ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား


Ministry of Information/ Naypyitaw / December 12, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ရေလှောင်တမံများ၏ ရေသိုလှောင်နိုင်မှု၊ ဆိုလာရေတင်စနစ်များ၊ လျှပ်စစ်ရေတင်စနစ်များဖြင့် ရေတင်သိုလှောင်ဆောင်ရွက်လျက်ရှိမှု၊ ဆိုလာစနစ်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ပေးထားရှိမှု၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိမှု၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ မဲရုံများ စနစ်တကျဖြစ်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး၏ အခွင့်အရေးများ မဆုံးရှုံးရစေရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံရေးပါတီများအလိုက် တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအကြိုလှုပ်ရှား မှုများ ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေး

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာစိုးဝင်းတို့က ပြန်လည်ရှင်းလင်းပြောကြားရာတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများသာမက အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများကလည်း ဝိုင်းဝန်းကူညီဆောင် ရွက်သွားရန် လိုအပ်မှု၊ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ကလေးငယ်များအား ကာကွယ်ဆေးထိုးလုပ်ငန်းများသည် အရေးကြီးလုပ်ငန်းများဖြစ်သည့်အတွက် နိုင်ငံတော်မှ အလေးထားဆောင်ရွက်ပေးလျက်ရှိမှု၊ သက်ကြီးကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများအတွက် ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ခြေလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့် တိုင်းပြည်ဖြစ်စေရေးဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။

မိမိတို့တိုင်းဒေသကြီး၏ အခြေခံအချက်အလက်များကို မှန်ကန်စွာသိရှိအောင်ဆောင်ရွက်ပြီး အကျိုးရှိရှိအသုံးချသွားရန်လို

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လာမည့် ၂၈ ရက်နေ့ တွင် မိမိတို့နိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လကုန်တွင် အစိုးရအဖွဲ့အပြောင်းအလဲများလည်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်မှုသည် နိုင်ငံတော်အတွက် အဖိုးတန်သည့်စာရင်းအင်း၊ ကိန်းဂဏန်းအချက်အလက်များပင်ဖြစ်ကြောင်း၊ ကောက်ခံရရှိသည့်အချက်အလက်များသည် နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသည့် လူဦးရေပြောင်းလဲလာမှုနှင့် မြို့ပြ၊ ကျေးလက်အလိုက် လူဦးရေအခြေအနေ၊ နိုင်ငံသူနိုင်ငံသားများ၏ ပညာရေးအဆင့်အတန်း၊ လုပ်သားအင်အားအခြေအနေနှင့် အလုပ်လုပ်ကိုင်မှု၊ ရွှေ့ပြောင်းသွားလာမှုနှင့် ၎င်းတို့၏ နေထိုင်မှုပုံစံ စသည်တို့နှင့် မိမိတို့မြန်မာနိုင်ငံ၏ အနာဂတ်ကို မီးမောင်းထိုးပြနေသည့် နေ့စဉ်လူနေမှုဘဝပုံစံများကို ထုတ်ဖော်ပြသခြင်းပင်ဖြစ်သဖြင့် မူဝါဒ၊ စီမံကိန်းများ ရေးဆွဲချမှတ်သူများ၊ အချက်အလက်အသုံးပြုသူများအားလုံးအနေဖြင့် အကျိုးရှိရှိအသုံးချသွားကြရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကိုအလေးထား၍ မိမိတို့တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသွားကြရန်လိုကြောင်း။

ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် အနာဂတ် တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်

ကောက်ယူရရှိသည့် ကိန်းဂဏန်းအချက်အလက်များအရ မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းမှုများရှိနေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပြီး မိမိတို့အစိုးရအနေဖြင့် ပညာရေးကဏ္ဍမြှင့်တင်ခြင်း လုပ်ငန်းများကို အလေးထားအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးတွင် ကျောင်းနေရာခိုင်နှုန်းမြင့်မားရေးနှင့် တန်းစဉ်ကူးပြောင်းမှုမြင့်မားရေးကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် တန်းစဉ်ကူးပြောင်းမှုများ အားနည်းမှုများဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့်လည်း တန်းစဉ်ကူးပြောင်းမှုများ ယခုထက်ပိုမိုမြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပညာရေးကဏ္ဍအားနည်းပါက ကျန်ရှိသည့်ကဏ္ဍများတွင်လည်း အားနည်းလာမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ခေတ်မီနိုင်ငံတော်ကို တည်ဆောက်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများစွာကို မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ ထို့ပြင် စည်းကမ်းစနစ်ကျနသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကိုလည်း ပုံဖော်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်း အစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း အနာဂတ်၏ကလေးငယ်များသည် ပညာသင်ကြားချိန်တွင် ဆရာ ဆရာမများ၏ သွန်သင်ဆုံးမမှုများကို ခံယူခဲ့ကြရမည်ဖြစ်ကြောင်း၊ ကျောင်းလုံးဝမနေခဲ့ရသူများထက် ကျောင်းတက်ရောက်ခဲ့သည့် ကလေးငယ်များသည် စည်းကမ်းပိုမိုကောင်းမွန်သည်ကို တွေ့မြင်ရမည်ဖြစ်ပြီး တက်ရောက်ခဲ့ရသည့် အတန်းအလိုက် စိတ်ဓာတ်နှင့်စည်းကမ်းများ လိုက်နာမှုကွာဟသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိဘဝကို တိုးတက်စေနိုင်မည့်အပြုအမူ၊ အနေအထိုင်အလေ့အကျင့်ကောင်းများကိုလည်း ရရှိစေနိုင်မည်ဖြစ်ပြီး မိမိနှင့်မိမိပတ်ဝန်းကျင်အတွက်အကျိုးမဖြစ်စေသည့် ဆေးလိပ်၊ အရက်၊ ကွမ်းတို့ သုံးစွဲခြင်းများကို ရှောင်ကြဉ်ရန် အသိတရားများကိုလည်း ရရှိသွားစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား ကျောင်းသူများအား စနစ်တကျသင်ကြားပေးမည်ဆိုပါက စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် အဖိုးတန်မျိုးဆက်သစ် လူငယ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများသည် အနာဂတ်တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း၊ မကြာမီရောက်ရှိတော့မည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း အခြေခံပညာအဆင့် အတန်းတင်စာမေးပွဲများဖြေဆိုတော့မည်ဖြစ်ပြီး ရာနှုန်းပြည့်ဖြေဆိုနိုင်ရေးနှင့် နောင်နှစ်တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးအတွက်လည်း လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်

စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ၏ ဝမ်းစာဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ပေါ်နေပြည်သူများအတွက် လိုအပ်သည့် အသား၊ ငါးနှင့် ဥများကို လုံလောက်စွာထုတ်လုပ်ရောင်းချပေးနိုင်မှသာ ထိုက်သင့်သည့် စားသောက်ကုန်ဈေးနှုန်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှုများ မျှတမည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိုက်သင့်သလောက် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်ရှိသည့် မြေလွတ်မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ အတွက် အသုံးချသွားရန်လိုကြောင်း၊ ဒေသတွင်း စားသောက်မှုဖူလုံရေး ဆောင်ရွက်သွားရန်လို ကြောင်း၊ လူတန်းစားမရွေး စားနိုင်၊ သောက်နိုင်ရေး စားရေရိက္ခာဖူလုံအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ယခင်အစိုးရများအဆက်ဆက်တွင် ကုန်သွယ်မှုလိုငွေများရှိခဲ့ပြီး လိုအပ်သည့် နိုင်ငံခြားငွေများကို Non - Trade မှရရှိသည့်ငွေများ၊ ထောက်ပံ့ငွေများဖြင့် သုံးစွဲခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်မှုများ အားနည်းခြင်းကြောင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှုများရှိမှသာလျှင် ပြည်ပပို့ကုန်များရရှိမည်ဖြစ်ပြီး ကုန်သွယ်မှုပိုငွေများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ယူဆောင်ရွက်ချိန်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ဝင်ငွေများရရှိသင့်သလောက် မရရှိခဲ့ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင် ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဆိုင်ရာပညာရှင်များ များစွာရှိသဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အဆိုပါပညာရှင်များကို အကျိုးရှိရှိ အသုံးချနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ ခေတ်အဆက်ဆက်တွင် လယ်ယာထွက်ကုန်ပစ္စည်းများထွက်ရှိမှုမှာ ကိန်းဂဏန်းအချက်အလက်များအရ ကွာခြားချက်များရှိနေကြောင်း၊ ကိန်းဂဏန်းအချက်အလက်များ၊ စာရင်းဇယားများ မှန်ကန်စွာသိရှိနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလေ့လာဆန်းစစ်ဆောင်ရွက်နိုင်မည် ဖြစ် ကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် စာရင်းဇယား ကောက်ယူသူများအနေဖြင့်လည်း မှန်ကန်သည့် စာရင်းဇယားများရရှိနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့် မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး အမှန်တကယ် အလုပ်လုပ်ကြရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက တောင်သူများ၏ လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာမည်ဖြစ်ကာ ဒေသတွင်းလည်ပတ်ရင်းနှီးငွေများ များပြားလာခြင်းမှတစ်ဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ CMP လုပ်ငန်းများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် MSME ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်မှုကဏ္ဍများတိုးတက်ခြင်းဖြင့် ဝန်ဆောင်မှုကဏ္ဍများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လယ်ယာကဏ္ဍကိုအခြေခံပြီး နိုင်ငံ့ GDP တိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း။

ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်

ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေဆဲဖြစ်ကြောင်း၊ မိမိတို့ အစိုးရစတင်တာဝန်ယူဆောင်ရွက်ခဲ့ချိန်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပေါ်လျက်ရှိသည့်အချိန်ဖြစ်ပြီး လုပ်ငန်းခွင်စွန့်ခွာသွားကြသည့် ကျန်းမာရေး ဝန်ထမ်းများကြောင့် အခက်အခဲများစွာဖြင့် ဖြတ်ကျော်ခဲ့ကြရကြောင်း၊ ယခုအခါ ဆေးတက္ကသိုလ် များမှ ကျောင်းဆင်းသည့်ဆရာဝန်များအား ပြည်သူ့ဆေးရုံများ၌ သက်တမ်းတစ်ခုအထိ တာဝန်ထမ်းဆောင်ရန် မူဝါဒချမှတ်ထားကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ အကျိုးခံစားခွင့်များကိုလည်း ထိုက်သင့်သလောက် တိုးမြှင့်ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နိုင်ငံတော်မှ အခမဲ့ပညာ သင်ကြားပေးထားခြင်းဖြစ်သဖြင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခုဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မဲမသမာမှု များဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံအတွက်ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲတွင်မဲစာရင်းများ မှားယွင်းမှုများကြောင့် တာဝန်ယူခဲ့သည့် အစိုးရဖြစ်သဖြင့် မိမိတို့ကျင်းပသည့်ရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှုမရှိရန်လိုကြောင်း၊ ရာနှုန်းပြည့်မှန်ကန်နိုင်မည် မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန်ကန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်းမပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင် ရွက်ပေးရမည်မှာ အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်၍ ရွေးကောက်ပွဲကျင်းပမည့် နေရာများအားလုံးတွင် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး အားလုံးကဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ် ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်သွား မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံ စနစ်အရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်သွားရမည့် လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့်လည်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြား သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3377 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download