ကိုယ်လေ့ကျင့်ပေးတဲ့ကစားသမားတွေ အောင်မြင်တာမြင်ရတာက ကိုယ်တိုင်ရတဲ့ ပီတိထက်ပိုတယ်ဆိုတာ သိလာရပါတယ် (ကိုထက်ရှိုင်းအောင် (နည်းပြ၊ တနင်္သာရီတိုင်းဒေသကြီး))
ကိုယ်လေ့ကျင့်ပေးတဲ့ကစားသမားတွေ အောင်မြင်တာမြင်ရတာက ကိုယ်တိုင်ရတဲ့ ပီတိထက်ပိုတယ်ဆိုတာ သိလာရပါတယ် (ကိုထက်ရှိုင်းအောင် (နည်းပြ၊ တနင်္သာရီတိုင်းဒေသကြီး))
Ministry of Information/ Naypyitaw / December 14, 2024
နေပြည်တော် ဒီဇင်ဘာ ၁၃
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲအသီးသီးမှ အားကစားသမားများ၊ ကြီးကြပ်သူများ၊ နည်းပြများနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်မှအချို့အား ကောက်နုတ်ဖော်ပြလိုက်ရပါသည်။
နော်တဘိုးရာ အမျိုးသမီး ၅၅ ကီလိုတန်း အလေးမပြိုင်ပွဲ
မန္တလေးအားကစားနဲ့ ကာယပညာသိပ္ပံမှာ ရွေးချယ်ခံရပြီးတဲ့နောက် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အလေးမအားကစားလုပ်ဖြစ်ခဲ့ပါတယ်။ ဒီနေ့ပြိုင်ပွဲမှ ၅၅ ကီလိုတန်း အလေးမအားကစားမှာ နှစ်ဆင့်မ ၁၁၆ ကီလိုနဲ့ မြန်မာပြည် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအနေနဲ့ကတော့ ဒီအားကစားပွဲတော်မတိုင်ခင်မှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဗီယက်နမ်ဆီးဂိမ်းမှာတော့ တတိယ(ကြေး)တံဆိပ်ကို ရခဲ့ပါတယ်။ ဒီအားကစားကို ဘာလို့ရွေးချယ်ဖြစ်လဲဆိုရင် အရင်တုန်းက အလေးမအားကစားကို သိပ်မရင်းနှီးဘူး။ အားကစားတစ်ခုခုကိုပဲလုပ်ချင်တာ။ ဒါပေမယ့် အလေးမဘက်ကိုရောက်လာတော့ မိသားစုအတွက်ရောအားကစားနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်လို့ ထူးချွန်အောင်ကြိုးစားခဲ့တာပါ။ နောက်တစ်ခုက ဒီအားကစားလမ်းကြောင်းပေါ်ကို စလျှောက်ကတည်းက လက်ရွေးစင်ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိတယ်။ ကိုဗစ်မတိုင်ခင်တုန်းက လေ့ကျင့်ရေးစခန်း ခဏနားခဲ့တဲ့နောက်ဆက်ပြီး မလုပ်တော့ဘူးဆိုပြီး Gym Trainer ပဲလုပ်ခဲ့တယ်။ ဗီယက်နမ်ဆီးဂိမ်းအတွက် စခန်းသွင်းတဲ့ အချိန်ကျမှ ကိုယ်တိုင်က ဒီအားကစားအပေါ် အချိန်တွေအကြာကြီးမြှုပ်နှံပြီးမှ ဘာမှမဖြစ်လို့ မရဘူးဆိုပြီး နှမြောမိတဲ့အတွက် ဒီတစ်ကြိမ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ ဝင်ပြိုင်ဖြစ်တာပါ။ လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်လာဖို့ဆိုရင် နည်းပြလည်း အရေးကြီးသလို ကစားသမားကိုယ်တိုင်ကလည်း အရေးပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတာကလည်း မျိုးဆက်သစ်ကစားသမားတွေအတွက်ရော ကျွန်မတို့ကစားသမားတွေအတွက် ပါကောင်းတယ်။ အလေးမအားကစားကိုလည်း ပိုစိတ်ဝင်စားသူများလာပြီး အားကစားသမားတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
