“နိုင်ငံသားတာဝန်နှင့် မြို့ပြကျေးလက်အမှိုက်ပြဿနာ”

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန | Jul 24, 2024

ယနေ့ခေတ်မှာ ထုတ်ပိုးရန်အသုံးပြုသောပစ္စည်းများဖြစ်တဲ့ ပလတ်စတစ်နဲ့လုပ်တဲ့ ကြွတ်ကြွတ်အိတ်များ၊ ဖော့ဘူးများစသဖြင့် အသုံးပြုလွယ်ကူသော၊ သယ်ယူရလွယ်ကူသောပစ္စည်း များကို တွင်ကျယ်စွာ အသုံးများလာတာနဲ့အမျှ အမြန်လမ်းမကြီးများ၊ မြို့ချင်းဆက်လမ်းများ၊ ရထား လမ်းဘေးနဲ့ ဘူတာရုံအနီးပတ်ဝန်းကျင်များ၊ ဈေးများ၊ ကျောင်းများ၊ ပန်းခြံများ၊ အများသုံး အဆောက်အဦများ၊ ရွာများမှာ ကြွတ်ကြွတ်အိတ်နဲ့ ဖော့ဘူးအမှိုက်များဟာ မြင်မကောင်းအောင် အမြင်မတင့်တယ်စွာ တွေ့မြင်နေရပါတယ်။

ဘာကြောင့်အမှိုက်ကို အမှိုက်ပုံး၊ အမှိုက်ပုံမှာ မတွေ့ရဘဲ လမ်းဘေးတွေ၊ အမှိုက်မရှိသင့်တဲ့နေရာ တွေမှာ တွေ့နေရတာလဲ?...ရှင်းပါတယ်။ အမှိုက်စီမံခန့်ခွဲရန် တာဝန်ရှိသူတွေက ရန်ပုံငွေ လိုအပ်ချက် အရလည်းကောင်း၊ ဥပဒေစိုးမိုးမှုအားနည်းလို့ အရေးယူမှု၊ အပြစ်ပေးမှု အားနည်းတာ ကြောင့်လည်းကောင်း၊ လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်၊ စည်းကမ်းမကောင်းတာကြောင့် လည်းကောင်း … ဒီလိုအကြောင်းရင်း အမျိုးမျိုးကြောင့်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

အရေးယူတာတွေလုပ်သင့်

မြို့ပြတွေမှာတော့ စည်ပင်သာယာရေးအဖွဲ့တွေဟာ အမှိုက်စီမံခန့်ခွဲရန်၊ အမှိုက်သိမ်းရန်၊ အမှိုက် စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ကြီးကြပ်တာ၊ အသိပညာပေး လုပ်ငန်းတွေလုပ်တာ၊ အမှိုက်ခွန်ကောက်တာတွေကို ဆောင်ရွက်ကြပါတယ်။ အဲ့ဒီလို ဆောင်ရွက် နိုင်ဖို့ By Law ရေးဆွဲပြီး ဥပဒေနဲ့ကြီးကြပ်ကြပါတယ်။ သို့သော်လည်းပဲ အားလုံးသိတဲ့အတိုင်း ဒီနေ့လှဲ၊ နောက်နေ့ အမှိုက်ပြန်ရောက်တဲ့ သံသရာလည်တဲ့အဖြစ်ကို အားလုံးအသိပဲ ဖြစ်ပါတယ်။ လူတွေရဲ့စည်းကမ်းမဲ့စွာအမှိုက်စွန့်ပစ်မှုတွေကို ဥပဒေအရ ထိရောက်အောင် အရေးမယူနိုင်တော့ နိုင်ငံ ဘဏ္ဍာကို ပိုကုန်ကျခံပြီး စည်ပင်သာယာရေးအဖွဲ့တွေက နေ့စဉ်ဆောင်ရွက်နေကြရတာပေါ့။ တစ်ချို့ မြို့ပြတွေကလည်း အခွန်ပေါ် ရပ်တည်ရတာကြောင့် ဝင်ငွေ/ ရငွေနည်းတော့ ဆောင်ရွက်ရမဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို မလုပ်နိုင်တာမို့ အမှိုက် ကောင်းကောင်းမသိမ်းနိုင်၊ မစီမံနိုင်တာကို တွေ့ နေရပါတယ်။ လူတွေ စည်းကမ်းမဲ့အမှိုက်ပစ်တာကို စောင့်ကြည့်ပြီးဖမ်းဖို့ ဆိုတာလည်း ခက်သားပဲဗျ။ CCTVတွေ အများကြီး တပ်ရမယ်။ စီမံခန့်ခွဲစရိတ် တက်လာမယ်။ အရေးယူဖို့ကိစ္စတွေမှာ ဝန်ထမ်းနဲ့ ပြည်သူကြား ပြဿနာတွေရှိလာမယ်။ ဒါကြောင့် ပြည်သူကို စည်းရုံးအသိပညာပေးပြီး အသိစိတ်ဓာတ် ရှိရှိနဲ့ လူတိုင်းစည်းကမ်း ရှိပြီးလိုက်နာတာပဲကောင်းပါတယ်။ သို့သော် လူသားတွေပဲ… လူတွေပဲ ဆိုတော့ကာ.. ကောင်းတဲ့သူ၊ ဆိုးတဲ့သူ၊ စည်းကမ်းရှိသူ၊ စည်းကမ်းမရှိသူဆိုတာ မျိုးက ရှိနေမှာပဲ။ ဒါကြောင့် ဥပဒေနဲ့အညီ ကြီးကြပ်တာ၊ အရေးယူတာတွေကိုတော့ မြို့ပြကြီးတွေနဲ့ အဓိကနေရာ များမှာ လုပ်ကို လုပ်သင့်ပါတယ်။

