ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေး
Ministry of Information/ Naypyitaw / February 27, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့အဆောက်အဦ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ပြည်တွင်း၊ ပြည်ပနည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယနေ့ခေတ်သည် Digital Transformation ဟုခေါ်သည့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုအရှိန်အဟုန်ဖြင့် တိုးတက်နေသည့်ခေတ်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒီဂျစ်တယ်မြန်မာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲကို ကျင်းပရသည့်ရည်ရွယ်ချက်များမှာ အစိုးရ၏အုပ်ချုပ်ရေးယန္တရားအပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ၌ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်၊ ဆိုက်ဘာနည်းပညာဆိုင်ရာ အသိပညာမြှင့်တင်ရန်၊ စီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်မှုစွမ်းရည်ကို မြှင့်တင်ရန်၊ နည်းပညာရှင်များနှင့် လုပ်ငန်းခွင်အကြား ချိတ်ဆက်မှုဖန်တီးရန်နှင့် နည်းပညာဂေဟစနစ်တစ်ခု တည်ဆောက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ရတနာပုံမြို့သစ်တွင်ကျင်းပခြင်းဖြစ်ကြောင်း။
ရတနာပုံမြို့သစ်ကို တစ်နည်းအားဖြင့် ရတနာပုံဆိုက်ဘာစီးတီး၊ မြန်မာနိုင်ငံ၏ Silicon Valley ဟု လူသိများကြောင်း၊ မြန်မာနိုင်ငံ၏ပထမဆုံးနှင့် အကြီးမားဆုံးသော အိုင်စီတီနည်းပညာဆိုင်ရာ အချက်အချာဒေသတစ်ခုအဖြစ်ရည်ရွယ်ကာ ၂၀၀၆ ခုနှစ်၊ ဇွန်လ၌ စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရတနာပုံမြို့သစ်ကို မြန်မာနိုင်ငံ၏ ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာမှ နည်းပညာကုမ္ပဏီများကိုဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရန်၊ မြန်မာ့နည်းပညာရှင်များအတွက် သုတေသနနှင့် တီထွင်ဖန်တီးမှုများပြုလုပ်နိုင်မည့် အချက်အချာနေရာတစ်ခု ဖြစ်လာစေရန်ဟူသည့် ရည်ရွယ်ချက် ၃ ခုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း။
ရတနာပုံမြို့သစ်တွင် မြန်မာနိုင်ငံ၏ အဓိကအင်တာနက်နှင့်ဆက်သွယ်ရေး ဝန်ဆောင်မှုဗဟိုဌာနတစ်ခုကို Yatanarpon Teleport က တည်ဆောက်ခဲ့ကြောင်း၊ အိုင်တီလုပ်ငန်းသစ် (Startups)များနှင့် ဆော့ဖ်ဝဲရေးသားသည့် ကုမ္ပဏီများအတွက် ရုံးခန်းများ Incubation Center များ၊ Education Zone ဖြစ်သည့် နည်းပညာတက္ကသိုလ်များနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများ ထည့်သွင်းရန်လျာထားခဲ့ကြောင်း၊ နည်းပညာနှင့်ပတ်သက်သည့်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် High-Tech Zone အဖြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေမည့် Soft-Based Factory Zone ကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း။
ရတနာပုံမြို့သစ်တွင် ဒစ်ဂျစ်တယ်ဆိုင်ရာအခြေခံအဆောက်အအုံများနှင့် လိုအပ်ချက်များကို အကောင်အထည်ဖော်အဆင့်မြှင့်တင်ပေးရမည်၊ ရင်းနှီးမြှပ်နှံမှုကိုဆွဲဆောင်ရန် လိုအပ်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းချမှတ်ပေးရမည်၊ အဓိကအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားအကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း။