ကိုထက်ရှိုင်းအောင်(နည်းပြ၊ တနင်္သာရီတိုင်းဒေသကြီး) မြန်မာ့လက်ရွေးစင်ပြေးခုန်ပစ်အားကစားသမား
ကျွန်တော်က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှာ မီတာ ၁၀၀ စံချိန် ၁၀.၆၀ ကို ၁၀.၅၈ နဲ့ စံချိန်အသစ်တင်ခဲ့ဖူးပါတယ်။ ပြေးခုန်ပစ်အားကစားဆိုတာ အခုစလေ့ကျင့်အခုဆုရဆိုတဲ့ အားကစားမျိုးမဟုတ်ပါဘူး။ လနဲ့ချီ၊ နှစ်နဲ့ချီ ကြိုးစားလေ့ကျင့်ရတယ်။ ကိုယ့်ကျန်းမာရေးကို အထူးဂရုစိုက်ပြီး အရှိန်ကောင်းအောင်၊ သက်လုံကောင်းအောင်၊ ကြံ့ခိုင်အောင် အမြဲလေ့ကျင့်နေရတဲ့ အားကစားမျိုးဖြစ်ပါတယ်။ သေသေချာချာလေ့ကျင့်တဲ့သူသာ အကောင်းဆုံးဆုတံဆိပ်တွေ ဆွတ်ခူးရမှာ ဖြစ်ပါတယ်။ ကျွန်တော်က ၂၀၀၅ ခုနှစ်မှာ စကစားတာဖြစ်ပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုမြို့က ဖြစ်ပါတယ်။ ကျွန်တော်သတ္တမတန်းမှာ အားကစားနဲ့ ကာယပညာသိပ္ပံက လူရွေးပွဲတွေရှိတော့ အားကစားဝါသနာပါတာနဲ့ လျှောက်ထားဖြစ်ခဲ့တယ်။ အဆင့်ဆင့်ရွေးချယ်တဲ့အထဲ ပါဝင်သွားပြီး ကျောင်းတက်ခဲ့တာ ၂၀၂၁ ခုနှစ်အထိပါ။ ၂၀၂၂ ခုနှစ်မှာ လက်ရွေးစင်အဖြစ် ရွေးချယ်ခံရတယ်။ ၂၀၂၄ ခုနှစ်အထိ မြန်မာ့လက်ရွေးစင်အနေနဲ့ လေ့ကျင့်ပြီးပွဲတွေအများကြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနှစ် ၂၀၂၄ ခုနှစ် ဇွန်လက ထိုင်းနိုင်ငံမှာ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်မှာ ထိခိုက်မှုဖြစ်ခဲ့ပါတယ်။ ဗိုလ်လုပွဲ မီတာ ၁၀၀ မှာ ပြိုင်နေတုန်း မီတာ ၈၀ လောက်မှာ ပေါင်ကြွက်သား အကြောပြတ်သွားတာကြောင့် ပြိုင်ပွဲကနုတ်ထွက်ခဲ့ရပြီး လက်ရွေးစင်ဘဝကနေ အနားယူခဲ့ပါတယ်။ လက်ရှိမှာ တနင်္သာရီတိုင်းဒေသကြီး ပြေးခုန်ပစ်အားကစားနည်းပြအနေနဲ့ မျိုးဆက်သစ်တွေကို လေ့ကျင့်ပေးနေပါတယ်။ ကျွန်တော့်အတွက်တော့ သင်ခန်းစာကောင်းကောင်းရလိုက်သလိုပါပဲ။ လက်ရှိနည်းပြဘဝရောက်တော့ ကိုယ့်ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲ၊ ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာနဲ့ တာတိုအမြန်ကစားတဲ့အခါဆောင်ရန်၊ ရှောင်ရန်တွေကို ပိုပြီးသေသေချာချာ အသေးစိတ်လေ့လာ သင်ပြပေးရပါတယ်။ ကျွန်တော်တို့ဆီက ရွှေ၊ ငွေ ဆုတွေရတော့ အတိုင်းမသိဝမ်းသာရပါတယ်။ ကိုယ်လေ့ကျင့်ပေးတဲ့ကစားသမားတွေ အောင်မြင်တာမြင်ရတာက ကိုယ်တိုင်ရတဲ့ ပီတိထက်ပိုတယ်ဆိုတာ သိလာရပါတယ်။
ဦးသိန်းဝင်းထွန်း (စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းနည်းပြ)
