နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂ဝ၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / October 13, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၃

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၁) ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အသင်းအဖွဲ့များမှဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ ယခု ၂၀၂၄ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေးတွင် အဓိကကျသည့် မျိုးဆက်သစ်များ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန်ရည်ရွယ်ပြီး “အနာဂတ်မှာကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့” “Empowering the next generation for a resilient future” ဖြစ်ကြောင်း။

ယနေ့ကမ္ဘာ့လူဦးရေသည် ၂၀၂၄ ခုနှစ်တွင် ၈ ဒသမ ၂ ဘီလီယံရှိရာမှ ၂၀၈၀ ပြည့်နှစ်၊ နှစ်လယ်တွင် ၁၀ ဒသမ ၃ ဘီလီယံအထိ တိုးပွားလာမည်ဟု ခန့်မှန်းထားကြကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ရာသီဥတုအစီရင်ခံစာ (Global Climate Report for 2023) အရ တစ်ကမ္ဘာလုံးအနေဖြင့် ၂၀၂၃ ခုနှစ် အပူချိန်သည် (၁၈၅၀ - ၁၉၀၀) ပြည့်နှစ်များကာလ စက်မှုခေတ်မတိုင်မီကထက် ၁ ဒသမ ၄၅ ဒီဂရီ ဆဲလ်စီယပ်အထက် ပိုမိုမြင့်တက်ခဲ့ကြောင်း၊ စစ်တမ်းများအရ ၂၀၂၃ ခုနှစ်သည် လွန်ခဲ့သည့် နှစ်ပေါင်း (၁၇၄) နှစ်အတွင်း ကမ္ဘာ့အပူဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်းကို ဖော်ပြထားကြောင်း။

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် အဓိကအရေးပါသည့် သစ်ပင်သစ်တောပြုန်းတီးမှုကို ကြည့်မည်ဆိုပါက ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၁၀) နှစ်တာကာလအတွင်း နှစ်စဉ်ပျှမ်းမျှအားဖြင့် တစ်နှစ်ကို သစ်ပင် (၁၀) သန်းကျော် ပြုန်းတီးနေသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့၏ ထုတ်ပြန်မှုများအရ တွေ့ရကြောင်း။

ထိုသို့ ကမ္ဘာကြီးတွင် လူဦးရေတိုးပွားများပြားလာမှုနှင့်အတူ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများချဲ့ထွင်လာမှု၊ ကမ္ဘာ့အပူချိန်မြင့်မားလာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ သစ်ပင်သစ်တောများပြုန်းတီးလာမှု စသည့်များပြားသော အခြေခံအကြောင်းများကြောင့် သဘာဝဘေးအန္တရာယ်များသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်ဖြစ်ပွားလာနေသကဲ့သို့ ဆိုးရွားသည့် သက်ရောက်မှုများသည်လည်း ပိုမိုပြင်းထန်လာသည်ကို အားလုံးကြားသိမြင်တွေ့နေကြကြောင်း။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ များပြားလာသကဲ့သို့ ကမ္ဘာ့နိုင်ငံများ၏ ထိခိုက်ဆုံးရှုံးနိုင်ခြေကိုလည်း ဆန်းစစ်လေ့လာမှုများ ပြုလုပ်လာကြကြောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း (World Risk Index 2023) တွင် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃) နိုင်ငံ၏ ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်မှုပြုထားပြီး ဖိလစ်ပိုင်နိုင်ငံက ညွှန်းကိန်း ၄၆ ဒသမ ၈၊ အင်ဒိုနီးရှားနိုင်ငံက ညွှန်းကိန်း ၄၃ ဒသမ ၅၀၊ အိန္ဒိယနိုင်ငံက ညွှန်းကိန်း ၄၁ ဒသမ ၅၂ နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း အမြင့်ဆုံးနိုင်ငံများအဖြစ်တွေ့ရပြီး မြန်မာနိုင်ငံက ညွှန်းကိန်း ၃၆ ဒသမ ၂၆ နှင့် အဆင့် ၆ နေရာတွင်ရှိကြောင်းကို ဖော်ပြထားကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်မှုလျော့နည်းစေရန်ကို အမြဲမပြတ် သတိပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