အမြန်လမ်းတွေရဲ့လမ်းလယ်ကျွန်းနဲ့ လမ်းဘေးတွေမှာ ကြွတ်ကြွတ်အိတ်တွေ ဖွေးနေတာကို မြင်ရတာက စိတ်မသက်သာစရာ။ Toll Gate အနီးပတ်ဝန်းကျင်မှာ အမှိုက်တွေရှိနေတာကိုက စိတ်ပျက် စရာပဲဖြစ်ပါတယ်။ နိုင်ငံနဲ့ နိုင်ငံသားဂုဏ်သိက္ခာနဲ့ အမှိုက်တည်ရှိမှုက တိုက်ရိုက်အချိုးကျတယ်လို့ မြင်မိပါတယ်။ ဒီမှာ အမြန်လမ်းမှာ တာဝန်ရှိတဲ့သူတွေကရော အမှိုက်ပစ်တဲ့သူတွေကို ဘယ်လို အရေးယူကြမှာလဲ?... ဘယ်လိုကာကွယ်တားဆီး အသိပညာပေးမလဲ?… အသိပညာပေးကာလ လွန်ပါက ဘယ်လို ထိထိရောက်ရောက် အရေးယူကြမလဲ?... စဉ်းစားကြရပါမယ်။ အရေးမယူဘဲ ပစ်သူက ပစ်၊ ရှင်းသူက ရှင်းဆိုရင်တော့ နိုင်ငံတော်ဘဏ္ဍာ နစ်နာသလို အမှိုက်သံသရာလည်း လည် နေဦးမှာပဲ ဖြစ်ပါတယ်။

 

ဘတ်ကျက်ရေးဆွဲပြီး စနစ်တကျစီမံသင့်

တစ်ချို့မြို့တွေမှာဆို မြို့ပြင် သင့်တော်တဲ့နေရာမှာ အမှိုက် စုပုံပစ်ကြရတယ်။ အဲ့ဒီနေရာက မြို့အပြင်ဖြစ်လို့ မြို့တွင်းကလူတွေရဲ့အမြင်မှာ အပြင်ဖြစ်သော်လည်း ခရီးသွားပြည်သူတွေရဲ့အမြင် မှာတော့ လမ်းဘေးမြင်ကွင်းဖြစ်နေတတ်ပါတယ်။ ဒါကိုလည်း သတ်သတ်မှတ်မှတ်နဲ့ ဘတ်ဂျက်ရေး ဆွဲပြီး စနစ်တကျစီမံသင့်ပါတယ်။ ကားဂိတ်တွေ၊ အမြန်လမ်းရဲ့နားနေစခန်းတွေမှာလည်း စည်းကမ်းမဲ့ ဈေးဆိုင်များနဲ့ စည်းကမ်းမဲ့အမှိုက်ပစ်မှုတွေဟာ မြင်မကောင်းအောင် တွေ့နေရဆဲဖြစ်ပါတယ်။ ဘယ်သူက သိမ်းမှာလဲ..ဘယ်ငွေကို အသုံးပြုကြမှာလဲ.. လူတွေကို စည်းကမ်းနဲ့ ဘယ်လိုထိန်းမလဲ.. ဘယ်လို အသိပညာပေးမလဲ..ဆိုတာတွေစဉ်းစားရမည်ဖြစ်ပြီး စီမံခန့်ခွဲရေးအရ တာဝန်ပေးအပ်မှု၊ စုဖွဲ့မှု၊ ရန်ပုံငွေနဲ့ စသဖြင့် ခွင့်ပြုပေးထားပြီး နေ့စဉ်ပဲ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမှာပဲ ဖြစ်ပါတယ်။

