စုပေါင်းအားဖြင့် သဘာဝဘေးဒဏ် ကြံ့ကြံ့ခံ ချက်ချင်းတုံ့ပြန် ထူထောင်ရန်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန | Oct 30, 2024

တိုင်ဖွန်းမုန်တိုင်း ရာဂိကြောင့်ဖြစ်ပေါ်ခဲ့ရသည့်ပျက်စီးဆုံးရှုံးမှုများ  …

          တိုင်ဖွန်းမုန်တိုင်း ရာဂိဟာ တောင်တရုတ်ပင်လယ်အတွင်း ဩဂုတ်လ (၃၁)ရက်နေ့တွင် စတင် အစ ပျိုးခဲ့ပြီး ယင်းမှတစ်ဆင့် အားကောင်းသောတိုင်ဖွန်းမုန်တိုင်းအသွင် ကူးပြောင်းသွားခဲ့ကာ စက်တင်ဘာလ ၆ ရက်နေ့၌ တရုတ်နိုင်ငံ၊ စက်တင်ဘာလ ၇ ရက်နေ့၌ ဗီယက်နမ်နိုင်ငံတို့ကို လေတိုက်နှုန်းပြင်းအား တစ်နာရီလျှင် မိုင်(၁၆၀)နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ပျက်စီးမှုများစွာ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့တွင် ရာဂိမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် တရုတ်နိုင်ငံ၌ သေဆုံးသူ (၁၆)ဦး၊ ပျောက်ဆုံး(၁၇)ဦး၊ ဒုက္ခသည်ပေါင်း (၂၇၀)ဦးနှင့် နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းပြည်နယ်အချို့ရှိ လူပေါင်း(၂)မီလီယံခန့် မုန်တိုင်းဒဏ်ခံစားခဲ့ရပြီး ယွမ်(၃၂.၇)ဘီလီယံခန့် (အမေရိကန်ဒေါ်လာ (၄.၆) ဘီလီယံခန့်) ဆုံးရှုံးခဲ့ရပါတယ်။ စက်တင်ဘာလ ၂၈ရက်နေ့စာရင်းအရ ဗီယက်နမ်နိုင်ငံမှာတော့ မုန်တိုင်း ကြောင့် ပျက်စီးဆုံးရှုံးမှုများအနေဖြင့် သေဆုံးသူ(၂၉၉)ဦး၊ ပျောက်ဆုံးသူ(၃၄)ဦး၊ အိုးအိမ်၊ စက်ရုံ အလုပ်ရုံ၊ လမ်း/တံတားနှင့် စိုက်ပျိုးမြေများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး ဗီယက်နမ်ဒေါင် (၈၁.၅)ထရီလီယံ (အမေရိကန် ဒေါ်လာ(၄.၂) ဘီလီယံ ခန့်)ဆုံးရှုံးခဲ့တယ်လို့ သိရှိရပါတယ်။ထိုင်းနိုင်ငံမှာတော့ ပြည်နယ်(၇)ခု တွင် သေဆုံး သူ(၄၂)ဦး (ရေကြီးမှု ကြောင့်-၁၉ဦး၊ မြေပြိုမှုကြောင့်-၂၃ဦး)၊ ထိခိုက်ဒဏ်ရာရရှိသူ (၂၄)ဦး၊ အိမ်ထောင်စု ပေါင်း (၂၈,၀၀၀)ကျော် ပျက်စီးခဲ့ပြီး ကလေးငယ်ပေါင်း (၆၈,၀၀၀) ခန့် မုန်တိုင်းဒဏ်ခံစားခဲ့ ရပါတယ်။  

          မြန်မာနိုင်ငံမှာတော့ ရာဂိမုန်တိုင်းကြောင့် နိုင်ငံအဝှမ်း မြို့နယ်ပေါင်း (၁၁၀)တွင် ရေကြီးရေလျှံမှု ဖြစ်စဉ်များဖြစ်ပေါ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏စက်တင်ဘာလ၂၇ရက်နေ့၊ နံနက်ပိုင်း အထိ ကောက်ယူရရှိသောစာရင်းများအရ ပျက်စီးဆုံးရှုံးမှုအနေဖြင့် သေဆုံးသူ(၄၃၃)ဦး၊ ပျောက်ဆုံးသူ (၇၉)ဦး၊ လူနေအိမ်(၁၁၅,၀၀၂)လုံး၊ ရုံးဌာနအဆောက်အဦ(၁၂၉)လုံး၊ စာသင်ကျောင်း (၃၃၃)ကျောင်း၊ ဘာသာရေးကျောင်း (၂၂၈)ကျောင်း၊ လမ်း/တံတား(၁,၃၅၈)ခု၊လျှပ်စစ်မီးတိုင်(၅,၆၂၂)တိုင်နှင့် ဆက်သွယ် ရေးတိုင် (၁၁၄)တိုင်၊ စပါးစိုက်ဧက ၇သိန်း ၈သောင်းကျော်၊ သေဆုံးတိရစ္ဆာန်(၁၇၆,၂၄၆)ကောင် ရှိကြောင်း သိရှိရပါတယ်။

