်သိန်းပေါင်း ၂၂၀၅၀ နှင့် စာအုပ်စာစောင် စုစုပေါင်း ၇၀၇၈၀ ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 2759 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download