စာပေဗိမာန်စာမူဆုရ စာအုပ်များနှင့် ပခုက္ကူစာပေဆုရစာအုပ်များ ဖြန့်ချိရောင်းချ
စာပေဗိမာန်စာမူဆုရ စာအုပ်များနှင့် ပခုက္ကူစာပေဆုရစာအုပ်များ ဖြန့်ချိရောင်းချ
Ministry of Information/ Naypyitaw / May 03, 2026
“ကွယ်လေးရဲ့မောင့်ခြုံထည် တန်းသွယ်လို့မိုး” စာအုပ်
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆုဝတ္ထုရှည်၊ ဒုတိယဆုရရှိသည့် စာရေးဆရာ ချစ်ညွန့်ကျော်၏ “ကွယ်လေးရဲ့မောင့်ခြုံထည် တန်းသွယ်လို့မိုး” စာအုပ်ကို တန်ဖိုးငွေကျပ် ၅၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် အဓိကဇာတ်ကောင်ဖြစ်သည့် အောင်ဇော်သည် စာပေကို မြတ်နိုးလေးစားတန်ဖိုးထားသော အယ်ဒီတာတစ်ဦးဖြစ်သည်။ မဂ္ဂဇင်းတိုက်တစ်တိုက်တွင် အလုပ်လုပ်နေရင်း စာပေဂုဏ်သိက္ခာထက် ငွေကြေးအကျိုးအမြတ်ကို အဓိကထားသော ထုတ်ဝေသူသူဌေးနှင့် အဆင်မပြေဖြစ်ကာ အလုပ်ထွက်ခဲ့ပြီး အငှားယာဉ်တက္ကစီမောင်း၍ မိခင်အိုကြီးကို ပြုစုလုပ်ကျွေးနေသည်။ သူ့နှလုံးသားထဲသို့ မသိမသာတိုးဝင်လာသော မိန်းကလေးနှစ်ဦးမှာ သူ့ကားကိုအမြဲငှားစီးသော ကာရာအိုကေမယ်မြစံပယ်နှင့် သူ့အိမ်အနီးအပါးက သူ့မိခင်ကိုဂရုစိုက်သော ခင်ဝေဆိုသည့် မိန်းကလေးတို့ဖြစ်သည်။ နှစ်ဦးစလုံးက သူ့အပေါ် သံယောဇဉ် ငြိတွယ်နေပြီး နှစ်ဦးစလုံးက ကရုဏာသက်စရာ ဘဝနာကြသူများဖြစ်သည်။ နောက်ဆုံးတွင် သူ့မိခင်လိုလားသော ခင်ဝေကိုသာ ဘဝလက်တွဲဖော်အဖြစ် သူရွေးချယ်ခဲ့ပုံကို ရေးဖွဲ့ထားသည်။
စာရေးသူသည် တက္ကစီသမားတစ်ယောက် နေ့စဉ်ရင်ဆိုင်ဖြတ်သန်းရသော အတွေ့အကြုံ၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို အသေးစိတ်ရေးဖွဲ့ထားသည့်အပြင် ဘဝတွင် အခက်အခဲမည်သို့ပင်ရှိပါစေ ဖြတ်လမ်းမလိုက်ဘဲ ဘဝခရီးကို ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ သိက္ခာရှိရှိ လျှောက်လှမ်းသောကြောင့် နောက်ဆုံးရလဒ်သည် စာဖတ်သူ၏စိတ်နှင့် တစ်ထပ်တည်းကျအောင် ရေးဖွဲ့ထားနိုင်သော ဝတ္ထုကောင်းတစ်အုပ် ဖြစ်ပါသည်။
“ကျောင်းဆရာမလေး ဖြစ်ချင်တယ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆုဝတ္ထုတိုပေါင်းချုပ် တတိယဆုရရှိသည့် စာရေးဆရာမ မေလတ်ဟန်၏ “ကျောင်းဆရာမလေး ဖြစ်ချင်တယ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို တန်ဖိုးငွေကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် ရှမ်းပြည်နယ်ရှိ မြန်မာစကားမတတ်သော တပည့်ကလေးများထံ သွားရောက်စာသင်ကြားပေးရသော