          အရှေ့တောင်အာရှမှာပဲ ဒီလိုဖြစ်ပွားခဲ့သလားဆိုတော့ အမေရိကန်နိုင်ငံအရှေ့တောင်ပိုင်းမှာလည်း စက်တင်ဘာလ ၂၆ရက်နေ့က ဟာရီကိန်းမုန်တိုင်း ဟယ်လီနာ(Helene)ဝင်ရောက်ခဲ့တဲ့အတွက် ရေကြီး ရေလျှံမှု၊ မြေပြိုမှုများ ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ အောက်တိုဘာလ ၇ရက်နေ့အထိ စာရင်းများအရ ပြည်နယ် (၆)ခုတွင် ဒေသခံ (၂၃၂)ဦးသေဆုံးခဲ့ပြီး လူပေါင်းရာချီ ပျောက်ဆုံးလျက်ရှိကာ လျှပ်စစ်မီး၊ ရေ ရရှိရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။

ရာဂိမုန်တိုင်းရဲ့နောက်ဆက်တွဲ

          ဒီတစ်ခါထူးခြားတာက မုန်တိုင်းရဲ့နောက်ဆက်တွဲ အရှေ့မြောက်အရပ်က ဝင်လာတဲ့လေကြောင့် ဖြစ်တည်လာတဲ့မိုးပဲ ဖြစ်ပါတယ်။ မိုးကြီးမှုကြောင့် မိုးရေချိန်များပြီး နေရာစုံမှာ အဆက်မပြတ် ရွာသွန်း ခဲ့တာကြောင့် အာဆီယံနိုင်ငံများဖြစ်တဲ့ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံများပါ ရေကြီးမှုတွေဖြစ်ခဲ့ပြီး ထိခိုက်မှု များပြား ခဲ့ပါတယ်။မြန်မာနိုင်ငံမှာတော့ တာချီလိတ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့မှစတင် ရေကြီးမှု ဖြစ်ပွားခဲ့ပြီး စိုးရိမ်ရေမှတ်(၃၉၀)စင်တီမီတာအထိ ဖြစ်ခဲ့ပါတယ်။တောင်ပေါ်မြို့ဖြစ်တဲ့ ကလောမြို့လေးမှာ ၁၀ရက်နေ့ညမှာ စတင်ရေကြီးခဲ့ပြီး မြေပြိုခြင်းနှင့် နှစ်(၁၀၀)အတွင်း အဆိုးဆုံးရေကြီးမှုနဲ့ ကြုံတွေ့ခဲ့ ရပါတယ်။တစ်ဆက်တစ်စပ်တည်း ၁၀ ရက်နေ့ ညပိုင်းမှာပဲ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်း မြို့နှင့် ပျော်ဘွယ်မြို့များ၊ နေပြည်တော်တိုင်းဒေသကြီးအတွင်းရှိ တပ်ကုန်းမြို့တွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ညအချိန်ဖြစ်လို့ တော်တော်ဒုက္ခရောက်ကြရမှာ သေချာပါတယ်။ မိုးလင်းတာနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စပြီးဆောင်ရွက်ခဲ့ကြပါတယ်။ နေပြည်တော်၊ ပုဗ္ဗသီရိ၊ ပျဉ်းမနားနဲ့ လယ်ဝေးဒေသတွေကိုတော့ ၁၀ ရက်နေ့ သန်းခေါင်ယံအချိန်နှင့် နံနက်စောစောပိုင်းမှာ ဝင်ရောက်ခဲ့ပါတယ်။

ကွင်းဆင်းစိစစ် ထောက်ပံ့ထူထောင်

          နေပြည်တော်ကောင်စီသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ဒေသအလိုက်၊ မြို့နယ် အလိုက်တာဝန်တွေခွဲဝေပြီး ချက်ချင်းတုန့်ပြန်ဆောင်ရွက်ခဲ့ကြတာတွေ့ရှိရပါတယ်။ ရေကြီးမှုအခြေအနေကို ဒီလောက်အထိ ဆိုးမယ်လို့မထင်မိခဲ့တာတော့အမှန်ပါ။ ညပိုင်း TV ကြည့်တဲ့အချိန်မှ အခြေအနေတော်တော် ဆိုးတာကို သိခဲ့ရပါတယ်။ ၁၂ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နဲ့ စတင်ကွင်းဆင်းခဲ့ ပါတယ်။ ရွာတွေမှာ ရေပြည့်နေလို့ ရွာတွေကိုတော့ မရောက်နိုင်ခဲ့ပါဘူး။ ၁၃ ရက်နေ့မှာ တပ်ကုန်းမြို့က ကယ်ဆယ်ရေးစခန်းတွေကို ကွင်းဆင်းပါတယ်။ ရေသန့်စင်စက်တွေနဲ့ ရေဖြန့်ဝေပေးခဲ့ပြီး ကယ်ဆယ်ရေး စခန်းတွေအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာတွေ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ မကျီးပင်ရွာနဲ့ မကျီးပင် တံတားပျက်စီးမှုများကို စစ်ဆေးခဲ့ပါတယ်။ တော်တော်ပျက်စီးသွားတာဖြစ်ပါတယ်။ အချို့နေရာတွေမှာ အိမ်တွေပြိုပျက်သွားတာ တွေ့ရသလို ကြံ့ကြံ့ခံနိုင်တဲ့ အိမ်တွေ၊ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ကွန်ကရိ လမ်းတွေနဲ့ RC တံတားတွေလည်း တွေ့ခဲ့ရပါတယ်။ ရွာကလူကြီးတွေ မေးကြည့်တော့ “သူတို့ တစ်သက်မှာ ဒီတစ်ခါပဲ ကြုံဖူးတယ်” ပြောကြပါတယ်။ ကျွန်တော်လည်း နေပြည်တော် စတည်တဲ့ကာလ ၂၀၀၃ ခုနှစ်ကတည်းက နေလာတာ ခုမှကြုံဖူးတာဖြစ်ပါတယ်။