ရတနာပုံမြို့သစ်သည် မန္တလေးမြို့၏ အပူပိုင်းရာသီဥတုနှင့် ပြင်ဦးလွင်မြို့၏ အအေးပိုင်းရာသီဥတုအကြားတွင် တည်ရှိသောကြောင့် အိုင်တီလုပ်ငန်းများအတွက် သင့်တော်သည့်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေးအချက် အချာကျသည့် မန္တလေးမြို့နှင့် အနားယူအပန်းဖြေရာ မြို့တော်ဖြစ်သည့် ပြင်ဦးလွင် မြို့အနီးတစ်ဝိုက်တွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်ခြင်း၊ သင့်တင့်မျှတသည့်ရာသီဥတုနှင့် ပတ်ဝန်းကျင်တို့ကြောင့် အစစအရာရာ သင့်တော်ကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တည်နေရာ အနေအထားအရ အခြေခံကောင်းများရှိနေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ မြို့သစ်၏ အနီးဝန်းကျင်တွင်ရှိသည့်နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၊ မန္တလေးမြို့အနီးပတ်ဝန်းကျင်ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ လူ့စွမ်းအားအရင်းအမြစ်များကို Internship အလုပ်သင်အနေဖြင့် သုတေသနပြုလုပ်ရယူအသုံးပြုနိုင်ပြီး မြေတောင်မြှောက်ပေးနိုင်သည့် အားသာချက်တစ်ခုအနေဖြင့် ရှိနေသည်ကိုတွေ့ရကြောင်း။
မိမိတို့အနေဖြင့် ASEAN Digital Master Plan ၏ ရည်မှန်းချက်များဖြစ်သည့် အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်အသိုက်အဝန်း (Inclusive Digital Community)၊ ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ်ဂေဟစနစ် (Trusted Digital Ecosystem)၊ ဆန်းသစ်တီထွင်မှုရှိသော ဒစ်ဂျစ်တယ်စီးပွားရေး (Innovative Digital Economy)၊ အနာဂတ်အတွက် အသင့်ဖြစ်သော ကျွမ်းကျင်လုပ်သားများ (Future-Ready Workforce)၊ ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု (Sustainable Digital Transformation) တို့ကိုလည်း အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း။
ထိုကဲ့သို့ အကောင်အထည်ဖော်ဆောင်သည့်နေရာ၌ မြို့ပြနှင့် ကျေးလက်ဒေသအားလုံး လူတိုင်းလက်လှမ်းမီနိုင်သည့် လူတိုင်းသုံးနိုင်ပြီး ဈေးနှုန်းချိုသာသည့် အင်တာနက်ချိတ်ဆက်မှုရရှိရန်၊ အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် ဒစ်ဂျစ်တယ်နည်းပညာကို အလွယ်တကူ အသုံးပြုနိုင်စေရန်၊ ဆိုက်ဘာလုံခြုံရေးကိုမြှင့်တင်ပြီး ဒေသတွင်းဆိုက်ဘာတိုက်ခိုက်မှုများကို စုပေါင်းကာကွယ်ရန်၊ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းပြီး သုံးစွဲသူများ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ထို့အပြင် အာဆီယံနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ချောမွေ့စွာဆောင်ရွက်နိုင်ရန်၊ Artificial Intelligence (AI) ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် AI ဆိုင်ရာ ဘေးကင်းလုံခြုံမှုကွန်ရက်များ ထူထောင်ရန်၊ ဒေသတွင်းရှိ လုပ်သားထု၏ ဒစ်ဂျစ်တယ်ဆိုင်ရာ အချက်အလက်သိရှိနားလည်မှုနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးရန်၊ အဆင့်မြင့်နည်းပညာဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးရန်နှင့်လုပ်ငန်းခွင်အတွင်း နည်းပညာအသုံးချမှုကို တိုးမြှင့်ပေးရန်၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကိုဖြေရှင်းနိုင်ရန် စသည်တို့ကိုလည်း အကောင်အထည်ဖော်သွားကြရန်လိုကြောင်း။
၂၀၂၆ ခုနှစ်တွင် ဉာဏ်ရည်တုနည်းပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်နေသောကြောင့် အာဆီယံနိုင်ငံများအနေဖြင့် တာဝန်ယူမှုရှိသည့် ဉာဏ်ရည်တုနည်းပညာ (Responsible Al)ကို အထူးအလေးပေးဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း၊ အာဆီယံနိုင်ငံအချင်းချင်း AI ဆိုင်ရာကျင့်ဝတ်စံနှုန်း (Ethical Guidelines) များကို ညှိနှိုင်းပြီး ဘေးကင်းသည့် Al အသုံးချမှုကို ဖော်ဆောင်နေသည်ကို တွေ့ရကြောင်း၊ ဒစ်ဂျစ်တယ်စနစ်များ တိုးတက်များပြားလာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှုများလည်း များလာကြောင်း၊ ယင်းကို တိုက်ဖျက်ရန်အတွက် အာဆီယံနိုင်ငံများကြားတွင် သတင်းအချက်အလက်မျှဝေခြင်းကွန်ရက်ကို အရင်ကထက် ပိုမိုခိုင်မာအောင်တည်ဆောက်ရန် ရည်မှန်းဆောင်ရွက်နေသည်ကိုလည်း တွေ့ရကြောင်း။