ကျွန်တော်တို့ စစ်ကိုင်းတိုင်းအနေနဲ့ နှစ်ယောက်တွဲရော၊ လေးယောက်တွဲပိုက်ကျော်ခြင်း ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိထားပါတယ်။ အခုလိုပြန်လည်ကျင်းပတဲ့ အားကစားပွဲတော်ကြီးမှာ ရွှေတံဆိပ်ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ကစားသမားတွေအတွက်လည်း ဂုဏ်ယူမိပါတယ်။ ဒီပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် မြို့နယ်အလိုက်ပြိုင်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ မြို့နယ်ပြိုင်ပွဲတွေမှာ ထူးချွန်တဲ့ ကစားသမားတွေကို ရွေးချယ်ပြီး သုံးလလောက်လေ့ကျင့်ပေးခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်ပွဲတွေမှာတော့ လူငယ်တော်တော်များများက ကြိုးစားထားကြတာ တွေ့ရတယ်။ နည်းစနစ်ပိုင်း ကွာခြားမှုကတော့ အရင်ကဆားဗစ်ကို သုံးလုံးထိုး ၂၁ မှတ်ဂိမ်း ကစားရပြီး ခုကတစ်လုံးထိုး ၁၅ မှတ်ဂိမ်းနဲ့ ကစားရတယ်။ ကစားသမားအများစုက ၂၀၂၃ တိုင်းနဲ့ ပြည်နယ်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေရရှိဖူးတယ်။ အမျိုးသားအားကစားပွဲတော် ပြုလုပ်ပေးတဲ့အတွက် လူငယ်ကစားသမားတွေရဲ့ မျှော်လင့်ချက်နဲ့ အခွင့်အရေးတွေရရှိနိုင်တယ်။ တစ်ဖက်မှာလည်း မြန်မာ့လက်ရွေးစင်ကစားသမားတွေ များစွာထွက်ပေါ်လာနိုင်တဲ့အတွက် အရင်ချိန်က အာရှမှာရွှေတံဆိပ်ဆုတွေများစွာရရှိခဲ့တဲ့ မြန်မာတွေရဲ့ အောင်မြင်မှုကို ပြန်လည်ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကိုထက်အောင် မြန်မာ့လက်ရွေးစင်ပြေးခုန်ပစ်ကစားသမား
ကျွန်တော်တို့ ချိုးထားတဲ့စံချိန်နဲ့အတူတူကို ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးမှာ ကျွန်တော်တို့ညီငယ်လေးက စံချိန်ချိုးတာတွေ့ရတော့ ဝမ်းသာမိတယ်။ မျိုးဆက်သစ်တွေကို ကြိုဆိုရမယ်။ လက်တွဲခေါ်ရမယ်ဆိုတာ စီနီယာအားလုံးရဲ့ တာဝန်ပဲမဟုတ်လား။ ကျွန်တော်က ၂၀၁၇ ခုနှစ်မှာ ပြေးခုန်ပစ်အားကစားကို စတင်ကစားခဲ့ပါတယ်။ စံချိန်သစ်ကတော့ ၂၀၁၈ ခုနှစ်မှာ ရခဲ့တာပါ။ ဗီယက်နမ်ဆီးဂိမ်းအတွက် လူရွေးပွဲမှာ အကောင်းဆုံးခုန်နိုင်ခဲ့တယ်။ စံချိန်ကတော့ ၁.၉၆ ပါ။ အဲဒီလို လူရွေးတော့ ကျွန်တော်ထိခိုက်မှုဖြစ်သွားတယ်။ တကယ်သွားပြိုင်တဲ့အချိန်မှာ မလိုက်နိုင်တော့ဘူး။ ထုံးစံအတိုင်းကစားသမားတစ်ယောက် ထိခိုက်ပြီဆိုရင် လနဲ့ချီ၊ နှစ်နဲ့ချီ နားရတော့တာပဲ။ ကျွန်တော်ဆက်လည်းကစားတယ်။ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်တယ်။ ဒါပေမယ့် အရင်လောက်တော့ မလုပ်နိုင်တော့ဘူး။ ကျွန်တော်က ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေမှာ ရွှေချည်းဆက်တိုက်ရခဲ့တယ်။ ဒါပေမယ့် ထိခိုက်မှုဖြစ်ထားတော့ တော်တော်လေးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့လာခဲ့တယ်။ ဒါပေမယ့် အကောင်းဘက်ကတွေးကြည့်တော့ ကိုယ့်ကိုကိုယ်ပိုချစ်လာတယ်။ ပိုဂရုစိုက်လာမိတယ်။ အခုနောက်ပိုင်း ဆရာတွေရဲ့ လမ်းညွှန်ပြသမှုနဲ့ နည်းပြလိုင်းကို ကူးဖို့ဆန္ဒရှိတယ်။ လက်ရှိမှာလည်း ဂျူနီယာ ပြေးခုန်ပစ်အားကစားသမားတွေကို တတ်စွမ်းသလောက်နည်းစနစ်တွေသင်ပြတယ်။ လိုက်စောင့်ကြည့်ကစားပေးတယ်။ နည်းပြလုပ်ပေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ပြေးခုန်ပစ်အားကစားကို မစွန့်လွှတ်နိုင်ပါဘူး။ ဒါကြောင့် ရတဲ့နေရာက ပါဝင်အားဖြည့်သွားမှာပါ။
ဇေယျာဖြိုး (စစ်ကိုင်းတိုင်းဒေသကြီးပြိုင်ပွဲဝင်) (ရွှေတံဆိပ်ဆုရ၊ ပြေးခုန်ပစ်)
မီတာ ၁၀၀ တစ်ဦးချင်းပြိုင်ပွဲမှာ ဒုတိယရရှိခဲ့ပြီး မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးအတွက် တစ်လကျော်အကောင်းဆုံး ကြိုးစားပြင်ဆင်ခဲ့တယ်။ နည်းပြဆရာတွေကလည်း Training plan ကောင်းကောင်းနဲ့ လေ့ကျင့်ပေးခဲ့တဲ့အတွက် အခုလိုရွှေတံဆိပ်ဆုတွေကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ပြည်နယ်နဲ့ တိုင်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးတယ်။ ပြီးခဲ့တဲ့ အသက် ၁၈ နှစ်အောက် မီတာ ၄၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရတယ်။ မီတာ ၂၀၀ မှာ ငွေတံဆိပ်ဆု၊ မီတာ ၁၀၀ မှာ ကြေးတံဆိပ်ဆုနဲ့ ၂၅ နှစ်အောက် မီတာ ၂၀၀ ပြိုင်ပွဲမှာလည်း တတိယရဖူးတယ်။ အခုလိုအားကစားပြိုင်ပွဲကြီး ပြုလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ရဲ့ ကြိုးစားထားမှုတွေကို ပြသနိုင်ခဲ့သလို အားကစားနည်းအသီးသီးမှ ပြည်နယ်နဲ့တိုင်းဒေသကြီး ကိုယ်စားပြုတဲ့ ထူးချွန်တဲ့ ကစားသမားတွေ ထွက်ပေါ်လာနိုင်တယ်။ ယခုပြိုင်ပွဲအတွက် တိုင်းဒေသကြီးအစိုးရကလည်း နေစရိတ်၊ စားစရိတ်အပြင် တခြားလိုအပ်တာတွေပေးတဲ့အတွက် ကျွန်တော်တို့ ကစားသမားတွေအနေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ရတာ အများကြီးအဆင်ပြေခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာပြည်မှာ တင်ထားတဲ့စံချိန်ကို ချိုးနိုင်အောင် ကြိုးစားယှဉ်ပြိုင်သွားဖို့ ရည်စူးထားသလို ပြည်ပပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင်လည်း ဇွဲ၊ လုံ့လ၊ ဝီရိယရှိရှိနဲ့ အကောင်းဆုံးကြိုးစားသွားမယ်။
ကိုငြိမ်းပြည့်ဖြိုး(ပဲခူးတိုင်းဒေသကြီး) ဘိလိယက်/စနူကာပြိုင်ပွဲဝင်