ကျောင်းဆရာမတစ်ဦး၏ ကိုယ်ချင်းစာနာမှုနှင့် ရိုးသားသော တပည့်များအပေါ်ထားရှိသောစေတနာ၊ မေတ္တာတို့ကိုရေးဖွဲ့ထားပုံ၊ ကျူရှင်သင်သော ကျောင်းဆရာမတစ်ဦးနှင့် ကျူရှင်မတက်နိုင်သော ကျောင်းသားတစ်ဦးတို့၏ ဆင်ခြင်နိုင်စရာဖြစ်ရပ်၊ ထိုင်းနိုင်ငံ ICONSIAM ဈေးရောင်းစင်တာရှိ စားသောက်ဆိုင်မှ မြန်မာအမျိုးသမီးလေးတစ်ဦး၏ ဘဝအတွေ့အကြုံ၊ မူးယစ်ဆေး၏သားကောင်ဖြစ်ခဲ့ရသောသားကို တင့်တယ်မြင့်မြတ်သောဘဝသို့ ရောက်အောင်ပို့ဆောင်ပေးခဲ့သော မိခင်တစ်ဦးအကြောင်း၊ ဘဝတွင် ရိုးသားသော်လည်း စာဖတ်နည်းသောသူနှင့် စာဖတ်များသော သူ၏ စာရိတ္တမဏ္ဍိုင်တို့ကွာခြားမှုကို တင်ပြထားပုံနှင့် မိခင်အပေါ် နူးညံ့သော မေတ္တာတရားနှင့် ခွင့်လွှတ်တတ်သောစိတ်စေတနာရှိသူ မိဘမဲ့ဂေဟာတစ်ခုမှ မိန်းကလေးတစ်ဦး၏အကြောင်းစသည်ဖြင့် လောကဇာတ်ခုံပေါ်မှ လူ့စရိုက်အဖုံဖုံကို ရေးဖွဲ့ခြယ်မှုန်းထားသော ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။ လောက၏ ပကတိဖြစ်စဉ်များကို တင်ပြပုံရိုးစင်းစွာ ဖြင့် မြင်သာအောင် မီးမောင်းထိုးပြထားသောကြောင့် ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
“မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂ဝဝ၂)” စာအုပ်
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု သုတေသနစာပေပထမဆုရရှိသည့် စာရေးသူအောင်ကြည်ညွန့် (တက္ကသိုလ်)၏ “မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂ဝဝ၂)” စာအုပ်ကို တန်ဖိုးငွေကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက် ရှိသည်။
ဤစာအုပ်တွင် မြန်မာနိုင်ငံစာတတ်မြောက်ရေးသမိုင်း တစ်နည်းအားဖြင့် မြန်မာနိုင်ငံပညာရေးသမိုင်းကို ရှေးခေတ်မှသည် ယနေ့ခေတ်၊ (၁၉၄၈-၂ဝဝ၂) ကျော်ကာလအထိ ခေတ်အဆက်ဆက် လူထုနည်းဖြင့် စာတတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုကို သုတေသနပြုကာ စုစည်းဖော်ပြထားသည်။
မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရ ဘုန်းတော်ကြီးကျောင်းများ သည် ကျေးရွာရှိ ကလေးသူငယ်များကို အခမဲ့စာသင်ပေးခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စာမသင်ခဲ့ရသည့် သက်ကြီးများအတွက် စာတတ်မြောက်ရေးလှုပ်ရှားမှုကို ဖဆပလအစိုးရက (၁၉၄၈-၁၉၅၈)ခုနှစ်အထိ လူထုပညာရေးစီမံကိန်းအပါအဝင် (၁၉၆၄-၁၉၈၈) ခုနှစ်အထိ ဆောင်ရွက်ခဲ့သော စာတတ်မြောက်ရေးစီမံကိန်း ကြီးများကို စာရင်းဇယား၊ မြေပုံ၊ ဓာတ်ပုံများနှင့်တကွ ပြည့်စုံစွာ အသေးစိတ်ဖော်ပြထားသည်။ ယူနက်စကိုမှချီးမြှင့်သော မိုဟာမက် ရေဇာပါလာဗီဆုနှင့် နိုမာဆုများရရှိခဲ့ပုံ၊ ပြည်သူနှစ်သန်းကျော် စာတတ် မြောက်သွားကြပုံ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်ဒေသခံဆရာ ဆရာမ နှစ်သိန်းကျော် လုပ်အားပေးကြပုံ၊ နာမည်ကျော်ကြား လူကြိုက် များခဲ့သော “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဇာတ်ကားကြီးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပုံတို့ကို စုံစုံလင်လင် ဖော်ပြထားသည်။
စာရေးသူကိုယ်တိုင် အသုံးလုံးစီမံကိန်း၊ ကျောင်းပြင်ပ ပညာရေးစီမံကိန်းတို့တွင် ပညာရေး၊ သုတေသနအရာရှိအဖြစ် နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့ရာ ဤသုတေသနကျမ်းသည် စာရေးသူ၏ စာတွေ့ကိုယ်တွေ့ နှစ်ရပ်ပေါင်းရလဒ်အဖြစ် ထွက်ပေါ်လာသော သမိုင်းဝင်သုတေသနကျမ်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးသမိုင်း၊ ပညာရေး လောကအတွက် အကျိုးပြုနိုင်စွမ်းရှိသည့် ကျမ်းတစ်စောင်ဖြစ်သည်။
“ပျိုလေးကြိုလှည့်ပါ့” စာအုပ်
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ တတိယဆုရရှိသည့် စာရေးသူသျှင်မိုးခင်(ယဉ်ကျေးမှုတက္ကသိုလ်)၏ “ပျိုလေး ကြိုလှည့်ပါ့” စာအုပ်ကို တန်ဖိုးငွေကျပ် ၃၀၀၀ ဖြင့် ဖြန့်ချိရောင်းချ လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ယုံကြည်မှုနှင့် ဓလေ့ထုံးစံအရ (၃၇)မင်းနတ်တို့၏ အတ္ထုပ္ပတ္တိကို ဖွဲ့ဆိုထားသော နတ်သီချင်း (နတ်ချင်းများ)နှင့် နတ်ကတော်အက(နတ်အကများ) ပေါ်ပေါက်လာခဲ့သည်။ သီချင်းများသည် မြန်မာ့ရိုးရာသီချင်းများ (Myanmar Folk Songs) ဖြစ်ခဲ့ကြသည်။ နတ်သီချင်းများနှင့် နတ်အကများသည် မြန်မာ့ရုပ်စုံသဘင်မှ မြန်မာ့ဇာတ်သဘင်စင်မြင့်သို့ ရောက်ရှိလာသောအခါ နတ်ကတော်အကနှင့် အပျိုတော်အကဟူ၍ ထပ်မံကွဲပြားသွားပြန်သည်။ နတ်ကတော်အကနှင့် အပျိုတော်အကတို့၏ တေးဂီတ၊ ကကြိုးကကွက်များနှင့် ဝတ်စားဆင်ယင်မှုများသည်လည်း တူသယောင်နှင့် သီးခြားစီဖြစ်နေကြသည်။ သို့သော် မြန်မာ့ရိုးရာအကများတွင် အပျော်အက၊ အလှအကနှင့် သရုပ်ဆောင်အကဟူ၍ သုံးမျိုးရှိရာ နတ်အကတွင် ထိုသုံးမျိုးစလုံး ပါဝင်နေသည့်အပြင် ဋ္ဌာန်၊ ဟန်၊ မာန်ဟူသော အချက်များနှင့်လည်း ကိုက်ညီနေကြကြောင်းကို ကျမ်းကိုးအထောက်အထားများ၊ ပညာရှင်များထံမှ တွေ့ဆုံမေးမြန်းချက်များဖြင့် ခိုင်မာပြည့်စုံစွာ ရေးသားထားသည်။ ထို့ပြင် နတ်သီချင်း၊ နတ်အကများကို ပိုမိုပြီး သိသာပေါ်လွင် မှတ်သားချင်စဖွယ်ကောင်းအောင် ကပြနေကြပုံ စုံလင်စွာဖြင့် သုတရသပါစွာ ရေးဖွဲ့ထားသည်။
