“ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်စို့”

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန | Jun 05, 2026

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့်ယခုနှစ်ဆောင်ပုဒ်

 

          လက်ရှိနှင့် အနာဂတ်မျိုးဆက်များ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင် များ တိုးပွားလာစေရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများအားလုံး ပူးပေါင်း ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့၌ ကျင်းပသော လူသားပတ်ဝန်းကျင်ညီလာခံကြီး စတင်ကျင်းပသည့်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအနက်  အရေးတကြီးဖြေရှင်းရန် လိုအပ်နေသည့် ပြဿနာများကို အလေးထား ဖြေရှင်းနိုင်စေရေး ဦးတည်လျက် အထိမ်းအမှတ်ဆောင်ပုဒ်များကို နှစ်စဉ်သတ်မှတ်၍ ကျင်းပလျက်ရှိရာ ယခုနှစ် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်စို့” (A Global Call for Climate Action) ဟူသော ဆောင်ပုဒ်ကို သတ်မှတ် ထားပါသည်။

 

ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်အခမ်းအနားကို အဇာဘိုင်ဂျန်နိုင်ငံက အိမ်ရှင် နိုင်ငံအဖြစ်လက်ခံ၍ မြို့တော် ဘာကူမြို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ အဇာဘိုင်ဂျန် နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုမှု တိုးမြှင့်ခြင်း၊ မြို့ပြရေရှည် တည်တံ့မှုကို မြှင့်တင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဂေဟစနစ် ပြန်လည် ထိန်းသိမ်းခြင်းတို့ကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံဖြစ်သဖြင့် အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပရန် ‌ရွေးချယ်ခံရခြင်း ဖြစ်ပါသည်။

 

ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု

 

          ယနေ့ခေတ်တွင် လူသားများ ရင်ဆိုင်နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ များစွာ ဖြစ်ပေါ်လျက်ရှိနေသော်လည်း အစဉ်တစိုက်ဖြေရှင်းရန် ကြိုးစားရမည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများမှာ ကမ္ဘာ့အကျပ်အတည်းသုံးခု (Triple planetary crisis) ဟုသိရှိကြသည့် ရာသီဥတု ပြောင်းလဲမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုတို့ ဖြစ်ပါသည်။ ၎င်းအကျပ် အတည်းသုံးခုသည် တစ်ခုနှင့်တစ်ခုအပြန်အလှန်ချိတ်ဆက်မှုရှိကြပြီး ဂေဟစနစ် များ၊ လူမှုအသိုင်းအဝန်းများနှင့် စီးပွားရေးလုပ်ငန်းများကို ဆိုးကျိုးသက်ရောက်မှု ရှိပါသည်။ အကျပ် အတည်းသုံးခုအနက် တစ်ခုဖြစ်သော ရာသီဥတုပြောင်းလဲမှုသည် ယနေ့လူသားများ ရင်ဆိုင် နေရသော ပြဿနာများအနက် အဆိုးဝါးဆုံးပြဿနာတစ်ခုဖြစ်ပါသည်။

 

          ရာသီဥတုပြောင်းလဲမှုဟူသည် အပူချိန်၊ မိုးရေချိန်နှင့် စိုထိုင်းဆကဲ့သို့ ပျမ်းမျှ မိုးလေဝသ ပုံစံများ ကာလရှည်အတွင်း ပြောင်းလဲသွားခြင်းကို ဆိုလိုပါသည်။ ကမ္ဘာ့ရာသီဥတုသည် နှစ်ထောင်သောင်းပေါင်းများစွာအတွင်း သဘာဝအားဖြင့် ပြောင်းလဲနိုင်သော်လည်း ယနေ့ ရာသီဥတုပြောင်းလဲမှုသည် စက်မှုဖွံ့ဖြိုးရေးကာလကတည်းက လူသား၏ လုပ်ဆောင်မှုများကြောင့် စတင်ပြောင်းလဲလာခဲ့ခြင်း ဖြစ်ပါသည်။ အထူးသဖြင့် စက်မှု လုပ်ငန်းများတွင် ရုပ်ကြွင်းလောင်စာ အသုံးပြုခြင်းကြောင့် အပူဓါတ် (စွမ်းအင်) ကိုကာလ ကြာရှည် ထိန်းသိမ်းထားနိုင်သော မှန်လုံအိမ် ဓာတ်ငွေ့များ ကမ္ဘာ့လေထုတွင်းသို့ ရောက်ရှိ စေပြီး များပြားစုပုံလာသည်နှင့်အမျှ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေကာ အကျိုးဆက်အားဖြင့် သဘာဝရာသီဥတု ဖြစ်စဉ်များ ပြောင်းလဲမှုကို ပိုမိုဖြစ်ပေါ်စေပါသည်။

