ပန်းယွန်းလေးများ ပွင့်လန်းစေဖို့ ယွန်းပညာကောလိပ်သို့ တက်ရောက်ကြပါစို့

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန | Oct 30, 2024

            မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များအနက် “ပန်းချီ၊ ပန်းပု၊ ပန်းတိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းပဲ၊ ပန်းရံ၊ ပန်းပွတ်၊ ပန်းယွန်း” ဆိုသည့် ပန်းဆယ်မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သော ပန်းယွန်းပညာရပ်သည် ယနေ့ထက်တိုင် မြန်မာလူမျိုးတို့ ထိန်းသိမ်းလာသော လက်မှုအနုပညာတစ်ရပ် ဖြစ်ပါသည်။

           ရှေးမြန်မာလူမျိုးတို့၏ ရိုးရာလက်မှုအနုပညာလုပ်ငန်းများကို အကျဉ်းအားဖြင့် သုခုမ အနုပညာ ဆယ်ပါးဟု သတ်မှတ် ခေါ်ဝေါ်ခဲ့ကြကြောင်း ရှေးဟောင်းစာပေများ၌ တွေ့ရှိရပါသည်။ ရှေးအခါက “ပန်” ဟု ခေါ်ပြီး နှောင်းခေတ်တွင် “ပန်း” ဟုခေါ်ဝေါ်လာကြခြင်းဖြစ်ပါသည်။ ပန်းဆယ်မျိုးလုံးအား အတွေးအခေါ် အမြော်အမြင် ဆင်ခြင်ဉာဏ်ဖြင့် စီမံချဲ့ထွင်လုပ်ကိုင်ရသဖြင့် သုခုမအနုပညာဟုလည်း ခေါ်တွင်ခဲ့ကြကြောင်း မှတ်သားရပါသည်။ ပန်းယွန်းဟူသောစကားရပ်ကို မြန်မာကျောက်စာများ၌ တိုက်ရိုက်မတွေ့ရသော်လည်း ယွန်းနှင့် ပတ်သက်ဆက်နွယ်နေသော အသုံးအဆောင်ပစ္စည်းများကိုမူ ပုဂံခေတ်ကျောက်စာများတွင် တွေ့ရှိရပါသည်။ ပန်းယွန်းဟုဆိုရာ၌ ပြုလုပ်ပုံနည်းစနစ် မတူညီခြင်း ကြောင့် ကညစ်ယွန်း၊ ရွှေဇဝါယွန်း၊ သားရိုးပန်းကြွယွန်း၊ မှန်စီရွှေချယွန်းနှင့် ခေတ်မီယွန်း အစရှိသဖြင့် ကွဲပြားသည်ကိုလည်း လေ့လာရပါသည်။

             မြန်မာ့ယွန်းအကြောင်းကို ရှေးဟောင်းအမွေအနှစ်များ၊ ကျောက်စာ စာပေများတွင် လက်လှမ်း မီသမျှ ပြန်လည်ရှာဖွေလေ့လာပါက ယွန်းထည်များကို လူသုံး၊ အိမ်သုံး၊ အသုံးအဆောင်များအပြင် ဘာသာရေး၊ သာသနာရေး အသုံးအဆောင်များအထိ ကျယ်ပြန့်စွာအသုံးပြုခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ရှေးမြန်မာမင်းများလက်ထက် အိမ်းနီးချင်းနိုင်ငံများသို့ လက်ဆောင်ပဏာ အပြန်အလှန် ပေးပို့ရာတွင်လည်း ယွန်းထည်များကို အဆန်းတကျယ် ပြုလုပ်ပေးပို့ခဲ့ကြောင်း တွေ့ရှိရပါသည်။

             ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက်တွင် ဂူ၊ ကျောင်း၊ တန်ဆောင်း၊ ပြဿဒ်များ တိုးချဲ့ ဆောက်လုပ်ပြီး အနုပညာလုပ်ငန်းများကို အားပေးခဲ့ကြရာမှ သထုံပြည် မနူဟာမင်းနှင့်အတူ ပါလာသည့် မွန်အနုပညာသည်များ၊ အိန္ဒိယမှလာသည့် အနုပညာသည်များနှင့် ရှေးဟောင်းပျူ အဆက်အနွယ် အနုပညာရှင် တို့စုံလင်စွာ စုပေါင်း၍ ထပ်ဆင့်တီထွင်ခဲ့ကြသဖြင့် ပန်းဆယ်မျိုး အနုပညာလုပ်ငန်းများ အပြိုင်အဆိုင် တိုးတက်လာခဲ့ကြကြောင်းလေ့လာသိရှိရပါသည်။ မြန်မာ့ယွန်း အတတ်ပညာကို ခေတ်အဆက်ဆက် ဆက်လက်ထိန်းသိမ်းပြီး ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရခြင်းကြောင့် ယခုအခါ မြန်မာ့ယွန်းထည်များ နိုင်ငံတကာမှ ပိုမိုနှစ်သက်လက်ခံလာသည့်အဆင့်အထိ ရောက်ရှိလာခဲ့ ပြီဖြစ်ပါသည်။

