နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်


Ministry of Information/ Naypyitaw / February 10, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၉

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ စာပေနှင့် သတင်းနယ်ပယ်များမှ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားကျင်းပမည့် ကျောက်စိမ်းခန်းမအဝင် လျှောက်လမ်း၌ ပြသထားသည့် ၁၉၅၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ကြသူများနှင့် ရုပ်ရှင်ဇာတ်ကားများ၊ ထူးချွန်ဆုရအနုပညာရှင်များ၊ အတတ်ပညာရှင်များ၏ မှတ်တမ်းဓာတ်ပုံများ ပြသထားရှိမှုကို ကြည့်ရှုကြသည်။

အခမ်းအနားကို ဖွင့်လှစ်ပေး

ယင်းနောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒစ်ဂျစ်တယ်စက်ခလုတ်ခုံပေါ်တွင် အကယ်ဒမီကြယ်စင်ရုပ်ကို စိုက်ထူ၍ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “တိုးတက်အောင်မြင်မြန်မာ့ရုပ်ရှင် တေးသီချင်းကို သရုပ်ဖော်ဖျော်ဖြေတင်ဆက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ဂုဏ်ပြုစီစဉ်တင်ဆက်သည့် “ကြည်လင်သန့်စင် စီးမျောသက်ဝင် မြန်မာ့ရုပ်ရှင် မှတ်တမ်း Video Clip ကို ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၁၉၅၂ ခုနှစ်မှ စတင်ချီးမြှင့်လာခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားများသည် ယနေ့ဆိုပါက (၆၆) ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်၊ ပြည်သူနှင့် အနုပညာရှင်များ၏ စုစည်းမှု၊ အေးချမ်းပျော်ရွှင်မှုများကို (၆၆) ကြိမ်မြောက် ဝေမျှဖော်ကျူးပေးနိုင်သည့် မင်္ဂလာအခမ်းအနားပင်ဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင်ခေတ်ဦးကိုပြန်ကြည့်ပါက ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်ပြီး အောင်မြင်တိုးတက်ခဲ့သည့် ဂုဏ်ယူဖွယ်သမိုင်းအထောက်အထားများနှင့် ဖြတ်သန်းလာခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ၁၉၂၀ ပြည့်နှစ် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းသည် ယခုဆိုပါက နှစ်ပေါင်း (၁၀၅) နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း။

နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်ကျေခဲ့

ထိုကဲ့သို့ နှစ်(၁၀၀)ကျော်ကာလ သမိုင်းမှတ်တမ်းများနှင့် လှုပ်ရှားသက်ဝင်နေသည့် မြန်မာ့ရုပ်ရှင်သည် ခေတ်စနစ်အမျိုးမျိုးကြား၌ ပြည်သူများကို အပန်းဖြေပျော်ရွှင်စေပြီး ရသမျိုးစုံကို မျှဝေပေးနိုင်ခဲ့ရုံသာမက နိုင်ငံတော်၏အရေးပါသည့် အခန်းကဏ္ဍများ၊ နိုင်ငံ၏ ပကတိအခြေအနေများကို အနုပညာဖြင့် ထင်ဟပ်ဖော်ပြအကျိုးပြုနိုင်ခဲ့သည့်အတွက် နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်ကျေခဲ့သည်ဟု ပြောရမည်ဖြစ်ကြောင်း။

အနုပညာစွမ်းအားဖြင့် ဆက်လက်ကြိုးပမ်း

ရုပ်ရှင်အပါအဝင် အနုပညာရှင်များသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် တိုင်းရင်းသား ပြည်သူများ၏ စိတ်ဓာတ်ကို တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်ရေး၊ ဝံသာနုရက္ခိတတရား ထွန်းကားရေး၊ ဇာတိသွေးဇာတိမာန်တက်ကြွရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် မိမိတို့တတ်စွမ်းထားသည့် အနုပညာနှင့် စည်းရုံးလှုံ့ဆော်ပေးခဲ့ကြကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ကာလတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အနုပညာစွမ်းအားဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း။