ဆင်သေချောင်းတစ်လျှောက်ကတံတားများ အပျက်အစီးများတာတွေ့ရပါတယ်။ ချောင်းတစ် လျှောက် တံတားကြီးများပျက်စီးမှုကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥက္ကဌမှတစ်ဆင့် ဝန်ကြီးထံ ပျက်စီးမှုစာရင်း ပို့လာတော့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တံတား(၄)စင်း ပါတာ တွေ့ရပါတယ်။ အကြီးအကဲများလည်း သတင်းအချက်အလက်ကို ချက်ချင်းရယူဆောင်ရွက်တာ တွေ့ရပါတယ်။ ဌာနကဆိုင်တဲ့တံတား များကို ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။ သဘာဝဘေးဒဏ်ခံနိုင်အောင် တည်ဆောက်ထားတဲ့အတွက် တံတားကြီးများဟာ ကြီးမားတဲ့ရေစီးဆင်းမှုဒဏ်ကိုခံနိုင်ရည်ရှိပြီး ချည်း ကပ်လမ်းများကိုသာ တိုက်စားသွားတာ တွေ့ရှိရပါတယ်။ တစ်ချို့လည်း ပျက်စီးဆုံးရှုံးခဲ့တာ တွေ့ရပါတယ်။

          ၁၃ ရက်နေ့ ညနေပိုင်းမှာ လယ်ဝေးဒေသဖက်က ကယ်ဆယ်ရေးစခန်းများကို သွားရောက်အားပေး၊ ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါတယ်။ ရွာတွေကတော့ ရေမြုပ်နေဆဲပဲဖြစ်ပါတယ်။ ၁၄ ရက်နေ့မှာ ရေ စတင် ကျလာပြီဖြစ်ပါတယ်။ ပုဗ္ဗသီရိမြို့နယ်က အေးမြင့်သာယာကျေးရွာနဲ့ ဝဲကြီးကျေးရွာတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအဖွဲ့တွေက အေးမြင့်သာယာရွာရှိ အများ သုံးရေတွင်းကို ရေရရှိရန် သန့်စင်နေကြပါတယ်။ရွာခံတွေက မနက်ပိုင်းမှာ အိမ်တွေကို သန့်ရှင်းရေး လာလုပ်ပြီး ညပိုင်းမှာ ကယ်ဆယ်ရေးစခန်း ပြန်အိပ်ကြရပါတယ်။ ရွှံ့နွံတွေက ၉ လက်မကနေ ၁ ပေ အထိ ရှိနေတာဖြစ်ပါတယ်။ရွာကလူကြီးတွေက “စားစရာ၊ဝတ်စရာက အဆင်ပြေပါတယ်။အိမ်မှာ ရွှံနွံတွေ ရှိနေတာမို့ ဆေးကြောရန် သုံးရေ၊သောက်သုံးရန်အတွက် သန့်ရှင်းသောသောက်ရေနဲ့ အိမ်သာတက်ရန် အတွက် ရေလိုပါတယ်” လို့ တင်ပြကြပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို တွင်းဆေးတွင်းမှုတ် ပြုလုပ်ရာမှ မီးမရရင် ဒီဇယ် အင်ဂျင်နဲ့ အခြေခံဆောင်ရွက်ဖို့၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ကျေးရွာခန်းမစသည့် အများနဲ့ဆိုင်သည့် အဆောက်အဦးများပါ သက်ဆိုင်သူများနဲ့ပူးပေါင်းဆောင်ရွက်ရန်မှာခဲ့ပါတယ်။ မီးသတ်အဖွဲ့တွေ၊ တပ်မတော်၊ ပြည်သူ့ရဲနဲ့ လူမှုရေးအသင်းအဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ ဝဲကြီးရောက်တော့ ဝဲကြီးနဲ့ ဝင်ပြန်ရွာကြား ဆင်သေချောင်းကူးတံတား (၁)စင်း ကျိုးကျမျောပါပျက်စီးပြီး ချောင်းအကျယ် ပေ (၁,၀၀၀)ခန့် ဖြစ်သွားတာတွေ့ရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုမေးကြည့်တော့ “သူတို့တစ်သက် ယခုလို ရေကြီးတာ မရှိကြောင်း” ပြောပါတယ်။

          ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်တွေအရ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးကော်မတီ ဥက္ကဌ၊ သမဝါယမနှင့်‌ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌရဲ့လမ်းညွှန်မှုများ၊ ကော်မတီရဲ့လုပ်ငန်းတာဝန်များနဲ့အညီ ဝန်ကြီးဌာနအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏လုပ်ငန်းတာဝန်များအရ ချက်ချင်းဆောင်ရွက်ရန်များကို အောက်ပါ အတိုင်း လမ်းညွှန်ချက်ပေးခဲ့ပါတယ်-

          (က)    လမ်းပန်းဆက်သွယ်မှု မပြတ်တောက်ရေး ဦးစားပေးပြီး ကျေးလက်လမ်း၊ တံတား၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာတွင်းလမ်းများကို ပြင်ဆင်ရန်၊

          ( ခ )   သောက်သုံးရေရရှိရေး ရေသန့်စက်ကြီးများအသုံးပြုပြီး ကယ်ဆယ်ရေးစခန်းများသို့ ဖြန့် ဝေပေးရန်၊