၂၀၂၄ ခုနှစ်ထဲတွင် ပါကစ္စတန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနှင့် အာရှတိုက်နိုင်ငံများသာမက ဥရောပနိုင်ငံများမှာပါ ဖြစ်ပွားခဲ့သည့် များပြားပြင်းထန်လှသည့် ရေကြီး၊ ရေလျှံမှုဖြစ်စဉ်များကို ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ ပြယုဂ်အဖြစ် တွေ့မြင်နေကြရကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် လူသေဆုံးမှုများပြားပြီး ထိခိုက်ပျက်စီးမှုကြီးမားသည့် သဘာဝဘေးအန္တရာယ်ပေါင်း (၃၉၉) ကြိမ်ဖြစ်ပွားခဲ့ကာ လူပေါင်း (၈၆၄၇၃) ဦး သေဆုံးခဲ့ကြောင်း၊ ဘေးသင့်လူဦးရေ (၉၃ ဒသမ ၁) သန်းထိရှိခဲ့ပြီး စီးပွားရေးဆုံးရှုံးမှုအနေဖြင့် အမေရိကန်ဒေါ်လာ (၂၀၂ ဒသမ ၇) ဘီလီယံရှိခဲ့ကြောင်းကို Emergency Events Database (EM-DAT) က မှတ်တမ်းပြုထားကြောင်း။

ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုအများဆုံးခံရသည့် နိုင်ငံများသည် အာဖရိကနိုင်ငံများဖြစ်ပြီး ကမ္ဘာ့တိုက်ကြီးများထဲတွင် အမေရိကတိုက်သည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ အမြင့်မားဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် အာရှတိုက်၊ အာဖရိကတိုက်၊ သမုဒ္ဒရာဒေသတွင်းနိုင်ငံများနှင့် ဥရောပတိုက်တို့က အစဉ်လိုက်ရှိနေသည်ဟု (World Risk Report 2023) အရ သိရှိရကြောင်း။

ကမ္ဘာ့နိုင်ငံအများစုတွင် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကြောင့် မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မြေငလျင်ဘေးစသည်များ ဖြစ်ပွားခံစားနေရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်းပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလက မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကိုခံစားခဲ့ရကြောင်း၊ သို့သော် ကြိုတင်ပြင်ဆင်မှုများ အားကောင်းခဲ့၍ လူသေဆုံးထိခိုက်မှုသည် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းနှင့်နှိုင်းယှဉ်ပါက အလွန်လျော့နည်းခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုနှင့် အမျိုးသားအဆင့်နှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဆင့် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ၏ ဟန်ချက်ညီညီ လုပ်ဆောင်မှုများကြောင့် မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးကိုလည်း အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် စံချိန်တင်မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှုများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် နှစ်ပေါင်း (၈၀)ကျော်၊ (၁၀၀) အတွင်း မကြုံစဖူး ခံစားခဲ့ရကြောင်း၊ မိုးသည်းထန်မှုကြောင့် လျှပ်တစ်ပြက်ရေကြီးပြီး တောင်ကျရေများ အရှိန်အဟုန်ပြင်းစွာစီးဆင်းကာ တောင်ကျရေနှင့်အတူပါလာသည့် သစ်ပင်သစ်တုံးများ၊ ကျောက်တုံး ကျောက်ခဲများ၊ နုန်းအနည်အနှစ်များကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ အိမ်ထောင်စု (၈) သောင်းကျော်၊ လူဦးရေ (၁) သန်းနီးပါး ရေဘေးအန္တရာယ်တွေ့ကြုံခံစားခဲ့ကြရပြီး သေဆုံး/ပျောက်ဆုံးသူ (၅၂၀) ဦးရှိခဲ့ကြောင်း၊ တိရိစ္ဆာန်ပေါင်း (၁) သိန်း (၈) သောင်းကျော်သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံစိုက်ဧက (၇) သိန်းကျော် ထိခိုက်ခဲ့ရသကဲ့သို့ လမ်းတံတား၊ စာသင်ကျောင်း၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး အစရှိသည့် ကဏ္ဍပေါင်းစုံတွင်လည်း ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း။

နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုပူးပေါင်းပြီး ရှာဖွေ၊ ကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ရကြောင်း၊ မိတ်ဆွေနိုင်ငံများ၏ ပြည်တွင်းပြည်ပ စေတနာရှင်များကလည်း ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်မှုများတွင် စေတနာ၊ သဒ္ဓါထက်သန်စွာ လှူဒါန်းမှုများနှင့်အတူ အထူးသဖြင့် စေတနာရှင်ပုဂ္ဂိုလ်တစ်ဦးခြင်း၊ အဖွဲ့အစည်းတစ်ခုခြင်းနှင့် အသင်းအဖွဲ့အလိုက် စုစည်းခြင်းတို့ဖြင့် အလှူငွေများကို လှူဒါန်းလျက်ရှိရာ ယနေ့အထိ နိုင်ငံတော်အဆင့် သုံးကြိမ်ဖြစ်ပြီး အလှူငွေရရှိမှုအနေဖြင့် ငွေကျပ် ၅၂ ဘီလီယံကျော် ထည့်ဝင်လှူဒါန်းကြရာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်း၊ သာမန်အချိန်များ၌ မြန်မာနိုင်ငံအတွင်း မှီတင်နေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် မိမိဒေသအလိုက် အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စီလုပ်ကိုင်နေထိုင်ကြသော်လည်း နိုင်ငံတော်အတွင်း အရေးကြုံလာပါက မေတ္တာစေတနာ ကိုယ်ချင်းစာတရားအပြည့်ဖြင့် ပေါင်းစည်းညီညွတ်အားကို ဖော်ပြနေခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုသည် ယခုအကြိမ်သာမကဘဲ နိုင်ငံတော်၏ အတိတ်သမိုင်းကြောင်းတစ်လျှောက် အရေးကြုံတိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်ကို မည်သူကမျှ ငြင်းပယ်နိုင်မည်မဟုတ်ကြောင်း၊ တစ်နည်းအားဖြင့် မြန်မာတို့၏ စိတ်ဓာတ်ပင်ဖြစ်ကြောင်း။

အသက်ဆုံးရှုံးရသူများအတွက် ဦးစားပေးအဖြစ် ကျန်ရစ်သူမိသားစုများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပုံမှန်ထောက်ပံ့ပေးနေမှုအပြင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေများကပါ ထပ်ဆောင်းလျက်ပျမ်းမျှ တစ်ဦးလျှင် ၁၀ သိန်း ထောက်ပံ့ခဲ့ပြီးဖြစ်သကဲ့သို့ အိုးအိမ်ပျက်စီးမှုများအတွက်လဲ ပျက်စီးမှုပမာဏအပေါ်မူတည်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့နိုင်ရေးစီစဉ်ပြီးဖြစ်၍ လက်ဝယ်အရောက် ပေးအပ်တော့မည်ဖြစ်ကြောင်း။

အလားတူ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက်လည်း သင့်လျော်သည့်ထောက်ပံ့မှုနှင့် အတိုးမဲ့ချေးငွေများ၊ သက်သာသောအတိုးနှုန်းနှင့်ချေးငွေများ စီမံဆောင်ရွက်ပေးခြင်းတို့ကိုလည်း လျာထားစီမံခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ခွဲဝေပေးခြင်းများ တစ်ပြိုင်နက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်း၊ တံတားများကိုလည်း လမ်းပန်းဆက်သွယ်မှု အမြန်ဆုံးရရှိအောင် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ချက်ချမှတ်ပြီး နေ့မအား၊ ညမနား ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပွားခံစားရပြီဆိုပါက မည်မျှဖွံ့ဖြိုးတိုးတက်ပါစေ၊ ကြွယ်ဝချမ်းသာသောနိုင်ငံဖြစ်စေ၊ ထိခိုက်ဆုံးရှုံးမှုကို အနည်းနှင့် အများခံစားကြရကြောင်း။