 

ကွမ်းဟာကျန်းမာရေးထိခိုက်သလို ကင်ဆာလည်းဖြစ်နိုင်

အမှိုက်လိုပဲဆိုးတဲ့နောက်တစ်ခုကကွမ်းတံတွေးပဲဖြစ်တယ်။ လမ်းတွေမှာ၊ အများပြည်သူ အဆောက်အဦတွေမှာ တွေ့နေရပါတယ်။ အလွန်အရုပ်ဆိုးပါတယ်။ ညစ်ပတ်ပါတယ်။ မီးပွိုင့် ကားရပ်တဲ့နေရာတွေမှာ တွေ့ရပါတယ်။ လမ်းတွေ ညစ်ပတ်ပါတယ်။ ကားရပ်နားရာနေရာတွေမှာ ထွေးကြပါတယ်။ ညစ်ပတ်ပါတယ်။ ကွမ်းဟာ ကျန်းမာရေး ထိခိုက်သလို ကင်ဆာလည်း ဖြစ်နိုင် ပါတယ်။ ဒါကြောင့် ကောင်းကျိုး မရှိ။ ကျန်းမာရေးအသိပညာပေးအပြင် လျှော့စားရေး၊ ရုံးတွေ.. လမ်းတွေ..ရထားတွေ..ဘတ်စ်ကားတွေမှာ ကွမ်းတံတွေး မထွေးရေး၊ ထွေးရင် အရေးယူဆောင်ရွက် ရေးတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိ

မြို့ပြမှာ စီမံခန့်ခွဲရေးအတွက် စည်ပင်သာယာရေးအဖွဲ့တွေရှိပြီး ဥပဒေလည်းရှိ၊ ရန်ပုံငွေလည်း ရှိတာတောင် ယနေ့အထိ အမှိုက်ပြဿနာဟာ သံသရာလည်နေရင်း…။ ကျေးလက်ဒေသတွေမှာရောဘယ်လိုရှိနေကြမလဲစဉ်းစားစရာ ရှိလာပါတယ်။ ကျေးရွာပေါင်း (၆၄၀၀၀)ကျော်ရှိတယ်။ ရွာတွေ မှာလည်း ပလပ်စတစ်ကြွတ်ကြွတ်အိတ်အပါအဝင် အမှိုက်မျိုးစုံ၊ ရေသန့်ဗူးခွံတွေဟာ နေရာ တကာမှာ တွေ့မြင်နေကြရပါတယ်။ ရွာတွေမှာတော့ စည်ပင်သာယာ မရှိတော့ ကျေးရွာအကြီးအကဲ ရပ်မိရပ်ဖတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ၊ ဖွံ့ဖြိုးရေးကော်မတီတွေ၊ ကျေးရွာမှာ တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးကြီးပြီး ဦးဆောင်သူ ကောင်းများရှိပါက ကျေးရွာမှာ စနစ်တကျနဲ့ သန်းရှင်းသာယာနေမှာဖြစ်ပြီး၊ အမှိုက် စနစ်တကျ စွန့်ပစ်ခြင်း၊ သိမ်းဆည်းခြင်းများ ရှိနေတတ်ပါတယ်။ ခေါင်းဆောင်သူမရှိ၊ စိတ်ဝင်စားသူ မရှိရင်တော့ အမှိုက်များနဲ့ ရွာထိပ်၊ ရွာလယ် နေရာတကာမှာ ညစ်ပတ်နေတာပါပဲ။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ၂၀၁၉ ခုနှစ်မှာ အတည်ပြုခဲ့ပြီး နည်းဥပဒေကို ၂၀၂၀ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။ ဥပဒေအခန်း (၆)၊ ကျေးလက်ဒေသနေပြည်သူများရဲ့ တာဝန် များ၊ ပုဒ်မ (၁၀)(က)မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ထားသော အခြေခံ အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေးဆောင်ရွက်ရန်” လို့ သတ်မှတ်ပါရှိပါတယ်။ ဥပဒေထွက်ပြီးနောက်ပိုင်းမှစ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ပြည်သူများ သိရှိလိုက်နာလွယ်အောင် ဗီနိုင်း(Vinyl) ထုတ်ပြီး “ပြည်သူများရဲ့ ရပိုင်ခွင့်က ဘာတွေလဲ.. တာဝန်တွေက ဘာတွေလဲ… ပြစ်မှုပြစ်ဒဏ်က ဘာတွေလဲ”.. စတာတွေကို ရိုးရှင်း လွယ်ကူအောင် ပြုစုပြီး ရှင်းပြကြရပါတယ်။ လူ ကန့်သတ်ချက်၊ ရန်ပုံငွေ ကန့်သတ်ချက် ရှိတာမို့ သီးခြားသွားရောက်ရှင်းပြတာမျိုးမလုပ်ဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရင်း ကျွဲကူးရေပါ ဆောင်ရွက်နေကြပါတယ်။