၂၀၂၄ ခုနှစ်သည် ကမ္ဘာမြေ၏ စံချိန်တင်အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၅ ခုနှစ် အပူချိန်သည် စက်မှုဖွံ့ဖြိုးရေးကာလမတိုင်မီ ပျမ်းမျှအပူချိန်ထက် ၁.၄၃ ဒီဂရီ ဆဲလ်ဆီးယပ်ခန့် ပိုမိုပူပြင်းလာကြောင်း ၂၀၂၅ ခုနှစ်၏ ကမ္ဘာ့ရာသီဥတုအခြေအနေပြ အစီရင်ခံစာအရ သိရှိရပါသည်။ ရာသီဥတုဆိုင်ရာလက်ရှိမူဝါဒများနှင့် ကတိကဝတ်များကို ကမ္ဘာ့နိုင်ငံများအားလုံးက အကောင်အထည်မဖော်နိုင်ခဲ့လျှင် ဤရာစုနှစ်အကုန်တွင် ကမ္ဘာ့ အပူချိန်သည် စက်မှုဖွံ့ဖြိုးရေး ကာလမတိုင်မီ အပူချိန်ထက် ၂.၈ ဒီဂရီဆဲလ်ဆီးယပ်ခန့် ပိုမို ပူပြင်းလာနိုင်ကြောင်း ၂၀၂၅ ခုနှစ်၏ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကွာဟချက် အစီရင်ခံ စာတွင် ခန့်မှန်းဖော်ပြထားကြပါသည်။

 

ရာသီဥတုပြောင်းလဲစေသည့် မှန်လုံအိမ်ဓာတ်ငွေ့များ

 

          လူသားများသည်ရာသီဥတုပြောင်းလဲမှုဖြစ်စေသောမှန်လုံအိမ်ဓာတ်ငွေ့ကို လေထုတွင် ရှိသင့်သည့်ပမာဏထက် ပိုမိုထုတ်လွှတ်စေသည့် အဓိကတာဝန်ရှိသူများဖြစ်ကြပြီး ၎င်း အကျိုးဆက်က ရာသီဥတုကို ဖောက်ပြန်ပြောင်းလဲစေပါသည်။ စက်မှုနှင့်ပို့ဆောင်ရေး လုပ်ငန်းများ တွင် ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်း၊ သစ်တောပြုန်းတီးခြင်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ခြင်း၊ မြို့ပြချဲ့ထွင်လာမှုနှင့်အတူ အဆောက်အဦများ တည်ဆောက်ခြင်း၊ ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းစွန့်ပစ်မှုများပြားလာခြင်းသည် မှန်လုံအိမ် ဓာတ်ငွေ့များကို လေထုထဲသို့ ရောက်ရှိစေသော အကြောင်းအရင်းများပင် ဖြစ်ပါ သည်။ မှန်လုံအိမ်ဓာတ်ငွေ့များ လေထုထဲတွင် ရှိသင့်သော ပမာဏထက် ကျော်လွန် ရောက်ရှိခြင်းက ကမ္ဘာကြီးပူနွေးမှုကို ပိုမိုတိုးမြင့်စေပါသည်။

 

          ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်ညီမျှသော မှန်လုံအိမ်ဓါတ်ငွေ့ပမာဏ (CO2e) ၅၉ ဘီဘီယံ တန်ကို လေထုထဲသို့ နှစ်စဉ်ထုတ်လွှတ်ခဲ့ကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IPCC) ၏ လေ့လာမှုအရ သိရှိရပါသည်။ UNFCCC ၏ ဒုတိယနောက် ဆက်တွဲစာချုပ်ဖြစ်သည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီသဘော တူညီချက်၏ ရည်မှန်းချက် ဖြစ်သော ကမ္ဘာ့ပျမ်းမျှအပူချိန်တိုးမှုကို စက်မှုခေတ်မတိုင်မီ ပျမ်းမျှ အပူချိန်အထက် ၁.၅ ဒီဂရီ ဆဲလ်ဆီးယပ်တွင် ထိန်းထားနိုင်ရန်မှာ ၂၀၁၉ ခုနှစ်ရှိ ပမာဏနှင့် နှိုင်းယှဉ်လျှင် ကမ္ဘာ့မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၄၂ ရာခိုင်နှုန်းကို လျှော့ချရန် လိုအပ်နေပါသည်။ ၎င်းအချက်အလက်များက ကမ္ဘာ့မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးကို နိုင်ငံများအားလုံး တတ်နိုင်စွမ်းဖြင့် ပူးပေါင်းလျှော့ချရန် လိုအပ်ကြောင်း ဖော်ညွှန်းနေပါသည်။

 

မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု

 

          မြန်မာနိုင်ငံ၏ တည်ရှိရာပထဝီအနေအထားများကြောင့် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများကို နှစ်စဉ်ရင်ဆိုင်ရလျက်ရှိပြီး အသက်အိုးအိမ်၊ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ဆုံးရှုံးနေရပါသည်။ ၂၀၂၆ ခုနှစ်၏ ရာသီဥတုဘေးဖြစ်နိုင်ခြေ ညွှန်းကိန်း အရ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှု အများဆုံး ခံစားနေရသော ကမ္ဘာ့ (၁၀) နိုင်ငံတွင် ပါဝင်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

အရှေ့တောင်အာရှဒေသ၏ အနောက်တောင်မုတ်သုံ လေတိုက်ခတ်ရာ ဗဟိုချက်တွင် တည်ရှိခြင်း၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့နှင့်ထိစပ်ပြီး ရှည်လျားသော ကမ်ရိုးတန်း ဒေသများရှိခြင်းနှင့် မတ်စောက်ပြီး မြေပြိုကျနိုင်သော တောင်ပေါ်ဒေသများ တည်ရှိခြင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်း ကျရောက်ခြင်း၊ ရေကြီးရေလျှံ ခြင်းနှင့် မြေပြိုရေတိုက်စားခြင်းတို့ကို ကြုံတွေ့ခံစားရလျက် ရှိပြီး အလယ်ပိုင်းရှိ အပူပိုင်း ဒေသများတွင် မိုးခေါင်ရေရှားခြင်းကို ရင်ဆိုင်နေကြရပါသည်။

 

          မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် ကျေးလက်ဒေသတွင်နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းတို့ကို မှီခိုလုပ်ကိုင်ကြရာ ၎င်းလုပ်ငန်းများသည် ရာသီဥတုအပေါ် မူတည်ပါသည်။ ယနေ့အခါတွင် အချိန်တိုအတွင်း လိုအပ်သည်ထက် မိုးရွာချိန်ပမာဏ ရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်းနှင့် အလယ်ပိုင်းဒေသများတွင် ရေရှားပါးလာမှုများက နိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေပါသည်။ သမိုင်းတွင် အဆိုးဝါးဆုံးကြုံတွေ့ခဲ့ရသော နာဂစ် ဆိုင်ကလုန်းကဲ့သို့ မုန်တိုင်းများ ကျရောက်မှုကြောင့် အသက်အိုးအိမ်များ၊ ပိုင်ဆိုင်မှုများ၊ လမ်းတံတားျားနှင့် အခြေခံ အဆောက်အအုံများကို ထိခိုက်စေပြီး နိုင်ငံ၏ လူသား အရင်းအမြစ်များနှင့် ဘဏ္ဍာငွေများကို ကြီးမားစွာ ဆုံးရှုံးစေခဲ့ပါသည်။

 

ကဏ္ဍအလိုက်ဆိုးကျိုးသက်ရောက်မှုများ

 

          ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များသည် စီးပွား‌ရေး၊ လူမှုရေးနှင့် ဂေဟစနစ် ဆိုင်ရာ ကဏ္ဍပေါင်းစုံကို ဆိုးကျိုးသက်ရောက်စေပါသည်။ စိုက်ပျိုး‌ရေးကဏ္ဍတွင် အပူချိန် မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် သီးနှံထွက်နှုန်း ကျဆင်း စေပါသည်။ စွမ်းအင်ကဏ္ဍတွင် မိုးခေါင်ခြင်းကြောင့် ဆည်များ၌ ရေပမာဏ လျော့နည်းလာပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှု ကျဆင်းခြင်း၊ သဘာဝ‌ဘေး အန္တရာယ်များကြောင့် လျှပ်စစ်ဓာတ်အား စနစ်ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ကျန်းမာရေးကဏ္ဍတွင် အပူလှိုင်းနှင့် ရေကြီးရေလျှံမှု များကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရမှု များ ဖြစ်ပေါ်စေပါသည်။

 

ပို့ဆောင်ရေးကဏ္ဍတွင် သဘာဝ‌ဘေးအန္တရာယ်ကျရောက်မှုကြောင့် လမ်း၊ တံတားများ ပျက်စီးပြီး ပို့ဆောင်‌ရေးနှောင့်နှေးစေနိုင်ပါသည်။ အပူချိန်မြင့်တက်မှုကို ဖြေရှင်းရန် အပူဒဏ် သက်သာစေမည့် အအေးပေးပစ္စည်းများအသုံးပြုခြင်းက လျှပ်စစ်ဓာတ်အားကို ပိုမိုလိုအပ် လာပြီး အသုံးစရိတ် ပိုမိုကုန်ကျလာစေပါသည်။ ကမ္ဘာကြီးပူနွေးခြင်းက သားငှက် တိရစ္ဆာန်များ နေရင်းဒေသ ပျောက်ဆုံးလာခြင်း၊ တောမီးလောင်ကျွမ်းစေခြင်းနှင့် ဇီဝမျိုးစုံ မျိုးကွဲဆုံးရှုံးမှုများကို ဖြစ်ပေါ်စေ ပါသည်။

 

တုံ့ပြန်ဖြေရှင်းခြင်း

 

          ရာသီဥတုပြောင်းလဲမှုကို အဓိကနည်းလမ်းနှစ်သွယ်ဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ပါသည်။ ၎င်းတို့မှာ ကမ္ဘာ့ကြီးပူနွေးစေသော မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချသည့်နည်းလမ်း များ ဆောင်ရွက်ခြင်း (Mitigation) နှင့် ပြောင်းလဲမှုလာသည့်ရာသီဥတုနှင့် လိုက်လျော ညီထွေစွာ နေထိုင်ရှင်သန်ခြင်း (Adaptation) တို့ ဖြစ်ပါသည်။

 

ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းတွင် လေထုထဲသို့ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချခြင်း၊ ထုတ်လွှတ်မှု မရှိစေရန်ကာကွယ်ခြင်းနှင့် မှန်လုံအိမ်ဓာတ်ငွေ့များ ဖယ်ရှားခြင်း (သို့မဟုတ်) စုပ်ယူစေခြင်း လုပ်ငန်းများဖြစ်သော ရုပ်ကြွင်းလောင်စာ အသုံးပြုခြင်းမှ ပြန်ပြည့်မြဲ စွမ်းအင် အသုံးပြုခြင်း၊ စွမ်းအင်အသုံးပြုမှုနည်းသော နည်းပညာ များအသုံးပြုခြင်း၊ သစ်တောပြုန်းတီးမှုလျှော့ချတားမြစ်ခြင်း၊ သစ်တောပြန်လည် စိုက်ပျိုးခြင်း၊ မီသိန်း ထုတ်လွှတ်မှု‌ လျော့နည်းသော စိုက်ပျိုးရေးနှင့်‌ မွေးမြူရေးနည်းစနစ်များ ကျင့်သုံးခြင်းနှင့် ကာဗွန်ဖမ်းယူ သိမ်းဆည်းသည့်စနစ် အသုံးပြုခြင်းတို့ ပါဝင်ပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့်လိုက်‌လျောညီထွေနေထိုင်ခြင်းတွင် ရေအရင်းအမြစ် စီမံခန့်ခွဲ ခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်သဟဇာတဖြစ်သော စိုက်ပျိုးရေးနည်းစနစ်များ ကျင့်သုံးခြင်း၊ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်သတိပေးစနစ်များ တပ်ဆင် ခြင်း၊ ကျန်းမာရေးစနစ်၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် ရာသီဥတုဒဏ်ခံ အခြေခံ အဆောက်အဦများ ဆောက်လုပ်တပ်ဆင်ခြင်းတို့ ပါဝင်ပါသည်။