“အရုဏ်ဦးမှာ ကြည်နူးစွာနှင့် အခြားဝတ္ထုတိုများ” စာအုပ်
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာမ သက်ဦးခင်၏ “အရုဏ်ဦးမှာ ကြည်နူးစွာနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို တန်ဖိုးငွေကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက် ရှိသည်။
ယင်းစာအုပ်တွင် အရုဏ်ဦးမှာ ကြည်နူးစွာ၊ ဂျက်ကလိန်ဂျောင်း၊ ဖိနပ်ကလေးနီနီ၊ ဆီသည်မလေး၊ တုံ့ပြန်မေတ္တာ၊ မျှော်လေယောင် ညိုပြာရီမှောင်၊ သူ့သစ္စာ၊ စံပယ်တွေ ရွှေတွေ ငွေတွေ၊ ဝမ်းနည်းဝမ်းသာ မမေ့နိုင်ပါ၊ ဪ ဒီလိုကိုး၊ တစ်ခေတ်တစ်ခါ ဂုဏ်ယူစရာ၊ မြေချစ်သူ၊ မောင်ကြီးမေတ္တာ၊ အသားကြီးသူ၊ တောင်ကြီးတွေက အုံ့မှိုင်းရီ စသည့် ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။ ဇာတ်လမ်းပါအကြောင်းအရာများသည် သိမ်မွေ့ရိုးစင်းသော်လည်း ဦးတည်ရည်ရွယ်ချက် ကောင်းမွန်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
“ကျွန်တော်တို့သားအမိ” စာအုပ်
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု ဝတ္ထုရှည်တတိယဆုရရှိသည့် စာရေးဆရာ မောင်စိုးထိုက် (သုံးဆယ်) ၏ “ကျွန်တော်တို့သားအမိ” စာအုပ်ကို တန်ဖိုးငွေကျပ် ၃၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်သည် အဓိကအားဖြင့် စာရေးသူနှင့် သူ့မိခင်တို့အကြားထားရှိသော တုနှိုင်းမဲ့မေတ္တာတရားကို လေးလေးနက်နက်ဖော်ကျူးထားသည့်အပြင် သားအမိနှစ်ဦးစလုံး လောကဓံ၏ အထုအထောင်းကို မလျှော့သောလုံ့လနှင့် ကြံ့ကြံ့ခံရင်ဆိုင်ပုံ၊ ဘဝ၏အနိမ့်အမြင့်အတက်အကျနှင့် အခက်အခဲမှန်သမျှကို သတ္တိရှိရှိကျော်လွှားပုံ၊ မိခင်ကြီး၏ ပြတ်သားမာကျောသော စိတ်ဓာတ်နှင့်သားဖြစ်သူ၏ မိခင်အပေါ် ရိုသေကိုင်းရှိုင်းအလေးအမြတ်ထားပုံ အရေးအဖွဲ့များက ပီပြင်ထိမိလှသည်။ စာရေးသူငယ်ဘဝက ကြုံဆုံခဲ့သော ကြည်ကြည်ဆိုသည့် မိန်းကလေး၏ ရုပ်ပုံလွှာနှင့် သူ၏အဖြူရောင်သံယောဇဉ်ကလည်း ချစ်ခင်စွဲလမ်း နှစ်ခြိုက်စရာ။ စာရေးသူဖြတ်သန်းခဲ့သော အကြော်သည်၊ ဝါးကုန်သည်၊ သမဝါယမစာရေး၊ မိုးလေဝသအခြေခံဝန်ထမ်း၊ အိတ်ပိတ်တင်ဒါဆွဲသူ၊ ရုပ်ပြဇာတ်လမ်းရေးဆရာ၊ ရုပ်ရှင်ကန်ထရိုက်တာ စသည့်ဘဝမျိုးစုံ၏ အတွေ့အကြုံအဖုံဖုံကိုလည်း ရင်သပ်ရှုမောဖတ်ရှု ရမည်ဖြစ်သည်။ ဝတ္ထုနောက်ခံကာလံဒေသံသည် လွန်ခဲ့သောဆယ်စုနှစ် ငါးစု၊ ခြောက်စုက အကြောင်းရပ်များဖြစ်သဖြင့် ထိုခေတ် ထိုအခါက ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အထွေထွေအရပ်ရပ်ကို လည်း ဖတ်ခွင့်သိခွင့်ရမည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