ဥပဒေ အခန်း (၇)၊ ကျေးလက်ဒေသသောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်း၊ ပုဒ်မ ၂၀ (က)မှာတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DRD)အနေဖြင့် ကျေးလက်ပြည်သူများ ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာကောင်းမွန်သောအလေ့အထများကျင့်သုံးလာစေရန် လေ့ကျင့်ပျိုးထောင်ပေးရန်”၊ ပုဒ်မ ၁၀(ခ)မှာ ကျေးလက်ပြည်သူများမှ ခြုံနွယ်ပိတ်ပေါင်း များ ရှင်းလင်းရန်၊ အမှိုက်ထွက်ရှိမှုကို လျှော့ချခြင်း၊ ပလတ်စတစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ရန် နေရာသတ်မှတ်ခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ အမျိုးအစားခွဲခြားခြင်းတို့အတွက် အသိပညာပေးခြင်း နှင့် စည်းရုံးဆောင်ရွက်ခြင်း၊ ပုဒ်မ ၁၀ (ဂ)မှာတော့ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေဆိုးများ စနစ် တကျ ဘေးကင်းစွာ စွန့်ပစ်ခြင်းအတွက် အသိပညာပေးခြင်းနှင့် စည်းရုံးဆောင်ရွက်ခြင်း၊ ပုဒ်မ ၁၀ (ဃ)မှာတော့ ကျန်းမာရေးနဲ့ ညီညွတ်သောယင်လုံအိမ်သာများ စနစ်တကျဆောက်လုပ်သုံးစွဲစေခြင်း၊ စည်းရုံးဆောင်ရွက်ခြင်း၊ ပုဒ်မ ၁၀(င)မှာတော့ လေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေးနှင့် လျော့နည်း သက်သာစေရေးအတွက် အသိပညာပေးဆောင်ရွက်စေခြင်းတို့ကို ဥပဒေရေးဆွဲသတ်မှတ်ပြီး စည်းရုံး ဆောင်ရွက်ရန် ဖြစ်ပါတယ်။

ဥပဒေကိုအကောင်အထည်ဖော်ရန်မှာစဉ်းစားရပါတယ်။ ရွာမှာဝန်ထမ်းမရှိဆောင်ရွက်ရန်ရန်ပုံငွေမရှိဘဲစည်းရုံးဆောင်ရွက်ရမှာမို့မြို့ပြလိုမလွယ်ကူပေ။ သို့သော် ပြည်သူကို အသိပညာ ပေးရတာ၊ စည်းရုံးဆောင်ရွက်ရတာ ကျေးလက်မှာ ရိုးရှင်းလွယ်ကူတာတွေ့ရတယ်။ ဒီမှာ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျေးလက်ဦးစီးမှ နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်ကျေးရွာပေါင်း (၂၀၀၀၀) မှ (၃၀၀၀၀)ကျော်ခန့်ကို စီမံခန့်ခွဲနေတာ ဖြစ်တယ်။

(က) ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ မြစိမ်းရောင်စီမံကိန်းကျေးရွာ - ၁၂၀၀၀ ကျော်၊

( ခ ) ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဆောင်ရွက်သည့်ကျေးရွာ - ၃၀၀၀ ကျော်၊

( ဂ) ကျေးရွာရေပေးရေးလုပ်ငန်း ဆောင်ရွက်သည့်ကျေးရွာ - ၃၀၀၀ ခန့်၊

( ဃ) ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်သည့်ကျေးရွာ - ၁၅၀၀ ခန့်၊

( င ) ကုန်ထုတ်လမ်း ဆောင်ရွက်သည့်ကျေးရွာ - ၅၀၀ ခန့်၊

( စ) ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ CDD ကျေးရွာ - ၁၂၀၀၀ ကျော်၊

(ဆ) အသက်မွေးဝမ်းကျောင်းသင်တန်းပေးမှု ဆောင်ရွက်သည့်ကျေးရွာ - ၆၀၀ ခန့်။

နှစ်စဉ် စုစုပေါင်း ကျေးရွာ ၂၀၀၀၀ မှ ၃၀၀၀၀ ကျော်အတွင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံ ခန့်ခွဲဆောင်ရွက်ပေးရင်းနဲ့ ကျွဲကူးရေပါအမှိုက်စီမံခန့်ခွဲမှုစနစ်ဆောင်ရွက်ရန် စည်းရုံးလုပ်ဆောင် ပါတယ်။