ယခုကဲ့သို့ ရတနာပုံမြို့သစ်တွင် လူငယ်များ၏ တီထွင်ဖန်တီးမှုများ၊ ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီများ၏ ခေတ်မီနည်းပညာသစ်များကို တစ်နေရာတည်းတွင် မြင်တွေ့ခွင့်ရပြီး နည်းပညာဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ခွင့်ရနိုင်မည့် ယခုပွဲကို ကျင်းပနိုင်သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။
ယခုနည်းပညာဖလှယ်ပွဲနှင့် ပြပွဲမှတဆင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် Software များ၊ Hardware များနှင့် ဆန်းသစ်သည့် Solution များကို ဖန်တီးနိုင်မည်ဟု မိမိတို့ ယုံကြည်ပါကြောင်း၊ ယခုနည်းပညာပြပွဲတွင် ပြသထားသည့် ကျောင်းသား လူငယ်များ၏ Project များသည် မိမိတို့နိုင်ငံ၏ အနာဂတ်ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်များဖြစ်လာရန် မျှော်လင့်ပါကြောင်း။
ယခုကဲ့သို့ ကျင်းပရာတွင် နည်းပညာပြပွဲတင်မကဘဲ နည်းပညာ နှီးနှောဖလှယ်ဆွေးနွေးပွဲများကိုပါ ထည့်သွင်းထားသည်ကိုတွေ့ရကြောင်း၊ ယခုဆွေးနွေးပွဲများမှတဆင့် ဉာဏ်ရည်တုနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ ဘဏ္ဍာရေးဆိုင်ရာနည်းပညာ၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦနှင့် ဆန်းသစ်တီထွင်မှုစသည့် ခေါင်းစဉ်များကို ကျွမ်းကျင်သူများမှ နှီးနှောဖလှယ်သွားကြမည်ဟုသိရကြောင်း၊ တက်ရောက်လာသူများအနေဖြင့် မိမိတို့၏လုပ်ငန်းခွင်နှင့် ပညာရေးတွင် အသုံးချနိုင်မည့် အတွေ့အကြုံသစ်များရရှိသွားမည်ဟု မျှော်လင့်ကြောင်း။
ထို့အပြင် ယခုနှီးနှောဖလှယ်ပွဲမှ နည်းပညာလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဝါသနာရှင် ကျောင်းသားလူငယ်များအကြား အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ပြီး ပြည်တွင်းဖြစ် နည်းပညာတီထွင်မှုများကို အသိအမှတ်ပြု ဖော်ထုတ်ပေးခြင်းနှင့် ပြည်တွင်းအခြေစိုက် အီလက်ထရောနစ် စက်ပစ္စည်းများနှင့် အိုင်စီတီဆိုင်ရာစက်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများကိုလည်း ရရှိစေမည်ဖြစ်ကြောင်း။
ယခုနည်းပညာပြပွဲနှင့် ဆွေးနွေးဟောပြောပွဲများမှ နိုင်ငံတော်၏ IT ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး၊ ရတနာပုံမြို့သစ်စီမံကိန်းတွင် ဆိုက်ဘာနည်းပညာနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နိုင်ရေးနှင့် ဉာဏ်ရည်တုနည်းပညာ၊ ဂြိုလ်တုနည်းပညာများကိုလည်း ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အကျိုးရှိမည့်ရလဒ်များ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် ရတနာပုံမြို့သစ်စီမံကိန်း ဧရိယာအတွင်း အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများ အဓိကထုတ်လုပ်နိုင်ရေးနှင့် နည်းပညာတက္ကသိုလ်များချိတ်ဆက်ပြီး လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေရေးတို့အတွက် လမ်းပြမြေပုံတစ်ခု၊ မဟာဗျူဟာတစ်ခုချမှတ်နိုင်ရေး အထောက်အကူပြုစေရန် မျှော်လင့်ပါကြောင်း။