“တောင်အရပ်မှာ ဓူဝံကြယ်” စာအုပ်
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ လူငယ်စာပေ၊ တတိယဆုရရှိသည့် စာရေးဆရာ နောင်အံ့လူ၏ “တောင်အရပ်မှာ ဓူဝံကြယ်” စာအုပ်ကို တန်ဖိုးငွေကျပ် ၄၀၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်သည် အထည်ချုပ်လုပ်ငန်းကျွမ်းကျင်သော “ကိုပိုင်” အမည်ရှိ လူရွယ်တစ်ယောက်က ပျောက်ဆုံးနေသည့်ညီ မောင်မြင့်ဝေကိုရှာရန် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိလာပြီး ထိုင်းလူမျိုးသူဌေးမပိုင်၍ မြန်မာလူငယ်များအလုပ်လုပ်သော အထည်ချုပ်စက်ရုံ ငယ်တစ်ခုတွင် ကြီးကြပ်သူအဖြစ် ဝင်ရောက်အလုပ်လုပ်ကိုင်ပုံ၊ မူလက အလုပ်ကို မလေးစားသော၊ သောက်စားမူးယစ် ရန်ဖြစ်တတ်သော မြန်မာအလုပ်သမားများကြောင့် စက်ရုံက အောင်မြင်မှုမရရှိဘဲဖြစ်နေစဉ် ကိုပိုင်ရောက်လာပြီးမှ မြန်မာလူငယ်များကို စည်းရုံး၊ သိမ်းသွင်း၊ ဆုံးမ၊ လမ်းညွှန်၊ ကူညီစောင့်ရှောက်သဖြင့် စည်းကမ်းတကျ အလုပ်ကြိုးစားလာကြပုံ၊ ထိုအခါစက်ရုံသည်လည်း အချိန်တိုအတွင်း အောင်မြင်တိုးတက်လာပြီး ပိုင်ရှင်သူဌေးသာမက အလုပ်သမားများလည်း ဝင်ငွေတိုးကာ ပျော်ရွှင်ကြရပုံ၊ ငွေစုမိသဖြင့် အလုပ်သမားဘဝမှ ကိုယ်ပိုင်လုပ်ငန်းလေးများ ထူထောင်နိုင်ခဲ့ပုံ၊ သောက်စားမူးယစ်ပြီး ဘဝပျက်နေသော မောင်မြင့်ဝေလည်း သူ့ကိုယ်သူပြုပြင်၍ လူကောင်းတစ်ယောက်ပြန်ဖြစ်သွားပုံတို့ကို ရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည်။ ဝတ္ထုဇာတ်အိမ်ကို မဲဆောက်မြို့တွင် အခြေပြုသဖြင့် ထိုင်းလူမျိုးတို့၏ဓလေ့စရိုက်နှင့် ရိုးရာယဉ်ကျေးမှုပွဲတော်များအကြောင်းကို မြည်းစမ်းသိရှိခွင့်ရပြီး အထည်ချုပ်စက်ရုံတစ်ရုံ၏ လည်ပတ်ပုံကို ဗဟုသုတအဖြစ် ဖတ်ရှုရမည့်အပြင် နိုင်ငံခြားရောက် မြန်မာလူငယ်များကို ဆောင်ရန်ရှောင်ရန်များနှင့်တကွ မြန်မာတို့၏ အမျိုးဂုဏ် ဇာတိဂုဏ်နှင့်ပတ်သက်၍ မနိမ့်ပါးရေး၊ အစော်ကားမခံရရေး လမ်းညွှန်ပညာပေးထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်များကို အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
Newspaper - 3514 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