           မြန်မာတို့သည် ပန်းယွန်းအတတ်ပညာကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ရပ်အဖြစ် သားစဉ်မြေးဆက် လက်ဆင့်ကမ်း လုပ်ကိုင်ဆောင်ရွက်ရင်း ရိုးရာအစဉ်အလာမပျက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပါသည်။ မြန်မာ့ပန်းယွန်းပညာကို စာပေပညာရှင်များနှင့် သုတေသီတို့က အထောက်အထားအမျိုးမျိုး၊ အယူအဆအမျိုးမျိုးတို့ဖြင့် ရေးသားဖော်ပြခဲ့ကြသည်။ အချို့သုတေသီများက မြန်မာ့ယွန်းပညာသည် တရုတ်နိုင်ငံမှ ရောက်ရှိပြန့်ပွားလာသော ပညာဟုဆိုကြသည်။

           တရုတ်နိုင်ငံတွင် ယွန်းလုပ်ငန်းအတတ်ပညာသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ကပင် ပေါ်ပေါက်ထွန်းကားနေသော ပညာရပ်ဖြစ်သည်။ မြန်မာတို့သည် တရုတ်တို့နှင့် အဆက်အသွယ်ရှိခဲ့ ကြကြောင်း ရှေးဟောင်း မှတ်တမ်းများအရ သိရှိရပါသည်။ အေဒီ ၅၀၀-၉၀၀ အတွင်း မြန်မာနိုင်ငံမှ အစောဆုံး ပျူယဉ်ကျေးမှု အဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သည်။ ၎င်းတို့သည် တရုတ်နိုင်ငံမှ ယွန်းအတတ်ပညာနှင့် အခြားသောယဉ်ကျေးမှုများကို လေ့လာခဲ့ကြခြင်း ဖြစ်သည်ဟု လုစ်ဂေါ်ဒွန်    (Luce Gordan) က ယူဆထားပါသည်။

ပန်းယွန်းပညာရပ် ပျောက်ကွယ်လုနီးပါး ဖြစ်လာခြင်း

          မြန်မာ့ပန်းယွန်းလက်မှုအနုပညာအတတ်ကို ရှေးအခါက မြန်မာပြည်အနှံ့ ပုဂံ၊ စလေ၊ တောင်သာ၊ မြင်းခြံ၊ ကျောက်ကာရွာ(မုံရွာမြို့)၊ တန့်ဆည်၊ ဝက်သဲ၊ မောင်းထောင်၊ ရေဦး၊ အင်းလေး၊ လဲခြား၊ ကျိုင်းတုံစသည့်ဒေသများတွင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြပါသည်။ မောင်းထောင်ယွန်း၊ ကျောက်ကာယွန်း၊ လဲခြားယွန်း၊ ပုဂံယွန်း ဟူ၍ ဒေသအမည်နှင့် ယွန်းပစ္စည်းကို တစ်ပါတည်း ခေါ်ဝေါ် သမုတ်လျက် ထင်ရှားကျော်ကြားခဲ့ပါသည်။ ယခုအခါ ပန်းယွန်းလုပ်ငန်းများကို ပုဂံဒေသနှင့် ကျောက်ကာ(မုံရွာ)ဒေသ၊ ကျိုင်းတုံ ဒေသများ၌သာ လုပ်ကိုင်နေကြပြီး ကျန်ဒေသများတွင် ပျောက်ကွယ် လုနီးပါး အခြေအနေဖြစ်ပါသည်။

          “ယွန်းလုပ်ငန်းတွေကတော့ ကိုဗစ်ကာလလောက်က စပြီးရပ်ထားတာ အခုချိန်ထိပဲ။ အလုပ်ရုံကြီး တွေလည်းရပ်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေလည်းရပ်။ ယွန်းဈေးကွက်က ဧည့်သည်ကိုမှီခိုပြီး လုပ်ရတာဆိုတော့ ဧည့်သည်မလာရင်ထိတာပဲ” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

          “ရှေးတုန်းကတော့ အိမ်တွေမှာ ယွန်းကွမ်းအစ်၊ လက်ဖက်အုပ်၊ ဆွမ်းအုပ်၊ ရေခွက်တို့ကို အသုံးပြုကြတော့ အရောင်းအဝယ် ကောင်းတာပေါ့။ ၁၉၆၀ ခုနှစ်ကျော်လောက်အထိ မြင်းကပါသားတွေ ၁၂ ပွဲလှည့်ပြီးရောင်းတာရှိခဲ့တယ်။ အခုတော့ ထိုင်ရောင်း၊ အမှာရှိရင်ပို့ပဲ၊ ၁၂ ပွဲ မလှည့်နိုင်တော့ဘူး။” 

         “ပုဂံယွန်းအသက်ဆက်နေတာ နိုင်ငံခြားဧည့်သည်တွေကြောင့်လည်းပါတယ်။ ပြည်တွင်း ဘုရားဖူးတွေကတော့ ပုဂံရောက်တုန်းအမှတ်တရအဖြစ်သာဝယ်တာများတော့ တန်ဖိုးကြီး၊ အနုစိပ်တဲ့ အထည်တွေ မရောင်းရဘူး။ ဟိုတယ်တွေ၊ ငွေကြေးတတ်နိုင်သူတွေကတော့ အလှဆင်ဖို့အတွက် ဝယ်တာတွေ ရှိတယ်။ ဒါကလည်းနည်းပါတယ်” ဟုပြောပါသည်။

