ဗုဒ္ဓမြတ်စွာဘုရားရှင် ပြည်တော်ဝင်သည့် အခါတော်
ဗုဒ္ဓမြတ်စွာဘုရားရှင် ပြည်တော်ဝင်သည့် အခါတော်
Ministry of Information/ Naypyitaw / March 01, 2026
တပေါင်းလသည် ဆောင်းမှနွေသို့ ကူး၍ မအေးလွန်း၊ မပူလွန်းသည့် လ၊ ရာသီ ဆယ့်နှစ်လတွင် လတကာတို့ထက် သဘာဝအလှတရားတို့ ပြီးပြည့်စုံသည့်လ၊ ခရီးလမ်းပန်းတို့ သွားလမ်းသာ၍ လာလမ်းဖြောင့်သည့်လဟု ရှေးစာဆိုတို့က ဖွဲ့ဆိုသည်။ အင်းဝခေတ် ရှင်အုန်းညို၏ ဂါထာ ၆၀ ပျို့တွင် “သွားခါတန်စွ၊ ဤကာလကား၊ ချမ်းမြမသန်၊ ပြင်းထန်မပူ၊ လွင်မြူမထောင်း၊ ညွန်ပျောင်းမချင်း၊ လေပြင်းမလာ၊ သည်းစွာထစ်ကြိုး၊ အုံမိုးမစွေ၊ ရေလည်းမကြီး...” ဟူ၍လည်းကောင်း၊ “ဤအခါကား၊ သာသည် ညင်းညင်း၊ မြောက်လေကြွင်းနှင့်၊ ဆီးနှင်းမကုန်၊ ပူဟုန်မသည်း၊ ပျံ့ပျံ့ ပြည်းသား၊ တိမ်မည်းမဆိုင်၊ မြည်အိုင်ရိုက်ကျူး၊ မင်းလွင် မြူးသား၊ နွေဦးသရစ်၊ အခါဖြစ်၍ ...” ဟူ၍လည်းကောင်း တပေါင်းလကို ဖွဲ့ဆိုထားသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ကာဠုဒါယီမထေရ်မြတ်က ဗုဒ္ဓမြတ်စွာဘုရားရှင်အား ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့် ဆွေတော်မျိုးတော်အပေါင်းတို့က ဖူးမြော်ခွင့်ရရန် စောင့်မျှော်နေကြသည့် ကပိလဝတ်ရွှေမြို့တော်သို့ ကြွမြန်းတော်မူပါရန် လျှောက်ထားခဲ့သည်။ ယင်းသို့လျှောက်ထားရာတွင် ခမည်းတော်မင်းကြီး၏ ကျေးဇူးကို ထောက်ထားသောအားဖြင့် မွေးရပ်ဌာနီကပိလဝတ်ရွှေပြည်သို့ ပြန်လည်ကြွမြန်းရန်သင့်သောအခါဖြစ်သည့်အကြောင်းကို ဆောင်းအကုန်၊ နွေအကူး တပေါင်းလ၏ ထူးထူးကဲကဲ သာယာလှပပုံ၊ ရွက်ဟောင်းကြွေ၍ ရွက်သစ်တို့ဝေကာ တောပန်းရနံ့များ သင်းထုံနေသော တောတောင်ရှုခင်းများနှင့် ကျေးငှက်တို့ တွန်ကျူး ပျော်မြူးနေကြပုံ၊ မပူလွန်း မအေးလွန်းသော ရာသီ ဥတုနှင့်အတူ ဖုံမထူ၊ ညွံ့ဗွက်တို့လည်း မရှိတော့ပြီဖြစ်ခြင်းကြောင့် လမ်းခရီးကောင်းမွန်ပုံတို့ကို ဂါထာများဖွဲ့သီ၍ လေးမြတ်စွာ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ကာဠုဒါယီမထေရ်မြတ်၏ လျှောက်ထားမှုကိုလက်ခံ၍ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်း လပြည့်ကျော် ၁ ရက်နေ့တွင် ရဟန္တာပေါင်း နှစ်သောင်းကျော်ခြံရံ လျက် ရာဇဂြိုဟ်ပြည်မှ ယူဇနာ ၆၀ ကွာဝေးသော ကပိလဝတ်ပြည်သို့ စတင်ကြွချီတော်မူသည်။ တစ်နေ့လျှင် တစ်ယူဇနာ (၁၃မိုင်) နှုန်းဖြင့် ရက်ပေါင်း ၆၀ ကြာ ဒေသစာရီကြွချီတော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကပိလဝတ်ပြည်သို့ ရောက်ရှိခဲ့သည်။ ထိုနေ့သည်ကား မြတ်စွာဘုရားရှင်သည် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဘဝဖြင့် မွေးရပ် ဌာနီကပိလဝတ်ပြည်မှထွက်ခွာခဲ့သည့် ခုနစ်နှစ်တင်းတင်း ပြည့်သောနေ့ပင်ဖြစ်သည်။ ကပိလဝတ်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား တရားတော်ဖြင့် ကျေးဇူးဆပ်၍ သားတော် ရာဟုလာကိုလည်း ဓမ္မအမွေပေးတော်မူသည်။ အဖူးအမြော် လာရောက်ကြသည့် ဆွေတော်မျိုးတော်များကိုလည်း သာကီဝင်မင်းမျိုးတို့၏ အမျိုးမာန်ကို ပယ်နုတ်ရန် ပေါက္ခရဝဿမိုးကို ရွာသွန်း၍ တန်ခိုးပြကာ အမျိုးအနွယ်ထက် သီလ၊ သမာဓိ၊ ပညာကို တန်ဖိုးထားရန်၊ အကျင့်မြတ်နှင့်ပြည့်စုံသည့် ရဟန်းသံဃာတို့ကို ရိုသေလေးစားရန် ဆုံးမတော်မူခဲ့သည်။
မြတ်စွာဘုရားရှင်၏ တပေါင်းလ ပြည်တော်ဝင်ခရီးစဉ်မှာ ဖခမည်းတော်သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ဆွေတော်မျိုးတော် အပေါင်းတို့၏ ဖူးမြော်လိုသည့် ဆန္ဒတို့ကို ပြည့်ဝစေခဲ့သည်။ ကပိလဝတ်သို့ မြတ်စွာဘုရားနှင့် ရဟန္တာပေါင်းနှစ်သောင်း ကြွရောက်သီတင်းသုံးတော်မူကြခြင်းကြောင့် ဗာရာဏသီပြည်နှင့် ရာဇဂြိုဟ်ပြည်တို့ပြီးလျှင် ကပိလဝတ်ပြည်သည် တတိယမြောက် ဗုဒ္ဓသာသနာထွန်းကားစည်ပင်သည့်နေရာ ဖြစ်လာသည်။ ဗုဒ္ဓဘုရားရှင်က မဟာဓမ္မပါလဇာတ်ကို ဟောကြားသည့်အခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည် အနာဂါမ်တည်ခဲ့ပြီး မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်ခဲ့သည်။ သာကီဝင်မင်းသား တစ်ထောင်တို့သည်လည်း ရဟန်းအဖြစ်သို့ ရောက်ရှိလာကြသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှစကာ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့အထိ ရက်ပေါင်း ၆၀ ကြွချီခဲ့ရသော မြတ်ဗုဒ္ဓဘုရားရှင်၏ ယူဇနာ ၆၀ ပြည်တော်ဝင်ခရီးသည် သာသနာ့သမိုင်းဝင်ဖြစ်သကဲ့သို့ အဖအမိတို့၏ ကျေးဇူးတရားကို ပေးဆပ်နိုင်ကြစေရန်လည်းကောင်း၊ ပါရမီဖြည့်ဖက်ဇနီးနှင့် သားသမီးမိသားစုတို့၏တန်ဖိုးကို အလေးအနက်ပြုနိုင်ကြရန်လည်းကောင်း၊ အဆွေအမျိုးတို့နှင့်စပ်လျဉ်း၍လည်း ကောင်းရာကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်ကြရန်လည်း ကောင်းမြတ်ဗုဒ္ဓသာသနာ့အနွယ်ဝင်တို့ အား စံနမူနာအဖြစ် လမ်းညွှန်ပြသလျက်ရှိသည်ဟူ၍ နှလုံးသွင်းနိုင်ကြပါစေကြောင်း။ ။
Newspaper - 3459 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