          (ဂ)     ရေကျချိန်တွင် ကျေးရွာအတွင်းအမြန်ပြန်လည် နေထိုင်နိုင်ရေး သောက်သုံးရေကန်များ ကလိုရင်းဆေးခတ်ခြင်း၊

                    စက်ရေတွင်းများ တွင်းဆေး၊တွင်းမှုတ်ခြင်းများ ဆောင်ရွက်ရန်၊

        (ဃ)   သက်မွေးဝမ်းကျောင်းဆိုင်ရာစီမံကိန်းများ ထိခိုက်မှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ထိခိုက်မှုစာရင်းများကို

                  အမြန်ဆုံးရရှိရေးဆောင်ရွက်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း အစီအမံများ တင်ပြရန်၊

        ( င )   ပျက်စီးသွားသော လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေးလုပ်ငန်းများကို အမြန်ဆုံး ပြင်ဆင်ရန်နှင့် ရေရှည်အတွက်

                  သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် လမ်း၊ တံတားများ တည်ဆောက်နိုင်ရေး Feasibility Survey/ Design စနစ်တကျ

                  ဆောင်ရွက်ပြီး လျာထား ဆောင်ရွက်ရန်။

ပျက်စီးဆုံးရှုံးများ

          မိမိတို့ဝန်ကြီးဌာနမှဆောင်ရွက်ထားရှိသည့်လုပ်ငန်းများ၏ ပျက်စီးဆုံးရှုံးမှုအနေဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့အထိ ပြုစုထားရှိသည့်စာရင်းများအရ စုစုပေါင်းလုပ်ငန်း (၆၇၇) ခု၊ တန်ဖိုးငွေ ကျပ် (၂၃.၁) ဘီလီယံ

ကျော်ဖြစ်ကြောင်း သိရှိရပါတယ်။

စဉ်

လုပ်ငန်းအမျိုးအစား

အရေအတွက်

ဆုံးရှုံးမှုတန်ဖိုး (ကျပ်သန်း)

(က)

ကျေးလက်လမ်း/ တံတား

(၃၄၆) ခု

၂၀,၅၉၇.၅၈၇

( ခ )

ကုန်ထုတ်လမ်း/ တံတား

(၁၃၄) ခု

၁,၈၇၄.၄၇၅

( ဂ )

ရေရရှိရေးလုပ်ငန်း

(၁၅၉) ခု

၂၆၆.၉၀၂

(ဃ)

မီးလင်းရေး/ ဆိုလာရေတင်စနစ်

(၈ ) ခု

၁၀၄.၀၆၆

( င)

အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်း 

(၁၀) ခု

၆၁.၀၂၀

( စ)

ဖွံ့ဖြိုးရေးလုပ်ငန်း

(၂၀) ခု

၁၉၆.၅၅၀

စုစုပေါင်း

(၆၇၇)ခု

  ၂၃,၁၀၀.၆၀၀

 

 

ပြန်လည်ထူထောင်ရေးဆောင်ရွက်မှုလုပ်ငန်းများ

          ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာမှာ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်လို့ မရနိုင်ပါဘူး။ သတ်မှတ်လမ်းညွှန်ချက်များနှင့်အညီ ကော်မတီအလိုက်ဝန်ကြီးဌာနအချင်းချင်း၊ အစိုးရအဖွဲ့ များ၊ လူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၊ NGO၊ INGO များစသဖြင့် သက်ဆိုင်သူအားလုံးပူးပေါင်းဆောင်ရွက်ကြမှသာ ထိရောက် အောင်မြင်မှာ ဖြစ်ပါတယ်။

          စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားမှုများထဲမှ အချို့ကိုကောက်နှုတ်တင်ပြရရင်

(က)    သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ခန့်မှန်းချက်၊ သတိပေးချက်များကို ထုတ်လွှင့် ရာတွင် ပညာရပ်ဆိုင်ရာအသုံးအနှုန်းများထက် သာမန်ပြည်သူလူထု သတိပြုနားလည် နိုင်အောင် လွယ်ကူရှင်းလင်းစွာနားလည်သိရှိ လိုက်နာနိုင်အောင် ထုတ်ပြန်ဆောင်ရွက်ရန်၊

 ( ခ )  ဆည်မြောင်းနှင့် လမ်း၊ တံတားဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း လမ်း၊ တံတား လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြံ့ခိုင်မှုအပိုင်းနှင့်ပတ်သက်၍ အရှိန်အဟုန်ဖြင့် ရေစီး ဆင်းမှုဒဏ်ကို ခံနိုင်ရေးအတွက် စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်၊

(  ဂ)   ယခင်က ကုန်ကျစရိတ်သက်သာစေရန် တံတားအရှည်နှင့် ခန်းဖွဲ့အား လျော့၍ ချဉ်းကပ် လမ်းအား တိုးမြှင့်ထားမှုများကို ပြန်လည်စစ်ဆေးသုံးသပ်ရန်၊

 (ဃ)   တံတားနေရာများသို့ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ရေထွက်ရာလမ်းကြောင်းနေရာများ၌ ရေစီးဆင်းမှုကောင်းမွန်စေရေး ချောင်းဖြောင့်ခြင်းလုပ်ငန်းအပါအဝင် အခြားလိုအပ်သည်များ ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားရန်၊