 

အမှိုက်သိမ်းစနစ် ပုံမှန်ဆောင်ရွက်အောင် စည်းရုံးလုပ်ဆောင်နိုင်ခဲ့

စီမံကိန်းတွေ လျာထားဆောင်ရွက်ရာမှာ လိုအပ်ချက်ကို ဦးတည် ရွေးချယ်သော်လည်း အမှိုက် စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်လိုမှု၊ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်လိုမှု၊ စိတ်ဓာတ်စည်းကမ်း ကောင်းပြီး တာဝန်ယူမှု၊ တာဝန်သိမှုရှိတဲ့ ကျေးရွာများကို ပေါင်းစပ်ရွေးချယ်စေခဲ့ပါတယ်။ ဒါကြောင့် အထက်တင်ပြပါမြစိမ်းရောင်၊ VDP၊ CDD၊ လမ်း၊ ရေ၊ မီး ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်တဲ့ရွာတွေမှာ စည်းရုံးပြီး ဆောင်ရွက်ခဲ့တာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း (၄၃၇၅) ရွာမှာ အမှိုက်သိမ်းစနစ် ပုံမှန် ဆောင်ရွက်အောင် စည်းရုံးလုပ်ဆောင်နိုင်ခဲ့ ပါတယ်။ ကျေးရွာပေါင်း (၆၀၀၀၀)ကျော်ရှိတာမို့ စီမံနိုင်တာ (၆.၈ )%ပဲရှိပါသေးတယ်။ ကျွန်တော်တို့ ဆက်လုပ်ရဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DRD) တစ်ခုတည်းနဲ့ မရပါဘူး။ အုပ်ချုပ်ရေးအဖွဲ့အစည်းများရဲ့ အားပေးကူညီဆောင်ရွက်လိုမှု၊ ကျေးရွာအဆင့် ဝန်ထမ်းရှိသော ပညာရေး၊ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှလည်း အထက် အဆင့်ဆင့်မှ ကျေးလက်ဦးစီးကဲ့သို့ ကျေးရွာအမှိုက်စွန့်ပစ်မှု၊ စီမံခန့်ခွဲမှုစနစ်ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ကြဖို့ မူလတာဝန်နဲ့အတူ ကျွဲကူးရေပါ ဆောင်ရွက်ကြဖို့၊ နှစ်စဉ် ဘယ်နှစ်ရွာလုပ်ရန် စသဖြင့် တာဝန်ပေးပါက ပိုမိုအောင်မြင်မယ်လို့ မျှော်မှန်းပါတယ်။

အခြားအစိုးရဌာနဆိုင်ရာများမှလည်း ကျေးရွာမှာ ဖွံ့ဖြိုးရေးဆောင်ရွက်ရင်း ပူးတွဲဆောင်ရွက် ပေးနိုင်ပါက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အကြံပြုပါတယ်။

ကျေးလက်ဦးစီးအနေဖြင့်တော့ကျေးရွာအမှိုက်စီမံခန့်ခွဲရေးအသိပညာပေးဆောင်ရွက်ရန်ဝန်ထမ်းများကို သင်တန်းပေးဆောင်ရွက်ပြီး ဝန်ထမ်းများမှတစ်ဆင့် ကျေးရွာကော်မတီကို ပြန်လည် သင်ပြ စည်းရုံးဆောင်ရွက်နေပါတယ်။ ဝန်းထမ်းအတွက် သင်တန်းလက်စွဲများအပြင် ကျေးရွာ ကော်မတီအတွက် သင်တန်းလက်စွဲများ ပြုစုဆောင်ရွက်နေပါတယ်။ ဝန်ထမ်းများ စိတ်ဓာတ် တက်ကြွပြီး ဂုဏ်ယူနိုင်စေရန်အတွက် နှစ်စဉ် ဆုပေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပြီး “စွန့်ပစ် အမှိုက်စီမံခန့်ခွဲခြင်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုဆု”ကို စည်းရုံးဆောင်ရွက် နိုင်သော ကျေးရွာအရေအတွက်၊ ပုံမှန်လည်ပတ်ဆောင်ရွက်နေမှု ရှိ/ မရှိနှင့် စစ်ဆေးကြပ်မတ် နိုင်မှုတို့အပေါ် အခြေခံ၍ စဉ်းစားပါတယ်။ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဆုပေးပွဲ တက်ရောက် ချီးမြှင့်ခြင်းဖြင့် ဝန်ထမ်းများ ကြိုးစားလိုမှုရှိစေရန်၊ ဂုဏ်ယူတတ်စေရန်နှင့် နှစ်စဉ်တိုးမြှင့်ဆောင်ရွက် နိုင်ရန် ဆောင်ရွက် လျက်ရှိပါတယ်။ ဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့တည်ဆောက်ရေးလုပ်ငန်းတွေကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်နေချိန်၊ ဝန်ထမ်းများမှ ကိုယ်တိုင် မလုပ်ရဘဲ ကြီးကြပ်မှုသာ လုပ်နေရချိန်မှာ ပြည်သူကို စည်းရုံးပြီး ရန်ပုံငွေမရှိ၊ သီးခြားထောက်ပံ့မှုမရှိဘဲ လုပ်ငန်းများကို ကြီးကြပ်ရင်း အမှိုက်စီမံခန့်ခွဲမှုစနစ် ဆောင်ရွက် ပေးနိုင်တဲ့ စိတ်စေတနာ၊ ကြိုးစားအားထုတ်မှုကို ဂုဏ်ယူတတ်အောင် ဝန်ထမ်းများကို လေ့ကျင့် ပျိုးထောင်ပေးနိုင်တာအတွက် ဂုဏ်ယူကျေနပ် မိပါတယ်။