ယင်းတို့သည် နိုင်ငံအတွက် အကျိုးပြုခဲ့သည့် သမိုင်းအစဉ်အလာကောင်း မှတ်တမ်းမော်ကွန်းများပင်ဖြစ်ကြောင်း၊ ယနေ့အခြေအနေတွင် ထိုကဲ့သို့အကျိုးပြုခဲ့သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေမည့် အကြောင်းတရားများအနက် ယဉ်ကျေးမှုကဏ္ဍသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀)ကျော် မှီတင်းနေထိုင်ကြပြီး မတူကွဲပြားသည့် ယဉ်ကျေးမှုအမွေအနှစ်စုံစုံ လင်လင်ရှင်သန်တည်ရှိနေကြကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဟူသည့် နယ်ပယ်နှစ်ခုနှင့် ခွဲခြားသိမြင်ထားကြကြောင်း၊ ခြုံ၍အဓိပ္ပာယ်ဖွင့်ရမည်ဆိုပါက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဟူသည်မှာ လူမျိုးတစ်မျိုး၏ ပြောဆိုသည့်ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးစံများ၊ လက်မှုအနုပညာနှင့် အနုသုခုမပညာများကို ပေါင်းခြုံထားသည့် ယဉ်ကျေးမှုပင်ဖြစ်ပြီး ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်သည် လူမျိုးတစ်မျိုး၏ ပြုလုပ်သုံးစွဲခဲ့သည့် ကိုင်တွယ်ထိတွေ့၍ရသည့် ပစ္စည်းအားလုံးဟု မှတ်ယူရမည်ဖြစ်ကြောင်း။

စဉ်ဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်ရမည်

(၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မိမိတို့နိုင်ငံ၏ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း၊ ဆက်လက်၍လည်း မြန်မာ့သနပ်ခါးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက် ယူနက်စကိုကိုတင်ပြရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့၏ တန်ဖိုးရှိသည့် ရှိပြီးသားအမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို လူသားအားလုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် သမိုင်းမှတ်တမ်းထားရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ အောင်မြင်မှုရရှိစေရေးအတွက်လည်း မြန်မာနိုင်ငံသူ/ နိုင်ငံသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ပေးကြရန် အလေးအနက်တိုက်တွန်း ပြောကြားလိုကြောင်း။

မီဒီယာ Soft Power တစ်ခုဖြစ်

တစ်ဆက်တည်းပြောကြားလိုသည်မှာ အနုပညာတစ်ရပ်က ဆင့်ပွားပေးလိုက်သည့် အကြောင်းတရားများသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးကို ပြသရာရောက်သည့်အတွက် ရုပ်ရှင်အနုပညာသည် အင်မတန်အရေးပါ အရာရောက်ကြောင်း၊ အနုပညာ၊ အတတ်ပညာနှင့် နည်းပညာများပေါင်းစပ်ပါဝင်နေသည့် ရုပ်ရှင်သည် ပြည်သူလူထု၏ ရင်ထဲနှလုံးသားထဲကို ညင်ညင်သာသာနှင့် ထိထိရောက်ရောက် ဩဇာလွှမ်းမိုးနိုင်သည့် သက်ရောက်မှုကြီးမားသည့် မီဒီယာ Soft Power တစ်ခုဖြစ်ကြောင်း။

အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်

ထို့ကြောင့် ရုပ်ရှင်အနုပညာနှင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ရုပ်ရှင်ထုတ်လုပ်သူများ၊ အတတ်ပညာရှင်များ၊ သရုပ်ဆောင်များအားလုံး၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါသည်ဟု ပြောကြားလိုကြောင်း၊ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခု ဖြစ်ပေါ်လာရေးသည် တစ်ဦးတစ်ယောက်တည်း၏ လုပ်ဆောင်မှုဖြင့်မရကြောင်း၊ ဇာတ်ပို့၊ ဇာတ်ဆောင်၊ သရုပ်ဆောင်အမျိုးမျိုး၊ ဝတ္ထု၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ အသံ၊ ဓာတ်ပုံ၊ တေးဂီတ၊ မီးအလင်းအမှောင်၊ အထူးပြုလုပ်သူ၊ မိတ်ကပ်ကအစ နောက်ဆုံးဒါရိုက်တာ၏ အဓိကဦးဆောင်မှုဖြင့် စုပေါင်းညီညာမှသာ ဖြစ်လာခြင်းဖြစ်ပြီး စုပေါင်းအားကို ပေါ်လွင်နေကြောင်း၊ တစ်ဦးချင်းမည်မျှကောင်းသည်ဖြစ်စေ စုပေါင်းအားမပါပါက ဇာတ်ကားကောင်းတစ်ခဖြစ်မလာနိုင်ကြောင်း၊ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုသည် ကြည့်ရှုသူကို ရင်ထဲစွဲကျန်စေသည်၊ ရိုက်ခတ်စေသည်၊ တသသဖြစ်စေသည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မိမိတို့ခေတ်ကာလတွင် ပြသခဲ့သည့် ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ မှုံရွှေရည်၊ သင်္ကြန်မိုးတို့ကဲ့သို့ ဇာတ်ကားမျိုးသည် မည်သည့်အချိန်ပြန်ကြည့်ရသည်ဖြစ်စေ မရိုးနိုင်အောင် စွဲမြဲနေသည့် ဇာတ်ကားမျိုး၊ အတုယူဖွယ်ရာ ဇာတ်ကားမျိုး၊ တသသဖြစ်နေရသည့် ဇာတ်ကားမျိုးများဖြစ်ကြောင်း၊ အခြားဇာတ်ကားကောင်းများစွာလည်းရှိကြကြောင်း၊ ထိုကဲ့သို့ ပြည်သူ့ရင်ထဲစွဲမြဲပြီး အကျိုးပြုစေမည့် ဇာတ်ကားမျိုးဖန်တီးပေးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံနှင့် လူမျိုးကို နိုင်ငံတကာက ပိုမိုသိရှိလာအောင်၊ ရင်းနှီးခင်မင်လာအောင်၊ အနုပညာနည်းလမ်းနှင့် ဖြန့်ဝေပေးနိုင်အောင်၊ နိုင်ငံတော်တည်ဆောက်ရေးတွင်လည်း ပြည်သူလူထု၏ အတွေးအခေါ်၊ အယူအဆများ မှန်ကန်လာစေရေးနှင့် နိုင်ငံအကျိုးအတွက် ပြည်သူတစ်ရပ်လုံးပါဝင်လာအောင် နှိုးဆော်တိုက်တွန်းရာတွင် ထိရောက်သည့် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း။

ကြိုးပမ်းတည်ဆောက်ပေးလျက်ရှိ

အားလုံးသိကြသည့်အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးကိုရှေးရှုပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းတည်ဆောက်ပေးလျက်ရှိကြောင်း။

ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံးအမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်ဖြစ်သည်ကို နိုင်ငံသားအားလုံးက နားလည်လက်ခံကြရန် အထူးပင်လိုအပ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေးသုံးပါးကို အရင်းမူလထားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံသားအားလုံးက မြန်မာစိတ်မွေးပြီး “ငါတို့အားလုံးက မြန်မာ (We are Myanmar)” ဟူသည့် စိတ်၊ တစ်သွေးတစ်သားတည်းဟူသည့် စည်းလုံးညီညွတ်သည့် အမျိုးသားရေးစိတ်ဓာတ်များဖြင့် နိုင်ငံတော်ကြီးအေးချမ်းသာယာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲအကောင်အထည်ဖော်ပေးကြရန် လိုအပ်ကြောင်း။