( င )   သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ဆ၍ လုပ်ငန်းများဆောင်ရွက်သွားရန် လိုကြောင်း နှင့်ပျက်စီးသွားသည့်သီးနှံများ ပြန်လည်စိုက်ပျိုးရာတွင်လည်း စနစ်တကျဖြင့် ပြန်လည် စိုက်ပျိုးသွားရန်၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်စိုက်ပျိုးရေး ထောက်ပံ့ငွေများ နှင့် စိုက်ပျိုးရေးချေးငွေများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်။

ရာဂိမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန်အတွက် နိုင်ငံအတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စေတနာရှင် များကလည်း ပထမအကြိမ် အလှူငွေ (၃၂.၂)ဘီလီယံကျော်၊ ဒုတိယအကြိမ် (၁၀.၅) ဘီလီယံကျော်၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းခဲ့ပြီး စုစုပေါင်း (၄၂.၇) ဘီလီယံကျော် ရရှိခဲ့ပါတယ်။ မြန်မာတို့ရဲ့ သဒ္ဓါတရား၊ စာနာဖေးမတတ်မှုတွေက အားရစရာပါ။

 စက်တင်ဘာလ ၁၆ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်ကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံ ခန့်ခွဲမှုအဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ရာတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိ ရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဖြစ်စေမည့်အစားအသောက်များ ရရှိစေရေး ဆောင်ရွက်ပေး သွားရန်၊ ဒေသအလိုက်ဖွဲ့စည်းထားသည့်စီမံခန့်ခွဲမှုအဖွဲ့မှတာဝန်ရှိသူများက ရေဘေးသင့်ဒေသရှိပြည်သူ များအား သွားရောက်အားပေးစကားပြောကြားပြီး လိုအပ်ချက်များကို အဓိကထား၍ ပံ့ပိုးပေးသွားရန်၊ နိုင်ငံပိုင်ရုံးဌာနအဆောက်အဦများ ပျက်စီးဆုံးရှုံးမှု၊ လူနေအိမ်များနှင့် အခြားအဆောက်အဦများ ပျက်စီး ဆုံးရှုံးမှု၊ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုနှင့် တိရစ္ဆာန်သေဆုံးမှုတို့ကို စာရင်းကောက်ယူရေးအဖွဲ့ ဖွဲ့ စည်းပြီး မှန်မှန်ကန်ကန် စာရင်း ကောက်ယူရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၀ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း များပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကလည်း ရေကြီးနစ်မြုပ်မှုဒဏ် ခံရသည့်ဒေသများရှိ ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာပြန်လည်ထူထောင် ရေးလုပ်ငန်းများအား ထိခိုက်ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ ဦးစားပေးအဆင့်သတ်မှတ်ကာ တစ်ဆင့်ချင်း စနစ်တကျ ဆောင်ရွက်ပေးသွားကြရန်၊ ရေကြီးနစ်မြုပ်သည့်ဒေသများရှိ ပြန်လည်စိုက်ပျိုးနိုင်သော ဧရိယာများတွင် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှု လယ်ယာဦးစီးဌာနရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်ကို တောင်သူများ သိရှိအောင် ကျယ်ကျယ် ပြန့်ပြန့် အသိပေးထားရန်၊ ပြန်လည်ဆောင်ရွက်ပေးရမည့် အစီအမံများ တင်ပြဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ဆောင်ရွက်လျက်လည်း ရှိပြီဖြစ်ပါတယ်။

ဝန်ကြီးဌာနအနေဖြင့် ချက်ချင်းပြင်ဆင်၍ရသည့်လမ်း/ တံတားလုပ်ငန်းများ၊ ရေပေးရေး (တွင်း ဆေး/ တွင်းမှုတ်) လုပ်ငန်းများအား ချက်ချင်းသွားလာ သုံးစွဲနိုင်အောင် ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာလ ၁၀ရက်နေ့အထိ လမ်းနေရာ (၄၉)ခု၊ ၂၃မိုင် ၄.၂၇ ဖာလုံ၊ တံတား (၂၂) စင်း၊ ၂၁၀၂ ပေ ပြင်ဆင်ပြီးစီးခဲ့ပြီး တွင်းဆေး/ တွင်းမှုတ်လုပ်ငန်းများအနေနဲ့ ဌာနအစီအစဉ်ဖြင့် (၄၆၇၄)တွင်း၊ အခြား ကိုယ်ထူကိုယ်ထ/ ပရဟိတအစီအစဉ်ဖြင့် (၃၃၄၄)တွင်း၊ စုစုပေါင်း (၈၁၁၈)တွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရေကြီးနစ်မြုပ်ဒေသတွေကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များသို့ လည်းကောင်း၊ အောက်တိုဘာလ ၂ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)သို့လည်းကောင်း သွားရောက်ခဲ့ပြီး ဆန်၊ ဆီ၊ စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့သလို ရေသန့်စင်ကားဖြင့် သောက်သုံးရေပေးဝေခြင်း၊ ဟိုပုံး မြို့နယ်ရှိ ကျေးရွာ (၁၆)ရွာအတွက် ရေပေးရေးလုပ်ငန်းများ ပြုပြင်ဆောင်ရွက်ရန် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေ ကျပ် သန်း (၁၅၀)စီ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။