        “ဒီနေ့ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ ယွန်းလုပ်ငန်းတွေမှာ အမွေဆက်ခံမယ့်သားသမီး ရှားပါးလာခြင်းပါပဲ။ မြင်းကပါက ယွန်းလုပ်ငန်းတွေ မိရိုးဖလာပညာကို အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တာ။ သင်တန်းတွေ ဘာတွေနဲ့သင်တာမဟုတ်ဘူး။ လုပ်ငန်းခွင်မှာ လုပ်ရင်းသင်ယူရတာပဲ။ မိဘက သင်ပေးတာရှိသလို ဆရာတွေဆီမှာသင်ပေးပါ ခိုင်းပါဆိုပြီးအပ်တာလည်းရှိတယ်။ နွေကျောင်းပိတ် ရက်ဆိုရင် မိန်းကလေး ရောယောက်ျားလေးပါ ယွန်းပညာသင်ရတာထုံးစံပဲ။ အခုနောက်ပိုင်းမှာတော့ ကလေးတွေက ယွန်းသင်တာထက် ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ လုပ်တာ၊ ခရီးသွားလုပ်ငန်း မှာဝင်လုပ်တာကို ပိုပြီးစိတ်ဝင်စားတယ်။ ဝင်ငွေလည်းကောင်းတယ်၊ ယွန်းလုပ်ငန်းလိုလည်း ပညာသင်ရတာ လက်မဝင်ဘူး။ ဒါကြောင့် ယွန်းပညာသင်တဲ့ လူငယ်တွေမရှိသလောက်ဖြစ်လာပြီ။ အခုဆေးသွင်း၊ ပုံဆွဲလုပ်နေတဲ့သူတွေက အသက်သုံးဆယ်တန်းတွေ၊ သူတို့နောက်မှာ အမွေဆက်ခံ မယ့်သူမရှိတော့ဘူး။ ဒီအတိုင်းဆက်သွားရင် ယွန်းပညာမျိုးဆက်ပြတ်တော့မယ်”ဟု လုပ်ငန်းရှင်တစ်ဦး၏ ညည်းတွားပြောဆိုမှုကို ကြားသိခဲ့ရပါသည်။

ပန်းယွန်းဈေးကွက်ရဲ့ အခက်အခဲနှင့် ကန့်သတ်ချက်များ

          ယွန်းထည်ပစ္စည်းထုတ်ကုန်များသည် လက်မှုပစ္စည်းများဖြစ်သည်နှင့်အညီ ထုတ်လုပ်ရာတွင် အနုပညာမြောက် ထုတ်လုပ်ဖန်တီးရသဖြင့်  ထုတ်လုပ်သည့် ကာလကြာမြင့်တတ်ပါသည်။ ယွန်းထည် တစ်မျိုး ထုတ်လုပ်ရန် အခြောက်ခံကာလသည် အနည်းဆုံး ခြောက်လခန့်ကြာမြင့်ပါသည်။ ပြည်ပမှ မှာယူ လိုသူများ များစွာရှိသော်လည်း အချိန်ကိုက် ယွန်းထုတ်ကုန် ပစ္စည်းများကို လိုသလောက် ပေးပို့ရန် အခက်အခဲရှိပါသည်။ ဈေးကွက်ဝယ်လိုအားရှိသော်လည်း ထုတ်လုပ်နိုင်မှု ပမာဏ အကန့်အသတ်ရှိနေခြင်းက ဈေးကွက်ထိုးဖောက်မှုအတွက် အဟန့်အတားဖြစ်စေလျက်ရှိပါသည်။

          ထို့ပြင်ယနေ့ယွန်းထည်ထုတ်လုပ်သော လုပ်ငန်းရှင်အများစုသည် ဈေးကွက် အပေါ်လိုက်၍ အရည်အသွေးပိုင်းတွင် အလျော့အတင်းပြုလုပ်၍ ထုတ်လုပ်လာကြသဖြင့် ယွန်းထည်ပစ္စည်း၏ အရည် အသွေးကို အာမခံပေးရန် ခက်ခဲလာလျက်ရှိပါသည်။ အခြားသော အခက်အခဲမှာ ယွန်းထည်ပစ္စည်းများ တွင် စံကိုက်စနစ် (Standard Size) မရှိခြင်းဖြစ်ပါသည်။ ဥပမာ ပြည်ပမှ တစ်ပေ ဆွမ်းအုပ်မှာသည် ဆိုပါက ဆွမ်းအုပ်၏ ထိပ်ဖူးမှ အောက်ခံထိ တစ်ပေအမြင့်ရှိပြီး ထိပ်ဖူးအရွယ်အစား မည်မျှရှိရမည်၊ ကိုယ်ထည်၏ အကျယ်သည် မည်မျှရှိရမည် စသဖြင့် စံကိုက်သတ်မှတ်ထားသော (Standard Size) ရှိမနေခြင်း ဖြစ်ပါသည်။

          ပြည်ပက ယွန်းပစ္စည်းများမှာယူရာတွင် ယွန်းလုပ်ငန်းရှင်များစွာက ပစ္စည်းတစ်မျိုးတည်းကိုပင် ပုံစံအမျိုးမျိုးဖြင့် ပေးပို့ရောင်းချနေကြလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ထို့ပြင် ယွန်းပစ္စည်းများ သည် လွန်စွာတန်ဖိုးကြီးမားသော်လည်း ခိုင်ခန့်လှပသေသပ်သော ထုတ်ပိုးမှုပုံစံရှိ မနေခြင်းကလည်း ယွန်းဈေးကွက်အတွက် လိုအပ်ချက်အဖြစ်ရှိနေသည်ကို တွေ့ရှိရ မည်ဖြစ်ပါသည်။

