နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၆) မှ ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား


Ministry of Information/ Naypyitaw / October 25, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၆) ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ငုရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့သည်မှ ယခုအခါ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၂၈၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များနှင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်နေပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့်၊ ဗလငါးတန်နှင့် ပြည့်စုံသည့်၊ အရည်အချင်းပြည့်ဝသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ၏ သင်ကြားပြသမှု၊ သွန်သင်ဆုံးမမှု ကောင်းမွန်ခြင်းအပေါ်တွင် မူတည်နေကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်အောင် တည့်မတ်ပေးရေးသည် ဆရာ၊ ဆရာမများ၏ တာဝန်ပင်ဖြစ်ကြောင်း၊ ထို့ပြင် တာဝန်ကျရာဒေသအသီးသီးက စာသင်ကျောင်းများတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများကို အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းနှုန်း မြင့်မားစေရေးသာမက ဉာဏ်ပညာနှင့် တည်ဆောက်ထားသည့် လူ့ဘောင်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေး အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

စာသင်ကျောင်းဆိုသည်မှာ စာပေသင်ကြားပေးသည့်နေရာသက်သက်သာမဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများ ပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးနေသည့် နေရာမျိုးဖြစ်ရန်လည်း လိုအပ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း မိမိတို့၏တပည့်ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစည်းကမ်းလိုက်နာခြင်းက အစပြုပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာကြစေရန် ကိုယ်တိုင်လေ့လာတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် လေ့ကျင့်ပေးသွားကြရန် လိုအပ်ကြောင်း။

လူသားတွေများ၏ဘဝသည် အသိပညာ၊ အတတ်ပညာ ပြည့်စုံမှု ရှိ၊ မရှိအပေါ်တွင် မူတည်ပြီး ကွာခြားမှုများ၊ ပြောင်းလဲမှုများ ရှိနေခြင်းပင်ဖြစ်ကြောင်း၊ ငယ်စဉ်ကတည်းက ပညာကို တစိုက်မတ်မတ်ဖြင့် ဆုံးခန်းတိုင်အောင် သင်ယူနိုင်ကြပါက ဘဝအတွက် ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ ပညာတစ်စိတ်တစ်ပိုင်းဖြင့် ကျောင်းထွက်ကြရပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာကိုဆုံးခန်းတိုင် မသင်နိုင်ကြပါက ပညာပြည့်ဝသင့်သလောက် မပြည့်ဝနိုင်ဘဲ ဘဝတွင် လိုအပ်ချက်များ ရှိနေကြမည်ပင်ဖြစ်ကြောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အဆင့်မြင့်အစရှိသည့် ပညာကို သင်ယူပါက သင်ယူနိုင်သလောက် ဘဝတွင်လိုအပ်ချက်များ ပြည့်စုံနိုင်သည်ကို မိမိကိုယ်တွေ့နှင့် နှိုင်းယှဉ်ပြီး မိမိတို့တပည့်များကို ပညာကို သင်ယူနိုင်သလောက် သင်ယူကြရန်၊ အတတ်ပညာရှင်၊ အသိပညာရှင်၊ ကျွမ်းကျင်သူ၊ ပါရဂူများဖြစ်သည်အထိ ကြိုးစားသွားကြရန်၊ တိုက်တွန်းလေ့ကျင့်ပေးကြရန် မှာကြားလိုကြောင်း။

လူသားတစ်ယောက်အတွက် အတတ်ပညာပြည့်ဝရေးသည် အခြေခံလိုအပ်ချက်ဖြစ်သကဲ့သို့ အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်အယူအဆ ပြည့်စုံမှန်ကန်ရေးသည်လည်း မရှိမဖြစ်လိုအပ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းသည် ပညာရေးနှင့်ဆက်စပ်နေခြင်းဖြစ်သဖြင့် မောင်တို့၊ မယ်တို့ ရောက်ရာဒေသ၊ တာဝန်ကျတဲ့နေရာများတွင် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။

မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်ရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း၊ ပြည်သူတစ်ယောက်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အမျိုးသားရေးတာဝန်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသည့် တပ်မတော်ကို ပြည်သူ့အားဖြင့် ပူးပေါင်းကူညီကြရမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတာဝန်များကို ပြည်သူနှင့်တပ်မတော် အတူတကွ ဦးထမ်းပဲ့ထမ်း တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။

တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည်ကို မိမိတို့တတွေ ဖြတ်သန်းခဲ့သည့်သမိုင်းက ပြဆိုခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းအားဖြင့်သာ အဓိကထားတည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မြေပေါ်၊ မြေအောက်နှင့် ရေသယံဇာတကြွယ်ဝပြီး လူသားအရင်းအမြစ်များရှိနေသည့် မိမိတို့နိုင်ငံတွင် တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားကြပါက မိမိတို့နိုင်ငံသည် ဒေသတွင်းမှာသာမက ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်ရှိမည်မှာ မလွဲဧကန်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော် မှီတင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံတွင် ပြည်ထောင်စု စိတ်ဓာတ်ထားရှိကြရန် အလွန်အရေးကြီးကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မိမိတို့တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးသည် “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တို့အားလုံးသည် သွေးချင်းညီအစ်ကိုများဖြစ်ပြီး အရေးကြီးရင် သွေးနီးကြရမည်” ဆိုသည့်စိတ်၊ “တောင်ပေါ်မြေပြန့်မခွဲခြား၊ တို့အားလုံးသည် သားချင်းများဖြစ်ကြပြီး နိုင်ငံတော်ကို ပူးပေါင်းကာကွယ်စောင့်ရှောက်ကြရမည်” ဆိုသည့်စိတ်၊ “မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက် အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့် မိသားစုများ” ဆိုသည့် စိတ်ဓာတ်များပင်ဖြစ်ကြောင်း။

ထို့ကြောင့် မောင်တို့၊ မယ်တို့အနေဖြင့် မိမိတို့ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများ တည်ဆောက်ကြရာတွင် အတွေးအခေါ်အယူအဆ မှန်ကန်စွာဖြင့် စည်းစည်းလုံးလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အထူးသဖြင့် မိမိတို့စာပေပညာ သင်ကြားပေးရမည့် တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုစိတ်ဓာတ် ကိန်းအောင်းပြီး နိုင်ငံ၏ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်လိုသော မွန်မြတ်သည့် စိတ်စေတနာကောင်းများ ထာဝရရှင်သန်ဖြစ်ထွန်းနေအောင် လေ့ကျင့်ပေးကြရန် အဓိကထားမှာကြားလိုကြောင်း။

မိမိတို့နိုင်ငံတွင် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် အလွန်အရေးကြီကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်ထားပြီး ရွေးကောက်ပွဲအတွက် လိုအပ်သည်များကို စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်အခြေခံကောင်းများ ရရှိလာအောင် စည်းရုံးဦးဆောင်ပေးကြရန်၊ မိမိတို့ တာဝန်ထမ်းဆောင်ကြရမည့် စာသင်ကျောင်းအသီးသီးတွင်ရှိသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များကို ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံတော်က အားကိုးအားထားပြုနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသည့် ပညာတတ်လူကောင်း၊ လူတော်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေး၊ စာမတတ်သူ ပပျောက်ရေးနှင့် စာတတ်သူတိုင်း စာဖတ်ကြရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၆) ကျောင်းသား၊ ကျောင်းသူများကိုယ်စား မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်မှ ချင်းတိုင်းရင်းသူ မမြတ်သင်ဇာကျော်က ဂါရဝပြုကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ မိမိတို့အား အချိန်ပေးတွေ့ဆုံပြီး သိသင့်သိထိုက်သည့်များကို လမ်းညွှန်ဩဝါဒပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ လမ်းညွှန်မှုများကို မိမိတို့အတွက် အရေးပါသည့် လုပ်ငန်းလမ်းညွှန်ချက်များအဖြစ်ခံယူပြီး အလေးအနက်ထား လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လမ်းညွှန်မှုများတွင် ပါဝင်သည့် နိုင်ငံသားများအားလုံး အသိပညာ၊ အတတ်ပညာနှင့် လူမှုဘဝတိုးတက်စေရေး၊ နိုင်ငံတော်၏ နိုင်ငံရေးလုပ်ငန်းစဉ်များ၊ အမျိုးသားရေးရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရေး၊ အနာဂတ်တွင် အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေးတို့တွင် မိမိတို့အနေဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အလေးအနက်ထား ကတိပြုတင်ပြအပ်ပါကြောင်း၊ သင်တန်းဆင်းပြီးနောက် ပညာရေးဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရချိန်တွင်လည်း နိုင်ငံတော်က ပြုစုပျိုးထောင်ပေးထားသည့် သားကောင်း၊ သမီးမွန်များ ပီသစွာ နိုင်ငံ့သားကောင်းစိတ်ဓာတ်ဖြင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွား မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကျောင်းသား၊ ကျောင်းသူ ၂ ဦးက အမှတ်တရလက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ ကျောင်းသား၊ ကျောင်းသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံမေးမြန်းနှုတ်ဆက်အားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 2965 items

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download