ပူးပေါင်းပါဝင်ဆောင်ရွက်သူများ၏အခန်းကဏ္ဍ

          ဒီနေရာမှာ အလှူရှင်များ၊ ကယ်ဆယ်ရေးအဖွဲ့များရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတာ တွေ့ရပါတယ်။ စီမံခန့်ခွဲတဲ့ ဒေသအလိုက်၊ မြို့နယ်အလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီရဲ့ ကြီးကြပ် မှုဟာ အရေးကြီးတာ တွေ့ရပါတယ်။ အားတွေကို စုစည်းခြင်း၊ လိုအပ်ချက် ဖော်ထုတ်ခြင်း၊ အရေးပေါ် ကယ်ဆယ်ခြင်း၊ နေရာချထားခြင်းတို့အပြင် နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး အစစအရာရာ စီစဉ်ပေးရတာဖြစ်ပါတယ်။ ကွင်းဆင်းတော့ အလှူရှင်များ တဖွဲဖွဲရောက်ရှိလာပြီး စားစရာနဲ့ သောက်ရေ လှူနေတာတွေ ကြည်နူးဝမ်းမြောက်ဖွယ် တွေ့မြင်ရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေတဲ့ အဖွဲ့တွေမှာ တာဝန်ရှိဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့များပါဝင်ပြီး အားကျိုးမာန်တက် တက်ညီလက်ညီ ဆောင်ရွက်နေကြတာ အားရဖွယ်တွေ့မြင်ရပါတယ်။ သူရဲကောင်းများအဖြစ် ဂုဏ်ပြု မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

ပြန်လည်သုံးသပ်သင်ခန်းစာယူသင့်

          ယခင်နှစ်ပေါင်းများစွာက မဖြစ်ခဲ့ဖူးတဲ့ ယခုလိုသဘာဝဘေးမျိုး မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်ဧရိယာမျိုးမှာ “ဘာကြောင့်ဖြစ်ပေါ်ခဲ့ရသလဲ၊ ဘာကြောင့်ရေကြီးရသလဲ” စသည်ဖြင့် အကြောင်း ရင်းတွေကို ပြန်လည်သုံးသပ်သင်ခန်းစာယူကြရမှာဖြစ်ပါတယ်။ သို့မှသာ ကြိုတင်ပြင်ဆင်မှု လုပ်နိုင်မှာ ဖြစ်ပါတယ်။ “ကြိုတင် သိရှိခဲ့သလား၊ ကြိုတင်ပြင်ဆင်ခဲ့သလား၊ ဘာကြောင့် မသိတာလဲ၊ ဘာကြောင့် မပြင်ဆင်နိုင်ခဲ့တာလဲ၊ အဆောက်အဦ၊ လမ်းတံတား ဘယ်လောက်ပျက်စီးခဲ့လဲ၊ ဘာကြောင့်ပျက်စီးခဲ့လဲ၊ ထိခိုက်ပျက်စီးမှု ဘယ်လောက်ကြီးမားလဲ၊ လူသေဆုံးမှု ဘယ်လောက်ရှိသလဲ”စတဲ့အချက်တွေကို ပြန်လည် သုံးသပ်ကြရပါမယ်။

အခြေခံအဆောက်အအုံကဏ္ဍမှာ အရေးကြီးတဲ့ကျောင်းတွေ၊ ရေစီးသန်ချောင်းတွေ...သဘာဝဘေး ကြုံတတ်တဲ့ချောင်းတွေနဲ့ဆက်စပ်လမ်း၊ တံတားတွေကို သဘာဝဘေးဒဏ်ခံနိုင်တဲ့ဒီဇိုင်းတွေ လုပ်သင့်ပါတယ်။

ဒါမှသာ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ အခြေခံအဆောက်အအုံတွေ ဖြစ်လာမှာပဲဖြစ်ပါတယ်။

          ဒါကြောင့် ဆင်သေချောင်းကွင်းဆင်းတိုင်းတာစစ်ဆေးရေးအဖွဲ့ကို စက်တင်ဘာလ ၂၄ရက်နေ့မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တို့အပါအဝင် ဆက်စပ်ဦးစီးဌာန (၈)ခုမှ အဖွဲ့ဝင် (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်နေပြီဖြစ်ပါတယ်။ ကြိုတင် ကာကွယ်နိုင်ဖို့ ခုကစ ပြန်လည်ပြင်ဆင်နေတာဖြစ်ပါတယ်။

          ကြိုတင်သိရှိခဲ့ရင် အန္တရာယ်ကို ခန့်မှန်းနိုင်မှာဖြစ်ပြီး လူ့အသက်တွေကို မသေဆုံးအောင် ကျေးရွာ အဆင့်အထိ အိမ်တိုင်းသိအောင် အသိပေးနိုင်တဲ့စနစ်ရှိခဲ့ရင် တစ်ရက်ကြိုတင် ရွှေ့ပြောင်းနိုင်မယ် (သို့ မဟုတ်) ဖြစ်နိုင်ခြေကြိုပြောထားနိုင်ခဲ့လျှင် ပြင်စရာရှိတာ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့အတွက် ထိခိုက်မှု သက်သာနိုင်ပါတယ်။