        အဆိုပါ အခက်အခဲများနှင့် ကန့်သတ်ချက်များ ကျော်လွှားနိုင်စေရန် ယခုအခါ ယွန်းပညာ ကောလိပ်တွင် မြန်မာ့ယွန်းလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ ယွန်း ပစ္စည်းထုတ်ပိုးမှုစနစ်များ ပိုမိုကောင်းမွန်လာစေရေး နည်းလမ်းများအား ဆွေးနွေးချပြခြင်း၊ ယွန်း ပစ္စည်းများအား စံကိုက်စနစ်တစ်ခုထားရှိရေး ဆွေးနွေးပြောကြားခြင်းနှင့် ယွန်းအခြောက်ခံကာလ ပိုမိုတိုတောင်းစေရန် ဆောင်ရွက်နိုင်သည့် ခေတ်မီနည်းစနစ်များအား သရုပ်ပြဆွေးနွေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပန်းယွန်းအတတ်ပညာသင်ကျောင်းစတင်ဖွင့်လှစ်ခြင်း

          အဆိုပါ ရှေးမြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော ပန်းယွန်းအတတ်ပညာကို မတိမ်ကောမပပျောက်စေရန်နှင့် ရေရှည်တည့်တံခိုင်မြဲစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သူမှာ အင်္ဂလိပ်အစိုးရ လက်ထက် ပုဂံဝန်ထောက်အဖြစ်ထမ်းဆောင်ခဲ့သူ ဝန်ထောက်မင်း ဦးတင်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်၏ အမျှော်အမြင်ရှိမှုကြောင့် ယွန်းကုန်သည်ကြီးများပူးပေါင်း၍ ပုဂံမြို့တွင် မြန်မာ့ပထမဦးဆုံး ယွန်းထည် လုပ်ငန်းအတတ်သင်ကျောင်းကို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် အစိုးရ အသိအမှတ်ပြု ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ကြောင်း လေ့လာရပါသည်။

          လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၀ ခုနှစ် မတ်လတွင် ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းကို သုံးနှစ်သင်တန်းမှ တစ်နှစ်သင်တန်းအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၅ ခုနှစ် အထိ ငါးနှစ် ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ တပ်မတော်က အစိုးရအဖြစ် တာဝန်ယူခဲ့သည့် ၁၉၉၄ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့တွင် ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းမှ မြန်မာ့ယွန်းသိပ္ပံအဆင့်သို့ လည်းကောင်း၊ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ့ယွန်းသိပ္ပံအဆင့်မှ ယွန်းပညာကောလိပ် အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ယနေ့ထိ နှစ်တစ်ရာ တိုင်တိုင်ကျော်ခဲ့ပြီးဖြစ်ပါသည်။ ကောလိပ်တစ်ခု၏ အင်္ဂါရပ်နှင့်လျော်ညီစွာ စာသင် ခန်းမများ၊ ဘွဲ့နှင်းဆောင်၊ ကျောင်းသား/ ကျောင်းသူအိပ်ဆောင်များ၊ ဓာတ်ခွဲခန်း၊ သုတေသန အလုပ်ရုံ၊ စာကြည့်တိုက်၊ အားကစားကွင်း စသည်ဖြင့် နိုင်ငံတော်အစိုးရဆက်ဆက်က ဖြည့်ဆည်း ဆောင်ရွက် ထားရှိပေးပြီး ဖြစ်ပါသည်။

သင်တန်းများဖွင့်လှစ်ပေးလျက်ရှိခြင်း

          ယွန်းပညာကောလိပ်(ပုဂံ)တွင်  ယွန်းအတတ်ပညာဒီပလိုမာ တစ်နှစ်သင်တန်း (တက္ကသိုလ် မှ ဘွဲ့တစ်ခုခုရရှိပြီး၊ အသက်(၃၅)နှစ် မကျော်သူများ)အား လက်ခံသင်ကြားပေးလျက် ရှိသည့်အပြင် ယွန်းအတတ်ပညာဒီပလိုမာနှစ်နှစ်သင်တန်း (တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး၊ အသက် (၂၅)နှစ် မကျော်သူများ)အား လက်ခံသင်ကြားပေးလျက်ရှိပါသည်။   ယွန်းအတတ်ပညာဒီပလိုမာနှစ်နှစ်သင်တန်း အောင်မြင်ပြီးသူများသည် စီးပွားရေးတက္ကသိုလ်များသို့ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၁ ခုနှစ်ထိ ပေါင်းကူး တက်ရောက်ခွင့်ရရှိခဲ့ပါသည်။

             ၂၀၁၁ ခုနှစ်မှ ယနေ့ထိ သမဝါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း၊ သန်လျင်)များသို့ ပေါင်းကူး တက်ရောက်ခွင့်ရရှိလျက်ရှိပြီး၊ သက်ဆိုင်ရာတက္ကသိုလ်များမှ ပေးအပ်သောဘွဲ့များကို ရရှိကြပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ် (စစ်ကိုင်း၊ သန်လျင်)မှ ပေးအပ်သောဘွဲ့များမှာ စီးပွားရေးသိပ္ပံဘွဲ့ (လူမှု စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ) B.BSc (Social Enterprises Management)၊  စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) B.BSc (Regional Development)၊ စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့်ဘဏ္ဍာ ရေးပညာ) B.BSc (Accounting & Finance)၊ စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ) B.BSc (Marketing Management)နှင့် စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ) B.BSc (Applied Statistics) တို့ဖြစ်ပါသည်။

