တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းတို့အား ရွေးကောက်တင်မြှောက်
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းတို့အား ရွေးကောက်တင်မြှောက်
Ministry of Information/ Naypyitaw / March 16, 2026
နေပြည်တော် မတ် ၁၆
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
ဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက်ခြင်းပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား သဘာပတိအဖြစ်တင်မြှောက်ကြရာ သဘာပတိလောင်းအဖြစ်တင်မြှောက်ရန် အမည်စာရင်း တင်သွင်းသူ နှစ်ဦးရှိသည့်အတွက် လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ရာ မဲအများဆုံးရရှိသည့် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒကျော်စွာကို သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ကြသည်။ ထို့နောက် သဘာပတိ ဒေါက်တာနန္ဒကျော်စွာက ပြည်သူ့လွှတ်တော်၏ရှေ့မှောက်၌ သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကာ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် သဘာပတိက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၇၃) ဦးရှိသည့်အနက် ကိုယ်စားလှယ်အားလုံး တက်ရောက်ကြသည့်အတွက် ရာနှုန်းပြည့်ဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ ရပ်စောက်မဲဆန္ဒနယ်မှ ဒေါက်တာပွင့်ဆန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးခင်ရီ တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်းက ထောက်ခံသည့်အတွက် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၁) အရ ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးခင်ရီအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာ စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးသက်ပုံက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌလောင်းအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းတစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေက ထောက်ခံသည့်အတွက် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၃) အရ တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းအား ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိကကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရသည့် ဦးခင်ရီနှင့် ဦးမောင်မောင်အုန်းတို့က သဘာပတိ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် သဘာပတိက ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီကို တာဝန်လွှဲအပ်သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာရရှိကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝလျက် ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါကြောင်း။
ကိုယ်စားလှယ်များက ပြည်သူများကိုယ်စား ကျွန်တော့်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ပေးခဲ့ကြတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအားလုံးကို အထူးကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်းနဲ့ ကျွန်တော့်ဘဝရဲ့ တစ်သက်တာအမှတ်တရအဖြစ် ရင်ဝယ်လေးစားစွာ သိမ်းဆည်းထားပါကြောင်း။
ဒီနေ့ဟာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးတဲ့နောက်မှာ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင်းတသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ပြည်သူ့ဆန္ဒနဲ့အညီ တတိယအကြိမ် ပြည်သူ့လွှတ်တော်ကြီး ပေါ်ပေါက်လာတဲ့ သမိုင်းမှတ်တမ်းတင် ဂုဏ်ယူစရာနေ့ တစ်နေ့လည်း ဖြစ်ပါကြောင်း။
ကိုယ်စားလှယ်များက ကျွန်တော့်အား ယုံကြည်စွာ တာဝန်အပ်နှင်းမှုအပေါ် အလေးအနက်ခံယူပြီး ဒီတာဝန်ကိုကျေပွန်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း အလေးအနက်ထား ကတိပြုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် ပွင့်ပွင့်လင်းလင်းနှင့် ဒီမိုကရေစီကျင့်စဉ်အတိုင်း တက်ညီလက်ညီ ဝိုင်းဝန်းဖော်ဆောင်သွားကြစေလိုပါတယ်။ ဒါ့အပြင် သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင့် အားလုံးနှင့်အတူ နိုင်ငံတော်နှင့်ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ် တနည်းပြောရရင် ပိုမိုခိုင်မာပြည်မြန်မာကို ဖော်ဆောင်ပေးနိုင်မယ်လို့ အလေးအနက် ယုံကြည်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့အချုပ်အခြာမဏ္ဍိုင်သုံးရပ်အနက် ဥပဒေပြုရေးမဏ္ဍိုင်သည် လွှတ်တော်၏အဓိကတာဝန် ဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံတော်အာဏာမဏ္ဍိုင်သုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုရမှာဖြစ်ပြီး ပြည်သူကို ကိုယ်စားပြုခြင်းကိုလည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံရေးရည်မှန်းချက်၊ ခေတ်စနစ်အခြေအနေများနှင့် ကိုက်ညီမှုရှိစေရန်ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူက ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်နှင့်အညီ ပြည်သူများနှင့် ထိတွေ့ဆွေးနွေး၍ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ပြည်သူကိုယ်စား ဖော်ဆောင်ပေးရန်အတွက် ကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူ့ကောင်းကျိုးအတွက် လွှတ်တော်ရဲ့ဆောင်ရွက် ချက်များကိုလည်း ပြည်သူများ နားလည်သဘောပေါက်စေရန် ပြန်လည်မျှဝေပေးရမှာက လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ပဲဖြစ်ပါကြောင်း။
အချုပ်အားဖြင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ရဲ့လုပ်ငန်းတာဝန်များကို ထမ်းဆောင်တဲ့နေရာမှာ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်ကြပါစို့လို့ကြောင်းဖြင့် ပြောကြားပါသည်။
ထို့နောက် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဒုတိယနေ့ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
Newspaper - 3472 items
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