          ကျွန်တော်တစ်ဦးတည်းရဲ့အမြင်အရတော့ ယခင်နှစ်ပေါင်းများစွာကတည်းက “မိုး”ကြီးလို့ “ရေ” ကြီးလို့ဆိုပြီး ဒီဒေသတွေမှာ ယခုလို အန္တရာယ်မဖြစ်ခဲ့ဖူးတော့ ရေကြီးနိုင်တဲ့ ချောင်းဘေးနေထိုင်သူများ၊ တောင်ပေါ်၊ တောင်ခြေနေထိုင်သူများ ဂရုစိုက်ကြရန်နှင့် အန္တရာယ်ရှိကြောင်း သတင်းမှာ ကြေငြာတာ ကတော့ ပြည်သူတွေအနေနဲ့ ဂရုစိုက်မှာမဟုတ်ပါဘူး။ ရွာအရောက်၊ ရပ်ကွက်အရောက်၊ အိမ်တိုင်းစေ့ အားလုံး သိအောင် အန္တရာယ်ဖြစ်နိုင်ခြေများကို လော်စပီကာနဲ့ ကြေငြာပြီး ပြောင်းသင့်၊ ရွှေ့သင့်၊ ပြင်ဆင်သင့်တာ ပြင်ဆင်မှ ရမှာဖြစ်ပါတယ်။ ပြည်သူများကလည်း ကြုံဖူးမှ ယုံကြတာ၊ ပြောတာလောက် နဲ့တော့ လိုက်လုပ်ကြမှာမဟုတ်ပါဘူး။ “မိုးရွာတာကွာ ဘာများ ထူးခြားလို့လဲ”လို့ပဲ ပြောကြမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ ပျော်ဘွယ်မြို့ရဲ့ စံချိန်တင်မိုးရေချိန်ဟာ (၁၀.၅၆)လက်မဖြစ်ပြီး၊ ရမည်းသင်းမြို့ရဲ့စံချိန်တင်မိုးရေချိန်ဟာ (၁၁.၂၂)လက်မဖြစ်လို့ နှစ်ရက်အတွင်းမိုးရေချိန်က တစ်နှစ်လုံး မိုး ရေချိန်ရဲ့၅၀%ခန့်ဖြစ်နေတဲ့အတွက် မကြုံစဖူး ရေကြီးရေလျှံမှု ကြုံခဲ့ကြရတာပဲဖြစ်ပါတယ်။ ဒါအတွေ့ အကြုံပါပဲ။ ဒီအတွေ့အကြုံကနေသင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်သင့်တာ ပြင်ဆင်ကြရမှာပဲဖြစ်ပါတယ်။

မုန်တိုင်းဘယ်ကစ

နိုင်ငံရဲ့ဘယ်အရပ်မျက်နှာတွေကနေ မုန်တိုင်းဝင်တတ်သလဲ.. ဘယ်လိုသက်ရောက်မှုတွေ ရှိတတ် သလဲ လေ့လာသုံးသပ်ကြရပါမယ်။ အဓိကအနေနဲ့ တောင်တရုတ်ပင်လယ်ကလာတဲ့ မုန်တိုင်းများကို ပြန်သုံးသပ်သင့်ပြီး ဆင့်ကဲမိုးရွာမှု၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှာဖြစ်တဲ့ ရေကြီးမှု၊ အန္တရာယ်အဆင့် သုံးသပ်မှုများ၊ တာချီလိတ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့အခြေအနေများကို သုံးသပ်ပြီး ရမည်းသင်း၊ ပျော်ဘွယ်၊ နေပြည်တော်ဧရိယာအတွင်းဖြစ်နိုင်ခြေတွေကို ပြန်သုံးသပ်ကြရမယ်ထင်ပါတယ်။ မုန်တိုင်း ဝင်ရာလမ်းကြောင်းတွေကတော့ ကြိုသိရင် ကြိုတင်ပြင်ဆင်ကြပေမဲ့ နောက်ဆက်တွဲ မိုးကြောင့်ဖြစ်တဲ့ ရေကြီးမှု၊ မြေပြိုမှုတွေမှာတော့ ပြည်သူတွေ ကြိုတင်ပြင်ဆင်မှုနည်းကြပါတယ်။

သုံးသပ်စဉ်းစားဆောင်ရွက်ရန်များ

          နေပြည်တော်ဆိုတာ ကုန်းတွင်းပိတ်ဧရိယာလိုဖြစ်နေပြီး ပေါင်းလောင်း၊ ဆင်သေ၊ ငလိုက်စသည့် အမြင့်ပိုင်းဒေသ ချောင်းတွေကလည်း မိုးတွင်းမှ/ ဆည်ရေလွှတ်မှသာ ရေရှိတော့ ပေါင်းလောင်းချောင်းမှာ ရေများချိန် စက်လှေ အနည်းငယ်သုံးလေ့ရှိတာ တွေ့ရပေမယ့် ကျန်အချိန် သိပ်မသုံးကြပါဘူး။ ဒီတော့ သဘာဝဘေးကြောင့် ရေကြီးတဲ့ချိန်မှာ ကယ်ဆယ်ရေးလုပ်ဖို့ စက်လှေ ကန့်သတ်ချက်ရှိတာ တွေ့ရပါတယ်။ စက်လှေတစ်စင်းက လူ(၁၀/၁၅)ယောက်ပဲ တင်နိုင်၊ ကယ်နိုင်တာဖြစ်လို့ အခေါက်ခေါက်အခါခါ သယ်ထုတ် ကြရ၊ စက်လှေတွေ ရန်ကုန်ကနေ လှမ်းမှာယူရတော့ ထပ်အချိန်ပေးရပြန်ပါတယ်။ ကုန်းခေါင်ခေါင်လည်း ရေကြီးနိုင်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ဖို့ လှေတွေ အရန်သင့်ရှိနေဖို့လိုအပ်တယ်ဆိုတာကို သတိပြုမိခဲ့ရ ပါတယ်။ တတ်နိုင်ရင်တော့ ဒုတိယဦးစားပေး အရန်သဘောအရ ကယ်ဆယ်ရေးလှေတွေ နေပြည်တော်၊ မန္တလေးဒေသတွေမှာလည်း ထားရှိသင့်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။