သဘာဝဘေးအန္တရာယ်၏ သဘောသဘာဝအရ လုံးဝမဖြစ်အောင် ကာကွယ်တားဆီး၍ မရနိုင်ခြင်းကြောင့် ဖြစ်ပွားလာသည့်အခါတွင် ထိခိုက်ဆုံးရှုံးမှုလျော့နည်းအောင် စီမံဆောင်ရွက်ကြရကြောင်း၊ ထိုသို့စီမံဆောင်ရွက်သည့်နေရာတွင်လည်း ကဏ္ဍတိုင်းတွင် ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်ဆုံးရှုံးမှုများကိုမျှော်တွေးပြီး ကြိုတင်စီမံကာကွယ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မိမိတို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်း နိုင်ငံတကာ Disaster နှင့်ပတ်သက်ပြီး များစွာအတွေ့အကြုံရှိခဲ့သည့် ပြည်တွင်းပညာရှင်ကြီးများဦးစီးပြီး ဘေးအန္တရာယ်ပြမြေပုံ (Hazard Map) နှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ (Risk Map) ရေးဆွဲပြုစုရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၅ ခုနှစ် ကလေးမြို့ မြစ်သာမြစ်ရေလွှမ်းမိုးမှုမှတစ်ဆင့် post flood and land slide needs Assessment ပါအကြုံပြုချက်များကိုလည်း ပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ လျှော့ချလျော့ပါးရေးအတွက် ဆောင်ရွက်ရာတွင် အချို့ကဏ္ဍများတွင် ငွေကြေးအရင်းအနှီး၊ လူသားအရင်းအမြစ်များစွာလိုအပ်ပြီး အချို့ကဏ္ဍများတွင် မိမိတို့တွင်ရှိနေသည့် အရင်းအမြစ်များကို ကောင်းစွာအသုံးပြု ဆောင်ရွက်ပါကရနိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ အရေးပါပြီး တန်ဖိုးဖြတ်၍မရသည့် အရင်းအမြစ်တစ်ခုမှာ မိမိတို့နိုင်ငံတွင် အားကောင်းစွာရှိပြီးဖြစ်သည့် လူငယ်များပင်ဖြစ်ကြောင်း။

ကမ္ဘာပေါ်တွင်လူငယ်လူရွယ်ဦးရေ ၁ ဒသမ ၂ ဘီလီယံရှိပြီး ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ လူငယ်လူရွယ်ဦးရေသည် ၁၆ ဒသမ ၈ သန်းကျော်ရှိပြီး မြန်မာနိုင်ငံလူဦးရေ၏ ၃၃ ရာခိုင်နှုန်းရှိကြောင်း၊ UNICEF ၏ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးတွင်ရှိသည့် ကလေးငယ် (၁) ဘီလီယံသည် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးနှင့် နှီးနွှယ်သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ အလွန်မြင့်မားနေပြီး ကလေးငယ်ဦးရေ (၂၇) သန်းခန့်သည် ရေကြီး၊ ရေလျှံမှုနှင့် ဆက်စပ်သည့် ဘေးအန္တရာယ်ကို ခံစားခဲ့ရသည်ဟု တွေ့ရှိရကြောင်း။

ကလေးငယ်များကို သဘာဝဘေးဖြစ်စဉ်များ၏ ဆိုးကျိုးသက်ရောက်မှုက လျော့နည်းစေရန် နိုင်ငံတွင်းအဆင့်နှင့် ဒေသဆိုင်ရာအဆင့် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ကမ္ဘာ့မူဘောင်ဖြစ်သည့် ဆန်ဒိုင်းမူဘောင် ၂၀၁၅-၂၀၃၀ နှင့်အညီ ရေးဆွဲဆောင်ရွက်ကြရန်နှင့် လူငယ်လူရွယ်များ အားလုံးပါဝင်သည့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အလေ့အထ ယဉ်ကျေးမှုဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

လူငယ်လူရွယ်နှင့် ကလေးငယ်များ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ပညာရေးနည်းလမ်းကတစ်ဆင့် ဆောင်ရွက်ရာတွင် လုံခြုံစိတ်ချရပြီး အားလုံးလွှမ်းခြုံပါဝင်သည့် သင်ကြားသင်ယူမှု ဝန်းကျင်ဖြစ်စေရန်၊ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ကျောင်းများအဖြစ်တည်ဆောက်ပြုပြင်ရန်၊ ကျောင်းသင်ခန်းစာများတွင် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာသင်ခန်းစာများ ပိုမိုထည့်သွင်းသင်ကြားနိုင်ရန်လိုကြောင်း။

မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများတွင် ငယ်စဉ်ကတည်းက ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင်ဗဟုသုတများ ပြည့်ဝနေစေရေး အစဉ်တစိုက် ဆောင်ရွက်ပေးရန်၊ ဘေးအန္တရာယ်ကြောင့် ပညာသင်ကြားရေး မထိခိုက်စေရန်အတွက် ဘေးအန္တရာယ်မှ ကြံကြံခံနိုင်သော စာသင်ကျောင်းအဆောက်အဦများစွာ ပေါ်ထွန်းလာစေရေးလည်း လိုအပ်ကြောင်း။

စာသင်ကျောင်းများတွင် သဘာဝဘေးဖြစ်လာပါက ဘေးကင်းစေရေး အစီအမံများနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်ခန်းများတိုးတက် ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ပညာပေးနိုင်သည့် ကာတွန်း၊ ဇာတ်လမ်း၊ တေးဂီတ၊ ရုပ်ရှင်၊ ပြပွဲ၊ ပြိုင်ပွဲနှင့် လက်တွေ့လေ့ကျင့်နိုင်သည့်အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရန်လိုကြောင်းနှင့် ယခုနှစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ် United Nations Office for Disaster Risk Reduction (UNDRR) အကြီးအကဲ Mr. Karmal Kishore မှလည်း ကျောင်းနေအရွယ်ကလေးများမှ အဆင့်မြင့်ပညာရေး ကျောင်းသား၊ ကျောင်းသူများအထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သင်ခန်းစာများ လေ့ကျင့်သင်ကြားပေးနိုင်ရေးကိုလည်း တိုက်တွန်းထားပါကြောင်း။

သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများ၏ အခြေခံအုတ်မြစ်သည် ကြိုတင်ပြင်ဆင်ခြင်း၊ လျော့ပါးစေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အားကောင်းစေရေးပင်ဖြစ်ကြောင်း၊ သဘာဝဘေးကို လျှော့ချနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်ကြရာတွင် အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့် ပြည်သူလူထု၏ စွမ်းပကားသည် အလွန်အရေးပါကြောင်းကို အားလုံးကသိရှိပြီး ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်တတ်ပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မှန်ကန်သည့် အသိပညာဗဟုသုတများ အတွေ့အကြုံ အလေ့အကျင့်ကောင်းများရှိကြစေရန်၊ သဘာဝဘေးအန္တရာယ်သည် နေရာအချိန်မရွေး ဖြစ်ပွားတတ်ခြင်းကြောင့် ဘေးအန္တရာယ်နှင့် တွေ့ကြုံရင်ဆိုင်ကြရသည့်အခါ လိုက်နာရမည့် လုပ်ငန်းစဉ်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို သိရှိပြီး အတိအကျ လိုက်နာဆောင်ရွက်ကြရန်အတွက် ကြိုတင်ကာကွယ်မှုနှင့် အသိပညာပေးလုပ်ငန်းများ ထိထိရောက်ရောက်လုပ်ကြရန်အရေးကြီးကြောင်း။

သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေကို ထိရောက်စွာလျှော့ချနိုင်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ငြိမ်းချမ်းသာယာပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ပိုမိုကောင်းမွန်သည့် အနာဂတ်ကို တည်ဆောက်နိုင်ရန် မျိုးဆက်သစ်များ၏စွမ်းအားကို မြှင့်တင်ပေးပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် UNDRR ၏ အကြီးအကဲ Mr.Karmal Kishore ထံမှ ပေးပို့သည့် သဝဏ်လွှာသတင်းစကားရုပ်သံနှင့် သဘာဝဘေးလျော့ပါးရေးလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို ပြသသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက “သဘာဝဘေးဒဏ်ကြံ့ကြံ့ခံ မျိုးဆက်သစ်တို့အားမာန်” တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အလွတ်တန်းအဆင့် ဆောင်ပါးပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာစိုးဝင်းတို့က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့်ပန်းချီပြိုင်ပွဲနှင့် အခြေခံပညာအဆင့်စီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper - 3502 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download