 

မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ

 

          မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှုလျှော့ချ နိုင်ရန်  မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်လိုက်လျော ညီထွေရှိစေရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions – NDCs) တွင် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချမည့် အစီအစဉ်များကို ဖော်ပြထားရှိပါသည်။ မြန်မာနိုင်ငံသည် မိမိနိုင်ငံ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်တန် ၂၄၄.၅၂ သန်းကို လျှော့ချသွားရန်နှင့် နိုင်ငံတကာမှ ရန်ပုံငွေနှင့် နည်းပညာ အထောက်အပံ့များ ရရှိပါက ကာဗွန်ဒိုင်အောက်ဆိုဒ်တန် ၄၁၄.၇၅ သန်းကို လျှော့ချသွားရန် ရည်မှန်းထားရှိပါသည်။

သို့အတွက် နိုင်ငံတော်အစိုးရသည် ပြန်ပြည့်မြဲစွမ်းအင်များ ရရှိရေး တိုးမြှင့်ဆောင်ရွက် ခြင်း၊ သစ်တောပြုန်းတီးမှုလျှော့ချခြင်း၊ သစ်တောပြန်လည်စိုက်ပျိုးခြင်း၊ ကြိုးဝိုင်းတော၊ ကြိုပြင်ကာကွယ် တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်း၊ စွမ်းအား မြှင့်မီးဖို ဖြန့်ဝေခြင်း၊ ပြန်ပြည့်မြဲ စွမ်းအင်ဖြင့် ကျေးလက်မီးလင်းရေး ဆောင်ရွက်ခြင်းနှင့် စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးချခြင်းတို့ကို မိမိနိုင်ငံ၏ စွမ်းဆောင်ရည်နှင့် အသုံးစရိတ် တို့ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။

 

          နိုင်ငံသူ/သားများ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်နိုင်ရန် စိုက်ပျိုးရေး ကဏ္ဍတွင် ရာသီဥတုနှင့်  သဟဇာတဖြစ်သော စိုက်ပျိုးရေးစီမံကိန်းများ၊ ဆည်ရေ ဖြန့်ဖြူးခြင်းနှင့် ရေလှောင်တမံ ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခြင်း၊ သဘာဝဘေး အန္တရာယ် ထိခိုက်မှုလျှော့ ချရေးအတွက် မိုးလေဝသကြိုတင်သတိပေးစနစ်များ ထုတ်ပြန် ခြင်း၊ မိုးလေဝသ အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်း များ ကြိုတင်စုဆောင်း ဖြန့်ဝေထားခြင်း၊ သစ်တောကဏ္ဍတွင် သစ်တောသယံဇာတ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 

နိုင်ငံတကာ၊ ဒေသတွင်းနှင့် နိုင်ငံတော်၏ မူဝါဒများ

 

          ရာသီဥတုပြောင်းလဲမှုသည် သက်ရှိအားလုံးနှင့်ပတ်သက်သော ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ရာ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်တိုက်ဖျက်နိုင်ရန် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change – UNFCCC) ကို ၁၉၉၂ ခုနှစ်မှာ ချမှတ်နိုင်ခဲ့ပြီး ၎င်း၏ နောက်ဆက်တွဲ စာချုပ်များအဖြစ် ကျိုတိုနောက်ဆက်တွဲစာချုပ်နှင့် ပါရီသဘောတူညီချက် တို့တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။

 

          မြန်မာနိုင်ငံတော်အစိုးရသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ လုပ်ငန်းများကို တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဝါဒ (၂၀၁၉)၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၃၀) နှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) တို့ကို အကောင်အထည် ဖော်ရမည့် ဦးစားပေးကဏ္ဍများနှင့် ဦးဆောင်ရမည့် ဌာနအဖွဲ့အစည်းများ ပါဝင်လျက် ထုတ်ပြန်ထား ပါသည်။

 