          ကယ်ဆယ်ရေးစခန်းများကိုကြည့်ရင် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများ ဖြစ်တာ တွေ့ရပါတယ်။ ရွာတွေမှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ အခိုင်အမာဆောက်ထားရင် အရေးပေါ် ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးဝင်တာ တွေ့ရပါတယ်။ စက်တင်ဘာလ (၂၂)ရက်နေ့၌ လယ်ဝေးမြို့နယ်၊ ကွမ်းခြံရွာကို ကွင်းဆင်းစစ်ဆေးချက်အရ လုပ်ငန်းရှင် ဦးကျော်ဆန်းရဲ့၃ထပ်တိုက်အိမ်မှာ Shelter သဘောမျိုး လူ (၁၆၀)ခန့် ရေဘေးကနေ ခိုလှုံနိုင်ခဲ့တာ သိခဲ့ရပါတယ်။ အခြေခံအဆောက်အဦဖွံ့ဖြိုးမှုဟာ ဒီနေရာမှာလည်း များစွာအရေးပါလှပါတယ်။

          စနစ်တကျ ဒီဇိုင်းရေးဆွဲပြီး သဘာဝဘေးဒဏ်ခံနိုင်အောင် ရင်းနှီးမြုပ်နှံတည်ဆောက်ထားတဲ့ လမ်း/ တံတားတွေက တာဘောင်/ ချဉ်းကပ်လမ်းများလောက်သာ ပျက်စီးမှုရှိတာ တွေ့ရသလို အခိုင်အခန့် ဆောက်ထားတဲ့အိမ်ကြီး/ အိမ်ကောင်းများဟာလည်း ကြံ့ကြံ့ခံ ကျန်ရစ်တာတွေ့ရပါတယ်။ ရန်ပုံငွေ အနည်း အကျဉ်းမျှနဲ့ သွားဖြစ်လာဖြစ်အောင် ဦးစားပေးတည်ဆောက်ထားတဲ့လမ်း/ တံတားတွေ၊ ငွေကြေးမတတ် နိုင်လို့ တော်သင့်ရုံတည်ဆောက်ထားတဲ့အိမ်တွေ ရေစီးနဲ့ မျောပါပျက်စီးကြတာ တွေ့ရပါတယ်။ ပျက်စီးမှုများ အနက် ရွှံနွံအထပ်ထပ်ဖုန်းပြီး မြေပို့သွားတဲ့လယ်မြေများကို နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့ ပြန်လည် ပြင်ဆင်ပေးမှ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။

သဘာဝဘေးဒဏ် တုံ့ပြန်နိုင်စွမ်းအားကောင်းရန်

          ရရှိခဲ့တဲ့အတွေ့အကြုံအရ သဘာဝဘေးဟူသည် မမျှော်မှန်းနိုင်တဲ့ကိစ္စရပ်များတွင် တစ်ခုအပါအဝင် ဖြစ် သည့်တိုင် ကြိုတင်စဉ်းစားထည့်သွင်းတွက်ချက်ရတဲ့ကိစ္စရပ်တစ်ခုလည်းဖြစ်ပြန်ပါတယ်။ ဒါ့ကြောင့် သဘာဝ ဘေးဆိုင်ရာအသိပညာ၊ အကာအကွယ်၊ ကြိုတင်ပြင်ဆင်ထားရှိသင့်သည်များကို ကျယ်ကျယ်ပြန့်ပြန့် အသိ ပညာပေး ဆောင်ရွက်ကြဖို့ လိုအပ်သလို အခြေခံအဆောက်အဦများ တည်ဆောက်ရာမှာ သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိတဲ့ဒီဇိုင်း၊ အရည်အသွေးများဖြင့်တည်ဆောက်ကြဖို့၊ ကျေးရွာများမှာ သဘာဝဘေးဒဏ် ရှောင် ရှား ခိုလှုံနိုင်မည့် Multipurpose ဘက်စုံသုံးခန်းမများ၊ Shelterများ တည်ဆောက်ထားရှိရန်၊  သဘာဝဘေး ဖြစ်ပေါ်ပါက ခုခံကျော်လွှားနိုင်မည့်အစီအမံများ ကြိုတင်စီမံထားရှိရန် လိုအပ်မှာဖြစ်ပါတယ်။ အရာရာမှာ ငွေဟာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်တာဖြစ်တဲ့အတွက် ဒီလိုအစီအမံတွေ ဆောင်ရွက်ထားနိုင်ဖို့ လုံလောက်တဲ့ရန်ပုံငွေ၊ ဘဏ္ဍာငွေအရင်းအမြစ်တွေရှိဖို့ လိုအပ်သလို နည်းပညာပိုင်းကလည်း ဖြည့်ဆည်း နိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်အစိုးရတစ်ခုတည်းရဲ့အင်အားနဲ့တင် အရာအားလုံး လွှမ်းခြုံနိုင်ဖို့ရာ တကယ်တမ်းမှာ မလွယ်ကူလှပါဘူး။ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ သို့မှသာ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့၊ တုံ့ပြန်နိုင်စွမ်းအားကောင်းတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင် နိုင်မှာဖြစ်ပြီး မြို့ပြရောကျေးလက်ပါ ဘေးကင်းသာယာမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

 

ခန့်ဇော်(ကျေးလက်)