ယင်းနေရာတွင် သတိပြုရမည့်အချက်အနေဖြင့် ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုပျက်ပြားစေပြီး လူငယ်လူရွယ်များကို အတွေးအခေါ်အယူအဆမှားယွင်းအောင်၊ စိတ်ဓာတ်များ ဆုတ်ယုတ်ပျက်ပြားလာအောင် လူမှုကွန်ရက်များနှင့် ကျင့်ဝတ်မဲ့မီဒီယာများကတစ်ဆင့် လုပ်ဆောင်နေမှုများပင်ဖြစ်ကြောင်း၊ ယင်းတို့သည် နိုင်ငံအကျိုးပျက်စီးစေမည့် ကြံဆောင်မှုများဖြစ်သဖြင့် လျော့နည်းပပျောက်အောင် ကာကွယ်စောင့်ရှောက်ကြရန်လိုအပ်ကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုသည့်အတိုင်း ရုပ်ရှင်အနုပညာရှင်များကလည်း နိုင်ငံနှင့်လူမျိုး ကောင်းရာကောင်းကျိုးဖော်ဆောင်နိုင်မည့် နိုင်ငံ့အကျိုးပြု အနုပညာဖန်တီးမှုများကို ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်အတွက် အရေးကြီးသောကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သည့် MSME ကဏ္ဍတိုးတက်အောင် တိုက်တွန်းအားပေးအကောင်အထည်ဖော်လျက်ရှိကြောင်း၊ တိုင်းပြည်သာယာဝပြောစေရေး မြေကြီးကရွှေသီးအောင်လုပ်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့အလုပ်လုပ်မှ မြေကြီးက ရွှေသီးမည်ဖြစ်ကြောင်း၊ လတ်တလော၌ပင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို နေပြည်တော်၊ တပေါင်းကွင်းတွင် ယခုလ ၁၀ ရက်မှ ၁၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရည်မှန်းချက်များအောင်မြင်စေရေး အနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍက ပိုမိုထိရောက်စေနိုင်သည်ဖြစ်သဖြင့် အနုပညာနယ်ပယ်အသီးသီးက တစ်ဖက်တစ်လမ်းက ပေါင်းစပ်ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ထူးချွန်သည့် အနုပညာရှင်လူငယ်များ ပေါ်ထွန်းလာခြင်းကိုလည်း ကြိုဆိုကြောင်း၊ လူငယ်များသည် အနာဂတ်အတွက် ဖြစ်ကြောင်း။

မိမိအနေဖြင့် နှစ်စဉ်တိုက်တွန်းပြောကြားခဲ့သည့် စကားတစ်ခွန်းကို ယခုနှစ်တွင်လည်း ပြန်လည်တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်စသည့် နယ်ပယ်ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကူညီပံ့ပိုးမှုများကို တတ်နိုင်သမျှပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း အားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ယခုနှစ်အတွက် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာလုပ်ငန်းများကို ဆက်လက်အောင်မြင်တိုးတက်စေရေးအတွက် အင်အားများ ပိုမိုရရှိစေပြီး မိမိတို့၏အနုပညာအလုပ်များကို ပိုမိုအားထုတ်ကြိုးပမ်းသွားကြမည်ဟု ယုံကြည်မျှော်လင့်ကြောင်း။