ကာလတိုသင်တန်းများဖွင့်လှစ်ပေးနိုင်မှု

          ယွန်းပညာရပ်များဖွံဖြိုးတိုးတက်ရေး၊ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း များရရှိစေရေးတို့ကိုရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းများကို လည်းဖွင့်လှစ်သင်ကြား ပေးလျက်ပါသည်။ ဖွင့်လှစ်လျက်ရှိသောသင်တန်းများမှာ ရွှေဇဝါယွန်းနည်းပညာသင်တန်း၊ အနက်ထည် ယွန်းနည်းပညာသင်တန်း၊ ကညစ်ယွန်းနည်းပညာသင်တန်း၊ သားရိုးပန်းကြွယွန်းနည်းပညာသင်တန်း၊  ဝါးလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဂျပန်ယွန်းနည်းပညာသင်တန်းနှင့် လူသုံးကုန်ယွန်းထည် ပစ္စည်းထုတ်လုပ်မှုသင်တန်းတို့ဖြစ်ပါသည်။ ၂၀၁၅-၂၀၁၆ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ထိ ကာလတို သင်တန်း(၂၆)ကြိမ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး၊ သင်တန်းသားဦးရေ ၄၄၅ ဦးအား သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။

          ယွန်းပညာကောလိပ်တွင် ၁၉၂၄-၁၉၂၅ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ထိ အခြေခံ ယွန်းပညာသင်တန်းသား ၁၀၆၅ ဦး၊ အထက်တန်းယွန်းပညာသင်တန်းသား ၁၄၀ ဦး၊ ယွန်းအတတ် ပညာဒီပလိုမာသင်တန်းသား ၁၂၄ ဦး၊ ယွန်းအတတ်ပညာဒီပလိုမာ တစ်နှစ် အထူးသင်တန်းသား ၆၁ ဦးနှင့် ယွန်းအတတ်ပညာဒီပလိုမာ နှစ်နှစ်သင်တန်းသား (တက္ကသိုလ်ပေါင်းကူး) ၁၁၅၉ ဦး စုစုပေါင်း ၂၅၄၉ ဦးအား ယွန်းပညာရပ်များသင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

ယွန်းပညာသင်တန်းသားများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်း

              ၁၉၂၄ ခုနှစ်၊ ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းအဖြစ် စတင်ရပ်တည်ခဲ့သည့် အချိန်တွင် စတုတ္ထတန်းအောင်မြင်သူများအား လက်ခံသင်ကြားပေးပြီး ပညာသင်ကာလမှာ သုံးနှစ်ဖြစ်ပါသည်။ ပညာသင်ထောက်ပံ့ကြေးအနေဖြင့် ပထမနှစ်သင်တန်းသားတစ်ဦးလျှင် ၅ ကျပ်၊ ဒုတိယနှစ်သင်တန်းသား တစ်ဦးလျှင် ၇ ကျပ်နှင့် တတိယနှစ်သင်တန်းသား တစ်ဦးလျှင် ၁၀ ကျပ် နှုန်းဖြင့် ၁၉၄၇ ခုနှစ်အထိ လစဉ်ထောက်ပံ့ပေးခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် ပညာသင် ထောက်ပံ့ကြေးများကို ပညာသင်နှစ်အလိုက် ၁၅ ကျပ်၊ ၁၈ ကျပ်နှင့် ၂၀ ကျပ်အထိ တိုးမြှင့်ထောက်ပံ့ ခဲ့ပါသည်။

              ၁၉၆၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အစိုးရက ယွန်းထည်လုပ်ငန်း အတတ်သင် ကျောင်း၏ပညာသင်ကာလအား သုံးနှစ်မှ တစ်နှစ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး သင်တန်းသားများ အား လစဉ်ပညာသင်ထောက်ပံ့ကြေး ကျပ် ၂၀ ကျပ် ချီးမြှင့်ခဲ့ပါသည်။ သင်တန်းကာလ တစ်နှစ်ဖြင့် ငါးနှစ်ကြာ ဖွင့်လှစ်ခဲ့ပြီး ၁၉၆၅ ခုနှစ် မတ်လ ၁ ရက်နေ့တွင် သင်တန်းကာလအား နှစ်နှစ်အဖြစ် ထပ်မံပြောင်းလဲ ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသားများကိုလည်း လစဉ်ပညာသင် ထောက်ပံ့ကြေး ကျပ် ၄၀ ကျပ် သို့ တိုးမြှင့်ထောက်ပံ့ပေးခဲ့ပါသည်။