ထို့အပြင် နိုင်ငံ‌တကာသဘောတူညီချက်များနှင့်အညီ မြန်မာနိုင်ငံနှင့် သင့်လျော်မည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် (Intended Nationally Determined Contributions– INDC) အစီရင်ခံစာကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား အဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး နှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions – NDCs) အစီရင်ခံစာကို ၂၀၂၁ ခုနှစ်တွင် လည်းကောင်း UNFCCC သို့ တင်ပြထားပြီး ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကိစ္စရပ်များကို မိမိနိုင်ငံ၏ စွမ်းအားဖြင့် ကမ္ဘာ့နိုင်ငံများနှင့်အတူ လက်တွဲ၍ အကောင်အထည်ဖော်လျက်ရှိပါသည်။

 

ကဏ္ဍအားလုံးပူးပေါင်းဆောင်ရွက်ရန်ကိစ္စ

 

ရာသီဥတုပြောင်းလဲမှုပြဿနာသည် တစ်ဦးတစ်ယောက်နှင့်သာသက်ဆိုင်သည့် ပြဿနာ မဟုတ်ဘဲ အများနှင့်သက်ဆိုင်သည့် ပြဿနာကြီးတစ်ရပ်ဖြစ်ရာ ကဏ္ဍအားလုံးက ဆက်စပ် ပတ်သက်သူများအားလုံး ပူးပေါင်းပါဝင်၍ လက်တွဲဆောင်ရွက်ကြရန် အထူးလိုအပ် ပါသည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံနှင့်ကိုက်ညီသောမူဝါဒများ၊ ရှေ့ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်၍ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်း များကို ဦးဆောင်၍ အကောင်အထည်ဖော်နိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ ဆောင်ရွက် လျက်ရှိပါသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဌာန/အဖွဲ့အစည်း တစ်ခုကသာ အဓိကဆောင်ရွက်နေခြင်း မဟုတ်ဘဲ ဆက်စပ်ဌာနများက မိမိလုပ်ငန်းများတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ် များကို ထည့်သွင်းပေါင်းစပ်၍ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ နိုင်ငံတော်ရှိ အစိုးရ ဌာန/အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့များ၊ အရပ်ဘက် အဖွဲ့များ၊ ပညာရေးအဖွဲ့များ၊ သုတေသီများ၊ နည်းပညာရှင်များ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူများ စသည့် ဆက်စပ်ပတ်သက်သူများ အားလုံးက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မိမိသက်ဆိုင်သည့် နယ်ပယ်နှင့် လုပ်ငန်းများကို အကောင်အထည်ဖော်ကြရမည် ဖြစ်ပါသည်။

 

ကဏ္ဍအလိုက်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံကရည်မှန်းထားသော ရာသီဥတု ဆိုင်ရာ ဦးတည်ချက်များကို ပြည့်မီစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခါအားလျော်စွာ ချမှတ်ထုတ်ပြန်ထားသော ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ၊ အမိန့်ကြော်ငြာစာ များနှင့် စည်းမျဉ်းစည်းကမ်းများကို အထူးလိုက်နာ ဆောင်ရွက်ရန် လည်း အရေးကြီးပါသည်။

 

နိဂုံး

နိုင်ငံတော်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၏ အရေးပါမှုကို အသိအမှတ် ပြုပြီး  “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသော ဆောင်ပုဒ်ကို သတ်မှတ်ထားရှိရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍများတွင် တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ လုပ်ငန်းများ၊ အပြုအမှုများနှင့် အလေ့အကျင့်များသည် လူသားများရှင်သန်နိုင်သည့် ရာသီဥတုကို ပေးစွမ်းရုံသာမက သန့်ရှင်းသော ရေထု၊ လေထု၊ မြေထုနှင့် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကို ထိန်းသိမ်းပေးသဖြင့် ရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော လူမှုအသိုက် အဝန်းကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ပ်တို့ အားလုံးသည် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်နှင့်ရာသီဥတုစနစ်ကို ဆိုးကျိုးသက်ရောက်စေသည့်လုပ်ငန်းများ၊ အမူအကျင့်များကို ရှောင်ကြဉ်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာနှင့် နည်းပညာ ဖြန့်ဝေခြင်း၊ သုတေသနှင့်တီထွင်ဆန်းသစ်မှု များအားပေးခြင်းဖြင့် “ရာသီဥတု ပြောင်းလဲမှုတိုက် ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။