အလားတူ ထူးချွန်ဆုမရရှိသေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့်နှစ်ကာလများတွင် မိမိတို့၏ အနုပညာစွမ်းပကားများကို မြှင့်တင်ပြီး ထူးချွန်ဆုများရရှိအောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဓလေ့စရိုက်များ မမှေးမှိန်၊ မပျောက်ပျက်စေရေး၊ တိုင်းတစ်ပါးယဉ်ကျေးမှုဓလေ့စရိုက် လွှမ်းမိုးလာမှုကို ကာကွယ်တားဆီးပေးကြရန်၊ မိမိတို့ယဉ်ကျေးမှုများကို အရိုးပေါ်အရွက်မဖုံးစေရန်နှင့် ပြောင်းလဲလာနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်လျောညီထွေစွာလိုက်ပါပြီး နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိတို့တတ်ကျွမ်းသည့် အနုပညာကိုအခြေတည်ပြီး အမျိုးသားရေးစိတ်ဓာတ်ဖြင့် အကျိုးရှိအောင် ဖော်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် ဦးကြည်စိုးထွန်းက ဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက် အခမ်းအနားမှူးက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီပေးကြသည့် ရွှေကြိုမောင်/မယ်များကို တစ်ဦးချင်းမိတ်ဆက်ပေးပြီး အနုပညာရှင်များက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသည့်အနေဖြင့် “သင်္ကြန်ပွဲဆင်တို့ရုပ်ရှင် အစီအစဉ်ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်တစ်သက်တာဆုရရှိကြသူများကို ဖွင့်ဖောက်ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များအပါအဝင် ရုပ်ရှင်လောကသားအားလုံးက လှိုက်လှဲဂုဏ်ယူစွာ ချီးမြှင့်သည့် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိကြသော မင်းသားကြီး ဦးကြည်စိုး၊ အကယ်ဒမီဒါရိုက်တာ မောင်နှင်းမိုး၊ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ၊ ထပ်ဆင့်အကယ်ဒမီ ခင်သန်းနုတို့ကို ဆုများပေးအပ်ချီးမြှင့်ကြပြီး မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိကြသည့် အနုပညာရှင်များက ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို “ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်ဇာတ်ကားဖြင့် ကောင်းဇံ၊ အကောင်းဆုံးရုပ်ရှင်တေးဂီတဆုကို “အိပ်မက်ကာရန် ဇာတ်ကားဖြင့် အကယ်ဒမီဓိရာမိုရ်၊ အကောင်းဆုံးရုပ်ရှင်အသံဆုကို “မီး ဇာတ်ကားဖြင့် အောင်မျိုးမြတ်နှင့်ရဲဝင်း၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို “နှောင် ဇာတ်ကားဖြင့် အာကာကျော်၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို “တိမ်ပန်းချီ ဇာတ်ကားဖြင့် အေးသီရိကို၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို “ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ဇာတ်ကားဖြင့် Taurus V production၊ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အထူးဆုအဖြစ် “နှောင် ဇာတ်ကားဖြင့် မိတ်ကပ်ပညာရှင် လုံလုံ (လင်္ကာဒီပ)တို့က ရရှိကြသည်။

ထူးချွန်ဆုရရှိကြသူများကို ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကားပြောကြားကြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုများ( Myanmar Academy Fashion Awards)ကို ပေးအပ်ချီးမြှင့်ရာ အကောင်းဆုံးအမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီများရှင် ရန်အောင်၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ စိုးမိုးကြည်၊ အကောင်းဆုံးအမျိုးသားဝတ်စားဆင်ယင်မှုဆုကို ထက်အောင်ရှိုင်း၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှုဆုကို နန်းစုရတီစိုးတို့ကရရှိကြပြီး အကယ်ဒမီများရှင် ဆွေဇင်ထိုက်က ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာအကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို “ အိပ်မက်ကာရန် ဇာတ်ကားဖြင့် အကယ်ဒမီ ဝင်းလွင်ထက်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “ဘိုးတော်ကင်း ဇာတ်ကားဖြင့် ခြူးလေး၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို “မီး ဇာတ်ကားဖြင့် အေးချမ်းမောင်၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို “တိမ်ပန်းချီ ဇာတ်ကားဖြင့် အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို “နှောင်ဇာတ်ကားဖြင့် အကယ်ဒမီ နေတိုးတို့က ရရှိကြသည်။

ထူးချွန်ဆုရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကားပြောကြားကြသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပစဉ်အတွင်း အနုပညာရှင်များက တေးသီချင်းများ၊ အကအလှများဖြင့် အလှည့်ကျဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့သည် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

၁၉၂၀ ပြည့်နှစ်မှစတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သည် အခုဆိုလျှင် နှစ်ပေါင်း (၁၀၅) နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားရေးကိုရှေးရှု၍ ၁၉၅၂ ခုနှစ်ကစတင်ပြီး မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့သည် မြန်မာ့ရုပ်ရှင်လောကသား ထူးချွန်ထက်မြက်သည့် အနုပညာရှင်၊ အတတ်ပညာရှင်များကို ရွေးချယ်ကာ ထူးချွန်ဆုချီးမြှင့်ခဲ့သည်မှာ ယနေ့ကျင်းပသည့် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးမြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲသည် (၇၃) နှစ်အတွင်းတွင် (၆၆) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3105 items

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download