 

ရန်ပုံငွေလုံလုံလောက်လောက် လိုအပ်

မြို့ပြတွေအတွက်တော့ Town Planတွေ ရေးဆွဲဆောင်ရွက်ရာမှာ အမှိုက်စီမံခန့်ခွဲမှုအတွက် စီမံချက်ရေးဆွဲဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက်ရန်လုပ်ငန်းများအတွက် ရန်ပုံငွေ လုံလုံလောက် လောက်လိုအပ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းတွေ လိုအပ်ပါတယ်။ ဆိုင်ရာအစိုးရ အဖွဲ့များရဲ့ အားပေးထောက်ပံ့မှုလိုအပ်ပြီး Green City ဖြစ်စေရေး စီမံချက်များ ရေးဆွဲ ဆောင်ရွက် သင့်ပြီး ဆုပေးမှုများလည်းလုပ်သင့်ပါတယ်။ ပြည်သူအသိပညာပေးလုပ်ငန်းများ လုပ်သင့်သလို တရားဥပဒေစိုးမိုးရေး၊ အပြစ်ပေး အရေးယူနိုင်ရေးကိုလည်း လက်တွေ့ဆောင်ရွက်သင့်ပါတယ်။ ကျေးရွာများအလိုက်၊ မြို့နယ်အလိုက်၊ လမ်းအလိုက် သန့်ရှင်းသပ်ရပ်မှုကို အသိအမှတ်ပြုအဆင့် သတ်မှတ်ခြင်း၊ ဆုပေးခြင်းများ ဆောင်ရွက်ပြီး စည်းကမ်းရှိတဲ့ ဂုဏ်၊ နိုင်ငံသားတာဝန် ကျေပွန်တဲ့ ဂုဏ်တွေကို တန်ဖိုးထားပြီး စဉ်ဆက်မပြတ်ဆောင်ရွက်ရန် စီမံသင့်ပါတယ်။

ကြွတ်ကြွတ်အိတ်နဲ့ ဆွေးမြေ့ဖို့ခက်ခဲတဲ့ပစ္စည်းတွေ သုံးစွဲတာလျော့ချတဲ့နည်း-Reduce၊ ဆွေးမြေ့ဖို့ခက်ခဲတဲ့ပစ္စည်း၊ ပလတ်စတစ်ပစ္စည်းတွေကို စနစ်တကျ ပြန်လည်အသုံးပြုတဲ့နည်း-Reuse၊ ပလတ်စတစ်ပစ္စည်း/ သတ္ထုပစ္စည်း/ သစ်သား/ ဖန်ထည်/ ချည်မျှင်နဲ့ အဝတ်အထည်ပစ္စည်းတွေကို ပြန်လည်သန့်စင် ဆန်းသစ်တီထွင်အသုံးပြုတဲ့နည်း-Recycle၊ ဘူးခွံခွက်ခွံ၊ ပလတ်စတစ်/ ကြွတ်ကြွတ် အိတ်တွေကို ဈေးဆိုင်တွေ/ အဟောင်းဝယ်သူတွေထံ ပြန်လည်ရောင်းချ/ ပြန်သွင်းတဲ့နည်း- Return၊ ဈေးဝယ်ရာတွင် ပလတ်စတစ်/ ကြွတ်ကြွတ်အိတ်နဲ့ပေးပါက မယူဘဲ ငြင်းဆိုတဲ့နည်း- Refuse စတဲ့ 5R လို့ခေါ်တဲ့ အမှိုက်စီမံခန့်ခွဲရာမှာ လိုက်နာကြရမဲ့နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်စေဖို့ တာဝန်ရှိသူတွေဘက်ကလည်း အသိပညာပေးဟောပြောတာ၊ ထိန်းကွပ်တာတွေ ဆောင်ရွက်သင့် သလို ပြည်သူတွေဘက်ကလည်း အမှန်တကယ် လိုက်နာကြဖို့ လိုအပ်ပါတယ်။