ထိုကဲ့သို့ မဟာဗျူဟာများ ရေးဆွဲချမှတ်ခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းတို့ကို ရေရှည်စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လက်တွေ့ကျကျ လေ့လာသုံးသပ်ကြရန် လိုအပ်ကြောင်း၊ ဘက်ပေါင်းစုံမှစဉ်းစားပြီး အားနည်းချက်မရှိသည့်၊ ပြည့်စုံမှန်ကန်သည့်လုပ်ငန်းမျိုးဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူအတွက် ရေရှည်အကျိုးရှိစေပြီး နိုင်ငံတကာကိုထိုးဖောက်နိုင်မည့် စီမံကိန်းလုပ်ငန်းစဉ်များ ဖြစ်စေရန်အရေးကြီးကြောင်း၊ နည်းပညာသစ် ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူလိုက်ပါလာသည့် လုံခြုံရေးကျိုးပေါက်နိုင်မှု၊ အမျိုးသားယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား ထိခိုက်နိုင်မှု၊ ကျင့်ဝတ်သိက္ခာဆိုင်ရာများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်လုံခြုံမှုစသည့် ခြိမ်းခြောက်မှုအန္တရာယ်များနှင့် ဆိုးကျိုးများကိုလည်း ထည့်သွင်းစဉ်းစားသွားရမည်ဖြစ်ကြောင်း။
ဒစ်ဂျစ်တယ်နည်းပညာ နယ်ပယ်၊ တစ်နည်းအားဖြင့် ဆိုက်ဘာနယ်ပယ်သည် နယ်နိမိတ်ကန့်သတ်ပိုင်းခြားရန် ခက်ခဲပါကြောင်း၊ ကမ္ဘာတွင် လူပြောများလာသည့် ဆိုက်ဘာနယ်နိမိတ် အချုပ်အခြာအာဏာ(Cyberspace Sovereignty) ကိုလည်း ထည့်သွင်းစဉ်းစားကြရမည် ဖြစ်ကြောင်း။
ကမ္ဘာတွင် ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လိုက်ပါလာသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုချိုးဖောက်ခြင်းများ၊ ဘက်လိုက်မှုကိစ္စ ရပ်များမှတဆင့် နိုင်ငံလုံခြုံရေးအထိခြိမ်းခြောက်နိုင်ခြင်းတို့သည် ထိပ်တန်းစိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ယင်းတို့ကို ကာကွယ်နိုင်ရန် နည်းပညာဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နည်းပညာတိုးတက်မှုနောက်မှ ပြဋ္ဌာန်းချမှတ်ပေးနေကြရသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း နည်းပညာဆိုင်ရာစိန်ခေါ်မှုများကို ထိန်းကျောင်းကြီးကြပ်နိုင်ရန် လိုအပ်သည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလည်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ဟန်ချက်ညီညီရေးဆွဲချမှတ်ပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်သွားကြရန် အရေးကြီးသည်ကို တိုက်တွန်းမှာကြားလိုကြောင်း။
“နည်းပညာသည် အနာဂတ်ကိုပုံဖော်သူ” ဟူသည့်စကားနှင့်အညီ ယခုပွဲမှရရှိလာမည့် နည်းပညာဆိုင်ရာ အသိပညာအတွေ့အကြုံများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားတစ်ခုဖြစ်ပါကြောင်းနှင့် နှီးနှောဖလှယ်ပွဲနှင့် ပြပွဲကြီးမှတဆင့် နိုင်ငံအတွက် အကျိုးရှိသည့် သုံးသပ်ဖော်ထုတ်ချက်များ၊ ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားဆိုင်ရာ မှတ်တမ်း Video အား ကြည့်ရှုကြသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှော ဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားအထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှော ဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားတွင် ပြသထားရှိသည့် ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။
အဆိုပါ ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲ(Digital Myanmar Forum and Exhibition)ကို “ဉာဏ်ရည်တု နည်းပညာခေတ် မြန်မာနိုင်ငံ၏ နည်းပညာအနာဂတ်ကို ပုံဖော်ခြင်း (Digital Myanmar: Shaping Myanmar's Digital Future in the Age of AI)" ဟူသည့် ခေါင်းစဉ်ဖြင့် ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများနှင့် ပြည်တွင်းပြည်ပနည်းပညာ ကုမ္ပဏီများမှ ပြန်ခန်း များအား ပြသထားရှိကြောင်းသိရှိရသည်။
ဆက်လက်ပြီးနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ်စီမံကိန်းအတွင်း မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3454 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