အမျိုးသားအားကစားပွဲတော်မှာ ပြည်နယ်နဲ့ တိုင်းပေါင်းစုံက အားကစားသမားတွေ အများကြီးကြားမှာ ကိုယ့်တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ဖို့အတွက် ဒီပြိုင်ပွဲကိုဝင်ဖြစ်တာပါ။ ကျွန်တော်ပြိုင်တဲ့ ပြိုင်ပွဲက စနူကာ 6 Ball နဲ့ 15 Ball ပြိုင်ပွဲနှစ်ခုပါ။ ပြိုင်ပွဲမှာ စိတ်လှုပ်ရှားဖို့လည်းကောင်းတယ်။ ပျော်ဖို့လည်းကောင်းတယ်။ မျိုးဆက်သစ်တွေလည်း ဝင်ပြိုင်လို့ရတယ်။ ပြည်နယ်နဲ့ တိုင်းအဆင့်ကနေ ကိုယ်လေ့ကျင့်တဲ့အပေါ်မူတည်ပြီး အောင်မြင်ရင် ပြည်ပပြိုင်ပွဲတွေအထိ သွားပြိုင်ပြီး ကိုယ်ကြိုက်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်တစ်ယောက်အထိ ဖြစ်လာနိုင်တယ်။ ကျွန်တော်ပြိုင်ပွဲ ဝင်ပြိုင်တာ သုံးနှစ်ရှိပါပြီ။ ၂၀၂၃ ခုနှစ်က ကျင်းပတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးပြိုင်ပွဲမှာ 15 Ball နဲ့ ရွှေတံဆိပ် ရတယ်။ ပြိုင်ပွဲမှာဆုရဖို့ဆိုရင် အပြင်မှာလက်ဘယ် လောက်ကောင်းကောင်း၊ အပြင်မှာ ပိုက်ဆံကြေး ထိုးလို့ရှုံးသွားရင် နောက်နေ့သွားပြိုင်လို့ရတယ်။ ဒါပေမယ့် ဒီလိုပြိုင်ပွဲမျိုးကျ နိုင်ငံတော်က ပြိုင်ပွဲတွေ လုပ်တဲ့အချိန်မှသာ ဝင်ပြိုင်လို့ရတဲ့အတွက် လူငယ်ကစားသမားတွေလည်း ဝင်ပြိုင်သင့်တယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့ပဲခူးတိုင်းမှာ လူငယ်ကစားသမားတွေ တော်တော်များများ ပါဝင်လာတယ်။ သူတို့ လေ့ကျင့်ထားတဲ့ အင်အားနဲ့ပြိုင်ဆိုင်ကြမယ်။ အတွေ့အကြုံလည်းရသလို သူတို့ ထူးချွန်ရင် ထူးချွန်သလောက် လက်ရွေးစင်ကစားသမားတွေလည်း ဖြစ်သွားနိုင်တယ်။ ပဲခူးတိုင်းဒေသကြီးအနေနဲ့ ဘိလိယက်/စနူကာသမား ၁၃ ဦးပါ ပါတယ်။ ပြိုင်ပွဲဝင် တချို့က ပြည်မှာစခန်းသွင်း လေ့ကျင့်ခဲ့သလို ကျွန်တော်ကတော့ လက်ရွေးစင်ကစားသမားကိုအောင်ဖြိုးအနားမှာ အနီးကပ်သင်ကြားမှုနဲ့ လေ့ကျင့်ခဲ့ပါတယ်။ ဘိလိယက်/စနူကာ လူငယ်ကစားသမားတွေထွက်ပေါ်လာဖို့အတွက် အဓိကအရေးကြီးတာက လေ့ကျင့်နေရမယ်။ ပြိုင်ပွဲရှိရမယ်။ လေ့ကျင့်ဖို့နေရာလိုတယ်။ တိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်ကစားသမားတွေ များများထွက်ဖို့အတွက် လိုအပ်တာကတော့ လေ့ကျင့်ဖို့နေရာ၊ အဆင့်မီတဲ့ ဘိလိယက်/စနူကာခုံတွေပါ။ ကျွန်တော်တို့တိုင်းက ကစားသမားတွေက ရန်ကုန်လို တခြားတစ်နေရာမှာ သွားလေ့ကျင့်ရတဲ့အတွက် အခက်အခဲရှိတာကြောင့် တိုင်းဂုဏ်ဆောင်ကစားသမားတွေအတွက် ဘိလိယက်လေ့ကျင့်ခုံတွေ ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်။ ။
တွေ့ဆုံမေးမြန်း
ခင်ရတနာ၊ ဇင်ဦး၊ ဟိန်းထက်ဇော်၊ မျိုးထက်ဦး၊ ဓာတ်ပုံ-ဟိန်းဇင်ထက်
Newspaper - 3025 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download