အမှိုက်စွန့်ပစ်ရာမှာလည်း အမှိုက်အမျိုးအစားခွဲပြီး စနစ်တကျစွန့်ပစ်ခြင်း၊ ကျေးရွာ/ မြို့နဲ့ အနည်းဆုံးပေ (၃၀၀၀)ခန့်အကွာတွင် နေရာသတ်မှတ်၍ တစ်နေ့ထွက်ရှိအမှိုက်ပမာဏအရ (၅)နှစ် (သို့မဟုတ်) (၁၀)နှစ်ကာလအတွင်း စွန့်ပစ်မည့်အမှိုက်ပမာဏဝင်ဆံ့နိုင်သည့် အလွှာလိုက်မြေဖုံး အမှိုက်ကျင်း (Landfill) ပြုလုပ်ပြီး စနစ်တကျစွန့်ပစ်ခြင်းတို့ကို ကျင့်သုံးသင့်ပါတယ်။

 

လက်တွေ့လိုက်နာကျင့်သုံးစေရေး စည်းရုံးဆောင်ရွက်သင့်

ကျေးရွာအားလုံး လွှမ်းခြုံဆောင်ရွက်နိုင်ဖို့ဆိုရင်တော့ ကျေးလက်ဦးစီးနဲ့အတူ အခြားဌာန ဆိုင်ရာများမှပါ စီမံချက်ရေးဆွဲပြီး မိမိတို့ဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရင်း အမှိုက်စီမံ ခန့်ခွဲမှုစနစ် လက်တွေ့လိုက်နာကျင့်သုံးစေရေး စည်းရုံးဆောင်ရွက်သင့်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ချက်၊ စိစစ်ရွေးချယ်တဲ့ စံသတ်မှတ်ချက်၊ Criteria သတ်မှတ်ချက် တွေမှာလည်း အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ဆောင်ရွက်နေတဲ့ရွာ၊ ဆောင်ရွက်မဲ့ရွာကို ဦးစားပေးမည့် Incentive Criteria မျိုးရေးဆွဲ ဆောင်ရွက်သင့်ပါတယ်။ ဥပမာ- ရေပေးရေး၊ မီးလင်းရေး၊ လမ်း၊ စာသင်ကျောင်း၊ ဆေး ပေးခန်း လိုအပ်လို့ ဆောင်ရွက်ချင်လျှင် အမှိုက်စီမံခန့်ခွဲမှုစနစ် လုပ်နိုင်ရမယ်၊ လက်တွေ့ လုပ်ရမည်၊ လုပ်ဖို့ သင်ပေးမယ်၊ ကြီးကြပ်ပေးမယ် စသဖြင့် မက်လုံးပေး ဆောင်ရွက်သင့်ပါတယ်။ အစိမ်းရောင် ကျေးလက်ဖွံ့ဖြိုးရေးစီမံချက်တွေ ရေးဆွဲဆောင်ရွက်သင့် ပါတယ်။ အမှိုက် လျော့ချသုံးစွဲမှု၊ အမှိုက် စီမံခန့်ခွဲမှုအပါအဝင် သဘာဝနှင့် လူမှုပတ်ဝန်းကျင် မထိခိုက်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးတည် ဆောင်ရွက်ရပါမယ်။

ကျောင်းတွေမှာ ဘယ်လိုအသိပညာပေးလဲ သိချင်လို့ အိမ်က သားနဲ့ သမီးကိုလည်း မေးဖြစ်ခဲ့ ပါတယ်။

“သားသားနဲ့ မီးမီးရေ သားတို့သမီးတို့ကျောင်းမှာ အမှိုက် စနစ်တကျပစ်ဖို့ ဘာတွေသင်လဲ” မေးတော့…

သားက “သားတို့၇တန်းမှာတော့ဘဝတွက်တာကျွမ်းကျင်စရာဘာသာမှာသင်ပါတယ်။ အဓိကသင်တာက အမှိုက်ကိုအမှိုက်ပုံးထဲမှာစွန့်ပစ်တာလုပ်သင့်တဲ့အလုပ်ရှက်စရာမဟုတ်ဘူး ဆိုတာရယ်၊ အမှိုက်ကိုကြုံသလိုစွန့်ပစ်ခြင်းကသာမလုပ်သင့်တဲ့အလုပ်ရှက်စရာကောင်းတဲ့အလုပ် ဆိုတဲ့အကြောင်း သင်ပါတယ်။ “တာဝန်သိတာဂုဏ်ယူစရာ”၊ “တာဝန်မသိသူရှက်စရာလူ” ဆိုပြီး သင်ပါတယ် …ဖေဖေ”