              ၁၉၈၆-၁၉၈၇ ပညာသင်နှစ်မှစ၍ သင်တန်းသားများသာမက သင်တန်းသူများကိုပါ လက်ခံ သင်ကြားပေးခဲ့ပြီး လစဉ်ပညာသင်ထောက်ပံ့ကြေးအား ကျပ် ၆၀ အထိ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပါသည်။  ၁၉၉၀-၁၉၉၁ ပညာသင်နှစ်မှစ၍ သင်တန်းသားများသည် အဆောင်အခမဲ့နေထိုင်ခွင့်ရရှိခဲ့ပြီး လစဉ် ပညာသင်ထောက်ပံ့ကြေးကိုလည်း ကျပ် ၂၄၀ အထိ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပါသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော မြန်မာ့ယွန်းအတတ်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်ရှင်သန်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၁၉၉၅ ခုနှစ် မေလတွင် ယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းမှ မြန်မာ့ယွန်းသိပ္ပံအဖြစ်သို့ အဆင့်မြှင့်တင်ခဲ့ပြီး လစဉ်ပညာ သင်ထောက်ပံ့ကြေးအဖြစ် ကျပ် ၃၀၀ ကျပ်သို့ တိုးမြှင့်ပေးခဲ့ပါသည်။

          ၁၉၂၄ ခုနှစ်တွင် ပုဂံဝန်ထောက်မင်းဦးတင် စတင်တည်ထောင်ခဲ့သည့် ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းသည် ခေတ်အဆက်ဆက် အနုပညာမြတ်နိုးသူများ၏ လက်ဆင့်ကမ်းထိန်းသိမ်း မြှင့်တင်ခဲ့မှုများကြောင့် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ယွန်းပညာကောလိပ်အဖြစ်ရပ်တည်နိုင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ခေတ်ကာလနှင့်လျော်ညီမှုရှိစေရေးအတွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လစဉ်ပညာသင် ထောက်ပံ့ကြေး ကျပ် ၁၈၀၀၀ သို့လည်းကောင်း၊ ၂၀၁၆  ခုနှစ်မှ ယနေ့အထိ လစဉ်ပညာသင် ထောက်ပံ့ ကြေး ကျပ် ၃၀၀၀၀ သို့လည်းကောင်း အဆင့်ဆင့်တိုးမြှင့် ထောက်ပံ့၍ မြန်မာ့ယွန်းအနုပညာရပ် အမွေခံကျောင်းသားများအား လက်ဆင့်ကမ်းပျိုးထောင်လျက်ရှိပါသည်။

ယွန်းပညာကောလိပ်သို့ တက်ရောက်မည့် သင်တန်းသားများ ရရှိနိုင်သော အခွင့်အရေးများနှင့် အခွင့်အလမ်းများ

              ယွန်းပညာကောလိပ်သို့ တက်ရောက်မည့် သင်တန်းသားများ ရရှိနိုင်သော အခွင့်အရေးများ နှင့်အခွင့်အလမ်းများမှာ အဆောင်အခမဲ့နေထိုင်ခွင့်ရရှိခြင်း(ရေ၊ မီးအခမဲ့သုံးစွဲခွင့်)၊ ကျောင်းသားများ အား လစဉ်ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ကျောင်းသားများ လုံခြုံစိတ်ချစွာဖြင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ခြင်း၊ သင်ကြားမှုအထောက်အကူဖြစ်စေရန် ကျောင်းဝန်းအတွင်း Fiber Internet နှင့် Multi-media Room တို့ကို အခမဲ့အသုံးပြုခွင့်ရရှိခြင်း၊ စားသောက်ရေးအတွက် စားရိပ်သာကော်မတီမှ စီစဉ်ဆောင်ရွက်ပေးခြင်း၊ ကိုယ်ခန္ဓာ ကျန်းမာ၊ ကြံ့ခိုင်ခြင်းအတွက် အားကစားပစ္စည်းများ ထားရှိပေးခြင်း၊ ပျော်ပွဲ၊ ရွှင်ပွဲ၊ အားကစားပွဲနှင့် ရာသီပွဲတော်များ ကျင်းပပြုလုပ်ပေးခြင်း၊ ပညာရေးဆုံးခန်းတိုင် သင်ကြားခြင်းမပြုနိုင်သော လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းအတတ်ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများရရှိခြင်း၊ ပုဂ္ဂလိက ယွန်းထည်အလုပ်ရုံများတွင် ကျွမ်းကျင်လုပ်သားများ အဖြစ်ဝင်ရောက် လုပ်ကိုင်နိုင်ခြင်း၊ တစ်ပိုင်တစ်နိုင်လက်မှုလုပ်ငန်းငယ်များ ထူထောင်လာနိုင်ခြင်းနှင့် National Skills Standard Authority (NSSA) အသိအမှတ်ပြုကျွမ်းကျင်မှု(အဆင့်-၁)နှင့် (အဆင့်-၂) သို့ ဝင်ရောက်ဖြေဆို နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း

              ယွန်းပညာကောလိပ်သည် ယွန်းထည်ပညာရပ်အား ရိုးရာအမွေအနှစ်ထိန်းသိမ်းရုံမျှမကဘဲ ခေတ်မီနည်းပညာရပ်များဖြင့် ပေါင်းစပ်ဖန်တီးနိုင်ရန် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆-၂၀၁၇  ဘဏ္ဍာရေးနှစ်တွင် သစ်စေးနှင့် ရောင်ခြယ် ဆေးမှုန့်များတွင် ပါဝင်သော ဓါတုဒြပ်ပေါင်းများ ရှာဖွေခြင်း၊ ရွေး(ဟင်္သပဒါး) ထုတ်လုပ်မှုနည်းစနစ် စမ်းသပ်ဖော်ထုတ်ခြင်း၊ ဂျပန်ဆိုးဆေးမှုန့်များဖြင့် အစားထိုးစမ်းသပ်ခြင်း၊ သစ်ဆေးခြောက်သွေ့မှုကို တိုင်းတာခြင်းနှင့် ရွှေဇဝါယွန်းထည်များတွင် ပွတ်တိုက်မှုဒဏ်ကိုခံနိုင်ရန်အတွက် စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

              ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ယွန်းထည်ပစ္စည်းများတွင် အသုံးပြုသော မြန်မာဆိုးဆေး မှုန့်များနှင့် ဂျပန်ဆိုးဆေးမှုန့်များ၏ ဓါတုဒြပ်ပေါင်းပါဝင်မှုပမာဏကို တိုင်းတာရှာဖွေခြင်း၊ ဒေသအလိုက် ထွက်ရှိသော သစ်စေးများ၏ လှိုင်းအလျား (Wavelength)ကို ရှာဖွေတိုင်းတာခြင်းနှင့် ဆေးဒါန်း ထုတ်လုပ်သည့် နည်းစနစ်ကို ရှာဖွေစမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

              ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ယွန်းထည်ပစ္စည်းများအတွင်း မာကျူရီ(Hg)နှင့် အာဆင်းနစ်(As) ဓါတုဒြပ်ပေါင်းများ ပါဝင်မှုကိုစမ်းသပ်တိုင်းတာခြင်း၊ သစ်စေးများ၏ စေးပျစ်မှု (Viscosity)ကို စမ်းသပ်တိုင်းတာခြင်း၊ သစ်စေးများကို သန့်စင်မှုရှိစေရန် ချက်လုပ်ရာတွင် လိုအပ်သော အပူချိန် (Temperature)၊ ကြာမြင့်ချိန်(Time Hour)နှင့် ရေဓါတ်ပါဝင်မှုများကို တိုင်းတာမှတ်သားခြင်းများ ဆောင်ရွက်ခြင်း၊ ယွန်းထည်ပစ္စည်းများအတွင်း ရေသန့်၊ မြစ်ရေ၊ တွင်းရေများ ထည့်သွင်း၍ အာဆင်းနစ် (As)၊ ဆိုဒီယမ်(Na)၊ သံဓါတ်(Fe)၊ ခဲဓါတ်(Pb)ပါဝင်မှုပမာဏများကို တိုင်းတာခြင်း၊ ယွန်းထည်ပစ္စည်းများ အတွင်း သစ်သီးဖျော်ရည် (Fruit Juice)များထည့်၍ သံဓါတ်(Fe)၊ ပိုတက်ဆီယမ် (K)၊ ဇင့်ဓါတ်(Zn) ပါဝင်မှုပမာဏများကို တိုင်းတာခြင်း၊ သစ်စေးများ၏ စေးပျစ်မှု(Viscosity)နှင့် လှိုင်းအလျား(Wavelength) ရှာဖွေခြင်း၊ ဂျပန်ဆိုးဆေးမှုန့်များနှင့် မြန်မာဆိုးဆေးမှုန့်များတွင် ပါဝင်သော အာဆင်းနစ်(As) ပမာဏကို တိုင်းတာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

              ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အစားအစာများတွင် ပါဝင်သည့် ခဲဓါတ်(Pb)၊ အာ ဆင်းနစ် (As)နှင့် မာကျူရီ(Hg) ပါဝင်မှုပမာဏတိုင်းတာခြင်းနှင့် အဆိုပါအစားအစာများကို ယွန်းထည်များတွင် ထည့်၍ပါဝင်မှုပမာဏပြောင်းလဲမှုအားတိုင်းတာခြင်း၊ အလှကုန် (Cosmetics)များနှင့် လိမ်းဆေး (Liniment)များတွင် ပါဝင်သော ခဲဓါတ်(Pb)၊ အာဆင်းနစ်(As)နှင့် မာကျူရီ(Hg)ပါဝင်မှုပမာဏ တိုင်းတာခြင်း၊ အရောင်ခံခြင်း အဆင့်နှင့် ယွန်းထပ်ခြင်းအဆင့်များတွင် သစ်စေးခြောက်သွေ့မှုအား လေ့လာရန် အပူချိန် (Temperature)နှင့် စိုထိုင်းဆ(Humidity)အမျိုးမျိုးထား၍ တိုင်းတာမှတ်သားခြင်း တို့ကို စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။

             ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ယွန်းထည်များအတွင်း အန္တရာယ်ရှိ ဓါတုဒြပ်ပေါင်းများပါဝင်မှု လျော့ချရန် စမ်းသပ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ယွန်းထည် ပစ္စည်းများတွင် သစ်စေးအနံ့ပျောက်စေရန်၊ သစ်စေးအခြောက်မြန်စေရန်အတွက် Humidifier နှင့် Heater များအား အသုံးပြု၍ စမ်းသပ်ဆောင်ရွက်ခြင်း၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများတွင် ပါဝင်သော ဓါတုဒြပ်စင်များ ပါဝင်မှုပမာဏကိုတိုင်းတာခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် နွံအစား အခြားအစားထိုးပစ္စည်း စမ်းသပ် ဆောင်ရွက်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုကဲ့သို့ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များမှ စမ်းသပ်တွေ့ရှိသည့် နည်းပညာသစ်များအား မြန်မာ့ယွန်းထည်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များသို့ ဖြန့်ဝေလွှဲပြောင်းပေးခြင်း ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ

          ယွန်းပညာကောလိပ်(ပုဂံ)သည် ယွန်းပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၅၃ ခုနှစ် ကတည်းက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပါသည်။ ၁၉၅၃ ခုနှစ် ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ယွန်းထည်ထုတ်လုပ်သည့်ဒေသများမှ ယွန်းပညာရှင်များအား ဂျပန်ယွန်းပညာရပ် များကို လာရောက်ပို့ချခဲ့ပါသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ဂျပန်နိုင်ငံ၊ Asian Lacquer Craft Exchange Research Project နှင့်ပူးပေါင်း၍ နိုင်ငံတကာယွန်းပြပွဲများကျင်းပခြင်းနှင့် နည်းပညာ ဖလှယ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ယွန်းပညာကောလိပ်နှင့် ဂျပန်နိုင်ငံ၊ Tokyo National Research Institute for Cultural Properties (TNRICP) တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး၍ ယွန်းပြတိုက်အတွင်းမှ ရှေးဟောင်းယွန်းထည်ပစ္စည်းများ သုတေသနပြုလုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။

          ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) နှင်းပူးပေါင်း၍ အီတလီနိုင်ငံမှ ဒီဇိုင်း ပညာရှင် Ms. Doniela Bulgarelli က ယွန်းဒီဇိုင်းနှင့်ထုတ်ကုန်ဖွံ့ဖြိုးမှုသင်တန်းကို ယွန်းပညာ ကောလိပ်မှဝန်ထမ်းများနှင့် ပုဂံဒေသမှယွန်းလုပ်ငန်းရှင်များအတွက် ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ် တွင် ယွန်းပညာကောလိပ်(ပုဂံ)နှင့် အီတလီနိုင်ငံ၊ Accademia of Fine Arts (Turin) အနုပညာ တက္ကသိုလ်တို့သည် လက်မှုအနုပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့မှ (၄) ရက်နေ့ထိ ဂျပန်နိုင်ငံ၊ တိုကျိုအနုပညာ တက္ကသိုလ်နှင့်ပူးပေါင်း၍ နှစ်နိုင်ငံ ယွန်းအနုပညာဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ယနေ့ထိ ယွန်းပညာကောလိပ်မှ ဆရာ၊ ဆရာမများအား နိုင်ငံတကာသို့ ယွန်းပညာရပ်ဆိုင်ရာ ပညာသင်များစေလွှတ်ခြင်း၊ လေ့လာရေးခရီး စေလွှတ်ခြင်းနှင့် နှစ်နိုင်ငံအလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ပါသည်။

ပန်းယွန်းလေးများ ပွင့်လန်းစေဖို့ဆိုရာဝယ်

         ယွန်းအတတ်ပညာရပ်များမိမိတို့နိုင်ငံတွင် မတိမ်ကောမပပျောက်စေရန်ဆိုပါက အဆိုပါအတတ် ပညာရပ်အား လက်ဆင့်ကမ်းရယူကြမည့် မျိုးဆက်သစ်လူငယ်များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထိုသို့ဆိုပါက ယွန်းပညာရပ်များအား စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပေးလျက်ရှိသော ယွန်းပညာကောလိပ်သို့ လူငယ်မျိုးဆက်သစ်များ တက်ရောက် ပညာသင်ကြဖို့ များစွာလိုအပ်လျက်ရှိပါသည်။ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏တာဝန်ကို စတင်ထမ်းဆောင်သည့်အချိန်မှစ၍ လူငယ်များ၏ ပညာရည်မြင့်မားရေးဆိုင်ရာကိစ္စရပ်များကို အားပေး မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

        “မိမိတို့နိုင်ငံတော်၏ အနာဂတ်အတွက် ပညာရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များစွာ လိုအပ်လျက်ရှိသဖြင့် အနာဂတ်အတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးနိုင်ရေး ဆရာ၊ ဆရာမများ သာမက မိဘများနှင့် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဩဂုတ်လ ၉ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

        ထို့ပြင် နိုင်ငံတော်အကြီးအကဲ၏ ပုဂံ၊ ညောင်ဦးဒေသ ဖွံ့ဖြိုးရေးခရီးစဉ်တွင် ယွန်းပညာ ကောလိပ်သို့ ကိုယ်တိုင်ရောက်ရှိ၍ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ အားပေးခဲ့ပြီး ကျောင်း၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးခဲ့ပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်က အားပေး မြှင့်တင်ပေးနေသည့် ယခုလို အချိန်အခါသမယတွင် မြန်မာတို့၏ဂုဏ်ယူဖွယ် ရှေးဟောင်းအမွေအနှစ် တစ်ခုဖြစ်သော ပန်းယွန်းအတတ်ပညာရပ်အား ပုဂံဘုရားများဖူးမျှော်ရင်း “ပန်းယွန်းလေးများ ပွင့်လန်း စေဖို့ ယွန်းပညာကောလိပ်သို့တက်ရောက်ကြပါစို့” လို့ အနာဂတ်လူငယ်မျိုးဆက်များဆီသို့ တိုက်တွန်း ရေးသားဖော်ပြအပ်ပါသည်။

မောင်ကျော်မိုး (SSID)