သမီးက “သမီးတို့ (၂)တန်းက စာရိတ္တနဲ့ပြည်သူ့နီတိမှာသင်ပါတယ် ဖေဖေ၊ အိမ်ကျောင်းနဲ့ပတ်ဝန်းကျင်မှာအမှိုက်စနစ်တကျစွန့်ပစ်ဖို့၊ အမှိုက်တွေကိုရေမြောင်းထဲမပစ်ဘဲသတ်မှတ်နေရာမှာပစ်ဖို့သင်ပါတယ် ဖေဖေ”

“ဒါဆို သားသားနဲ့ သမီးတို့ ကျောင်းသွားရင်း လမ်းမှာ၊ ကျောင်းမှာ၊ အိမ်မှာ၊ ကစားကွင်းမှာ အမှိုက် မပစ်ရဘူးနော်။ လိုက်နာကြရဲ့လား၊ စည်းကမ်းရှိမှ တာဝန်သိ ကျောင်းသားကျောင်းသူ ဖြစ်ပြီး ဂုဏ်ယူစရာမို့ အမြဲတမ်းလိုက်နာရမယ်နော်လို့” ကျွန်တော် ထပ်ပြောတော့ သားရော၊ သမီးရော ပြိုင်တူ..

“ဟုတ်ကဲ့ ဖေဖေ” ဟု ပြိုင်တူဖြေပြီး သမီးဖြစ်သူက

“သမီးက အိမ်မှာ မေမေ့ကို အမှိုက်မရှိအောင် ဝိုင်းသိမ်းပေးပါတယ်။ ဒါပေမဲ့ သမီးအရုပ် တွေတော့ အမှိုက်မဟုတ်ဘူးနော်”၊ “သမီး အရုပ်တွေကိုတော့ လွှင့်မပစ်ဘဲ သိမ်းထားပေးပါတဲ့”။

 

စည်းကမ်းမဲ့အမှိုက်မပစ်ရန် လိုအပ်

ငယ်စဉ်ကလေးဘဝကတည်းက ကြီးသည်အထိ ရင်ထဲမှာ စွဲမြဲနေအောင် ပညာပေးလေ့ကျင့် ပေးရင်းဖြင့် စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သောအနာဂတ်အတွက် ကလေးများကို ပြုစုပျိုးထောင် ပေးကြရမည်။

စိတ်ဓာတ်စည်းကမ်းကောင်းမှ နိုင်ငံသားကောင်းဖြစ်မည်။ စည်းကမ်းမရှိ၊ စိတ်ဓာတ် မကောင်းရင် လူ့အမှိုက်ပဲဖြစ်မည်။ ဒါကို ရှက်တတ်ရမည်။ နိုင်ငံသားတိုင်း စိတ်ဓာတ်၊ စည်းကမ်း ကောင်းဖို့လိုသလို စိတ်ဓာတ်စည်းကမ်း ကောင်းမွန်တာကို ဂုဏ်ယူတတ်ရမည်။ လက်ရှိတွင်မူ အမှိုက်နဲ့ပတ်သက်ရင် စည်းကမ်းရှိမှု အားနည်းနေသေးသည်။ ကျွန်တော်အပါအဝင် တာဝန်ရှိသူများ၊ မူဝါဒပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ တာဝန်ကျေပွန်အောင်စီမံခန့်ခွဲဖို့လိုသလို နိုင်ငံသားတိုင်း၊ မြို့ပြ/ ကျေးလက်နေ ပြည်သူတိုင်းသည်လည်း စည်းကမ်းရှိရန်၊ စည်းကမ်းတကျနဲ့ အမှိုက်ပစ်ကြရန်၊ စည်းကမ်းမဲ့ အမှိုက် မပစ်ရန် လိုအပ်ပါတယ်။

အမှိုက်ကို စနစ်တကျ စွန့်ပစ်ခြင်းမှသည် နေ့စဉ်လူမှုဘဝအထွေထွေတွင်လည်း လူတိုင်း စည်းကမ်းရှိပြီး တာဝန်သိနိုင်ငံသားများဖြစ်အောင် နေထိုင်ကျင့်ကြံကြပါက သန့်ရှင်းသာယာလှပတဲ့ မြို့ပြများ၊ ကျေးရွာများမှသည် သန့်ရှင်းလှပတဲ့မြန်မာနိုင်ငံ ဖြစ်လာစေဖို့ အားလုံးပါဝင်တည်ထောင် ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ခန့်ဇော်(ကျေးလက်)